Sunday, May 18, 2008

နှလုံးသားပျောက်ဆုံးသူ

စီးကျစရာ မျက်ရည်တွေ မရှိတော့လောက်အောင် ငိုကြွေးထားမိတော့ မျက်ရည်ခန်းခြောက်လု ဖြစ်နေတဲ့ ရီဝေေ၀ မျက်ဝန်းတစ်စုံနဲ့ မမှိတ်မသုန် စိုက်ကြည့်နေတဲ့ နေရာက စာရေးစားပွဲပေါ်မှာ တင်ထားတဲ့ သက်မဲ့ငြိမ်သက်နေတဲ့ ပန်းနုရောင် ဖိတ်စာလေးဆီကိုပေါ့။ အဲဒီ စာအိတ်လေးပေါ်မှာတော့ တသက်တာ မမေ့နိုင်အောင် စွဲလမ်းခဲ့ရဘူးတဲ့ ၀ိုင်းစက်စက် လက်ရေးတစ်ခုနဲ့ လှပသေသပ်စွာ ရေးထားတာက "ကိုမိုးမြင့် အတွက်" တဲ့။
တုန်ရီနေတဲ့ လက်အစုံက မခိုင်းစေရပါဘဲနဲ့ စာအိတ်ပေါ်အလိုလို ရောက်သွားမိတယ်။ "အို ငါဒီဖိတ်စာကို ဖတ်လို့ကော ဒီ့ထက်ပို ခံစားရတာဘဲ ရှိမှာဘဲ" စိတ်ထဲကတွေးလိုက်မိပြီး ဖိတ်စာကို အသာပြန်ချထားလိုက် ပြီးပင်ပန်းနွမ်နယ် နေပြီဖြစ်တဲ့ မျက်လုံးအစုံ ကိုအနားပေးဘို့ အတွက် မျက်စိမှိတ်ပြီး ကုတင်ပေါ်လှဲချလိုက်မိတယ်။ ရင်ထဲမှာတော့ ခြစားနေတဲ့ နှလုံးသားတစ်စုံ တစ်ဖြည်းဖြည်းပဲ့အကြွေမှာ တစ်စစ်စစ်နာနေလေရဲ့။
ရုတ်တရက် မနက်က ဖိတ်စာလာပေးရင်း ပြောသွားခဲ့တဲ့ သက်ကေခိုင်ရဲ့ စကားတွေ ပြန်ကြားရောင်လာတယ်။ 'ငါစိတ်မကောင်းဘူး မိုးမြင့် သူ့စိတ်ကို ငါအသိဆုံးပါ။ သူနင့်အပေါ်မှာ ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိတယ်။ အခု သူလက်ထပ်ရတာလည်း သူ့အမေရဲ့ နောက်ဆုံး အချိန်မှာ သူ့အမေဖြစ်စေချင်တဲ့ ဆန္ဒကို သူ့နှလုံးသားနဲ့ ရင်းပြီး ဖြည့်ဆည်းပေးလိုက်တာပါဟာ " " ဒါကြောင့်မို့ နင်ခိုးပြေးဘို့ ပြောတာကို လက်မခံတာပေါ့ " " ဒါပေမယ့် ငါသေချာ ပြောရဲတာက သူနင့်ကို သိပ်ချစ်တယ်ဆိုတာဘဲ" " ငါက နှစ်ဘက်စလုံးက အခြေအနေတွေကို သိနေတဲ့လူဆိုတော့ နင့်ကိုလည်းသနားတယ် သူ့ကိုလည်းငါစာနာမိတယ် မိုးမြင့်"
ပါးပြင်နှစ်ဘက်မှာ နွေးကနဲ ဖြစ်သွားချိန်သိလိုက်တာက ခြောက်ခန်းလုပြီလို့ ထင်ထားတဲ့ မျက်ရည်တွေ သူ့အကြောင်းတွေးမိတဲ့ အချိန်မှာ ထပ်မံစီးကျလာပြန်ပြီ ဆိုတာကိုပေါ့။ " သြော် တွယ်တာရယ် ငါ့ရင်တွေကွဲပြီး ငါ့အသည်းတွေ တစ်စစီကြွေကုန်ပါပြီကွာ" "သက်ကေခိုင်ပြောသွားတဲ့ စကားတွေထဲက နောက်ဆုံးစကား တစ်ခွန်းကို သူအထပ်ထပ် ကြားယောင်နေမိတယ်" " ဒီမင်္ဂလာပွဲကို သူနင့်ကို သိပ်လာစေချင်တယ် မိုးမြင့်။ နင့်ကို နောက်ဆုံးနေနဲ့ သူတွေ့ချင် မြင်ချင်တယ်တဲ့" " ငါဘာလုပ်ရမလဲ ငါ့ချစ်သူရဲ့ နောက်ဆုံးတောင်းတမှုကို ငါလိုက်လျောရမလား" " မိုးမြင့် မင်းချစ်သူ သူတစ်ပါးရင်ခွင်ထဲ ရောက်သွားအောင် ကင်ပွန်းတတ်တဲ့ အဲဒီလက်ထပ်ပွဲ ကိုသွားဖို့ မင်းမှာ ခွန်အားရှိရဲ့လား " ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ " အို ဘာပဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲ သွားလို့ ငါ့ရင်တွေကွဲအက် ရင်ကွဲနာကျလို့ ငါ့အသက် အဲဒီနေရာမှာတင် ဖုတ်ကနဲ ကြွေသွားပါစေ ငါသိပ်ချစ်ရတဲ့ သူ့ရဲ့နောက်ဆုံး တောင်းဆိုမှုကို ငါ့ရင်အကွဲခံပြီး ငါဖြည့်ဆည်းပေးမယ်" ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပြီးတာနဲ့ စားပွဲပေါ်က ဖိတ်စာကို ယူဖတ်လိုက်တယ်။
ပန်းရောင်စာအိတ် လေးထဲကဆွဲထုတ်ကြည့်လိုက်တော့ ဇာမဏီငှက်နှစ်ကောင် ပျံနေတဲ့ ပုံနံဘေးမှာ ဖောင်းကြွရွှေရောင်စာလုံးနဲ့ ရေးထားတာက " ဒေါက်တာရဲရင့် နှင့် မတွယ်တာမြင့်မြတ် တို့၏ မင်္ဂလာ ဧည့်ခံပွဲ " ရင်ထဲမှာ ဆစ်ခနဲ နာကျင်သွားတယ်။ " အို ဒီလောက်တော့ ခံနိုင်ရည်ရှိ ရမယ်လေ " ကိုယ့်ကိုကိုယ် အားပြန်ပေးမိတယ်။ မင်္ဂလာအချိန်နဲ့ နေရာကို တစ်ချက်ကြည့်လိုက်တယ် ညနေ၄:၃၀ Sedona Hotel ။ " မိုးမြင့်မင်းခံနိုင်ရည်ရှိရမယ်။

......................................................................................................................................................

ခန်းမထဲဝင်လိုက်တာနဲ့ ကျွန်တော့်ကို စာနာသနားစွာနဲ့ စိုက်ကြည့်နေတဲ့ သက်ကေခိုင်နဲ့ အံ့သြနေတဲ့မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေတဲ့ တွယ်တာ့ဖေဖေ ဦးအောင်မြင့်ထွန်း တို့ရဲ့ မျက်ဝန်း တွေနဲ့ အကြည့်ချင်းဆုံသွားတယ်။ " မောင်မိုးမြင့် မင်းလာတယ်နော် သမီးလေးသိရင်တော့ သိပ်ဝမ်းသာမှာဘဲ " " မင်းတို့နှစ်ယောက်အတွက် ဦးစိတ်မကောင်းပါဘူးကွာ ခက်တာကသူ့အမေ သူ့ရောဂါအကြောင်း မင်းလည်းသိပါတယ်ကွာ" " ဟုတ်ကဲ့ ဦးကျွန်တော်အထဲ ၀င်တော့မယ် " ဦးအောင်မြင့်ထွန်း ပြောမယ့်စကားတွေကို ဆက်မကြားလိုတော့တာနဲ့ စကားဖြတ်ပြီးအထဲကို ၀င်ခဲ့လိုက်တယ်" ရိုင်းသလိုဖြစ်သွားရင် ခွှင့်လွှတ်ပါဦးရယ် ကျွန်တော့်ရင်တွေ နာကျင်လွန်းလို့ပါ။
" မိုးမြင့် လာလာ နင်ထိုင်ဘို့ နေရာသီးသန့်လုပ်ထားတယ် " ငါထိုင်ဘို့ နေရာသီးသန့်တဲ့လား ဒါဆို ငါလာမယ်ဆိုတာ တွယ်တာကြိုသိနေတာပေါ့။ " ကေခိုင် ငါလာမယ်ဆိုတာ တွယ်တာသိနေတယ် ဟုတ်လား " " သူကတော့ သူ့တောင်းဆိုချက်ကို နင်ငြင်းမှာ မဟုတ်ဘူးတဲ့ ဘာလို့လည်းဆိုတော့ နင့်ကိုသူသိပ်ချစ်သလို နင်ကလည်း သူ့ကို သိပ်ချစ်လို့တဲ့ " " သြော် တွယ်တာရယ် "
ကျွန်တော့်ဘို့သီးသန့်ချန်ထားတဲ့ နေရာလေးရောက်တော့ ၀င်ထိုင်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ကျွန်တော့် စားပွဲက စင်မြင့်နဲ့ ကပ်လျက် သတို့သမီးထိုင်မယ့် ဘက်ကထိပ်ဆုံးစားပွဲ။ ကျွန်တော့်နဲ့ မျက်နှာချင်းဆိုင် ရှေ့နှစ်ဝိုင်းကျော်မှာတော့ Wheel Chair ပေါ်မှာ ထိုင်နေတဲ့ တွယ်တာ့မေမေ ရောဂါသည် ဒေါ်စံပယ်မြင့်မြတ်။ သူကတော့ ကျွန်တော့်ကို မြင်ဟန်မတူပါဘူး။ " မြင်လည်း ဒီမင်္ဂလာခန်းမထဲမှာ အရှက်အကွဲခံပြီး သူဆွဲထုတ်ခိုင်းမှာ မဟုတ်ဘူးလေ။
တွေးတောနေစဉ်မှာဘဲ အခါတော်ပေးတီးလုံးသံက ထွက်ပေါ်လာတယ်။ " သူ သူ လာတော့မှာပါလား " " တီးလုံးသံနဲ့ မရှေးမနှောင်းမှာဘဲ သူတို့စုံတွဲ ထွက်လာပြီလေ။ ဂါဝန် အဖြူရောင်ဝမ်းဆက်နဲ့ လှပကျော့ရှင်းတဲ့ သူ့မျက်နှာလေးက နတ်သမီးလေးများလားထင်ရတယ်။ ဒါပေမယ့် အရင်တုန်းက အမြဲတမ်းတက်ကြွလန်းဆန်းနေတတ်တဲ့ သူ့မျက်နှာလေး အမြဲလိုလို ပြုံးနေတတ်တဲ့ ပြုံးအလှပိုင်ရှင်လေး အခုတော့ ငြိုးရော်နေပါလား။ ဟန်လုပ်ပြီးပြုံးနေပေမယ့် ဒီအပြုံးရဲ့ နောက်မှာ ကြေကွဲမှုတွေ တွဲလျက်ပါလာတာကို ကျွန်တော်ခံစားလို့ ရနေတယ်လေ။ ဘယ်လိုဘဲဖြစ်ဖြစ် " မင်းကို နောက်ဆုံးမြင်တွေ့ခွင့်ရတဲ့ ဒီနေ့လေးမှာ မင်းဟာ အစွမ်းကုန်လှနေပါတယ် တွယ်တာ " ဒီလို နဲ့စင်မြင့်နားနီးလာတော့ သူကျွန်တော်ရှိတဲ့ စားပွဲဆီကို မျှော်လင့်တကြီးလှမ်းကြည့်တယ်။ ရုတ်တရက် သူ့မျက်လုံး တွေအရောင်လက်သွားတာ ကျွန်တော် မြင်လိုက်တယ်။ သူကျွန်တော့်ကို မြင်သွားပြီလေ။ ဒီအချိန်မှာ သူ့မျက်နှာပေါ်မှာ ၀မ်းသာလွန်းလို့ ဖြစ်ပေါ်လာတဲ့ တောက်ပတဲ့ အပြုံးတစ်ခု ဖျတ်ကနဲပေါ်လာတာ ကျွန်တော်တွေ့လိုက်တယ်။ " သြော် တွယ်တာရယ် " ဒီအပြုံးက ကျွန်တော့် တသက်တာ မေ့မရနိုင်တဲ့ အပြုံးလေးပါဘဲ။
စင်မြင့်ပေါ်ရောက်ပြီးထိုင်ပြီးတာနဲ့ သူကျွန်တော့် ဘက်ကို စိုက်ကြည့်နေတယ်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေဝဲနေပါလား။ မင်္ဂလာသြဘာဖတ်ကြားပြီးတဲ့ အချိန်မှာတော့ အကျွေးအမွေးစပြီပေါ့ ။ ဒီအချိန်မှာ သက်ကေခိုင် အနားကို ရောက်လာတယ်။ "မိုးမြင့် ဒါနင့်အတွက်" သူလာပေးတဲ့ဟာကို ကြည့်လိုက်မိတာနဲ့ ကျွန်တော်အရမ်းအံသြသွားခဲ့တယ်။ ဒါ ဒါ ငါသောက်နေကျခွက်လေးပါလား။ သူနဲ့ ကျွန်တော်ချစ်သူ ဘ၀မှာ သူကျွန်တော့်ကို အမြဲဖျော်တိုက်ခဲ့တဲ့ ကော်ဖီခွက်လေးလေ" " ရော့ ဒါနင့်အတွက် စာ " " သူနင်လာခဲ့ရင်သောက်ဘို့ ဆိုပြီး သူကိုယ်တိုင် မင်္ဂလာဝတ်စုံ မလဲခင် ဖျော်ပြီး ငါ့ကို ပေးခဲ့တာ " မေသက်ခိုင်ပေးတဲ့ ကော်ဖီခွက်လေးနဲ့ စာလေးကို ကျွန်တော်လှမ်းယူလိုက်တယ်။ တုန်နေတဲ့ လက်အစုံက စာကို ဖွင့်ဖတ်လိုက်မိတယ်။ "ကို့ အတွက် တွယ်တာကိုယ်တိုင် နောက်ဆုံး အနေနဲ့ ဖျော်ပေးလိုက်တယ်ကို " ကျွန်တော့် ခေါင်းထဲ မိုက်ကနဲဖြစ်သွားတယ်။ တင်းထားတဲ့ ရင်အစုံ ပွင့်ထွက်လို့ ကြွေကုန်ပြီ ထင်တယ် တွယ်တာရယ်။ မျက်ဝန်းအိမ်မှာ နှလုံးသားက လျှံထွက်လာတဲ့ နှလုံးသွေးစက်တွေ မျက်ရည်အဖြစ်နဲ့ အသွင်ပြောင်းပြီး စီးဆင်းလာကြပြန်ပြီလေ။ " မိုးမြင့် သတိထားအုံးလေ ခန်းမထဲမှာ " " တွယ်တာ စိတ်မကောင်းဖြစ်နေလိမ့်မယ် " သက်ကေခိုင် သတိပေးစကားကြောင့် ကျွန်တော် စိတ်ကို ပြန်တင်းလိုက်တယ်။ ကျွန်တော်မျက်ရည်ကျတာကို တွယ်တာ့ကို မမြင်စေချင်ဘူးလေ။
ကော်ဖီခွက်လေးကို တယုတယကိုင်လို့ ကျွန်တော်သောက်လိုက်မိတယ်။ ချစ်သူက ကျွန်တော့် အကြိုက်ကို သိပြီးသားလေ။ ကော်ဖီဟာ အပိုအလိုမရှိ ကျွန်တော့် အကြိုက်နဲ့ ကွက်တိပါဘဲ။ သူ့ကို ကျွန်တော်လှမ်းကြည့်မိလိုက်တယ်။ သူကျွန်တော့်ကို တစ်ခုခုမေးချင်တဲ့ ပုံစံမျိုးနဲ့ လှမ်းကြည့်နေတယ်။ ကျွန်တော်သိလိုက်တယ်။ အရင်ဆို သူကော်ဖီဖျော်ပေးပြီးတိုင်း "ဘယ်လိုနေလဲကို သောက်လို့ကောင်းရဲ့လား" " တွယ်တာဖျော်တာ ကြိုက်ရဲ့လား " လို့မေးနေကြလေ။ အခုလည်းသူ ကျွန်တော့်ကို မေးချင်နေတယ်။ ကျွန်တော်သူ့ကိုကြည့်ပြီး လက်မထောင်ပြလိုက်တယ်။ သူ့မျက်နှာ ဖျော့ဖျော့လေး ပြူံးသွားတယ်။ ပြီးတော့ သူ့မျက်ဝန်းအိမ်ကနေ မျက်ရည်တွေစီးကျလာတာကို လူတွေမမြင်အောင်အသာလေး သုတ်လိုက်တာကို မြင်လိုက်တယ်။ ပြီးတော့မှ အငိုစွက်နေတဲ့ မျက်လုံး တွေနဲ့ ကျွန်တော့်ကိုပြုံးပြတယ်။ ကျွန်တော်မသိမသာ ခေါင်းညိတ်ပြလိုက်မိတယ်။
မင်္ဂလာပွဲပြီးလို့ ပြန်ကြတဲ့ အချိန်မှာတော့ သူတို့အ၀မှာ ဧည့်သည်တွေကို နှုတ်ဆက်နေကြတယ်။ ကျွန်တော်သူ့နားကို ရောက်သွားချိန်မှာ သူကျွန်တော့်ကို ဆွေးဆွေးမြည့်မြည့် ကြည့်နေတယ်လေ။ ပြီးတော့ လက်ဆွဲနှုတ်ဆက်ရင်း ကျွန်တော့်လက်ထဲကို စာလေးတစ်စောင်မသိမသာ ထည့်ပေးလိုက်တယ်။ ကျွန်တော်လည်း နောက်ဆုံးအနေနဲ့ သူ့ကို ခဏစိုက်ကြည့်နေမိတယ်။ သူ ကော ကျွန်တော့်မျက်ဝန်းမှာပါ မျက်ရည်တွေဝဲလို့ပေါ့။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောဖြစ်တော့ဘူး။ ပြောစရာမလိုအောင်လည်း တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်မျက်ဝန်းမှာ မြင်နေရတယ်လေ။ " တွယ်တာရေ မင်းကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ်"
အပြန်လမ်းမှာ တွယ်တာပေးလိုက်တဲ့စာလေးကို ကျွန်တော်ဖွင့်ဖတ်လိုက်တယ်။ " ကို ကိုတွယ်တာ့ကို ဘယ်လောက်ချစ်တယ် မြတ်နိုးတယ်ဆိုတာ တွယ်တာ သိပါတယ် တွယ်တာ့မင်္ဂလာ ပွဲကိုလာဘို့ ကို့နှလုံးသား ဘယ်လောက်နာကြင်စွာ စတေးခဲ့ရတယ် ဆိုတာတွယ်တာသိပါတယ်။ တွယ်တာလည်းကိုနဲ့ ထပ်တူထပ်မျှ ခံစားရပါတယ်ကို။ ကို့ ကို တွယ်တာပြောချင်တာက ကို့ဘ၀ကို တွယ်တာ့ကြောင့် မနစ်မွန်းပါစေနဲ့ကို။ ကို့ဘ၀ ကိုမြင့်သထက်မြင့်အောင်ကြိုးစားပါနော်ကို။ ကို့ကို တွယ်တာစိတ်ချ ပါရစေနော်ကို။ ကို့ ကို တွယ်တာ ရင်နင့်အောင့် မြတ်နိုးစွာချစ်ပါတယ်ကို။ ကို အောင်မြင်အောင်ကြိုးစားနိုင်ပါစေ.......တွယ်တာ " တွယ်တာရယ် ကို့ရင်ထဲကို ၀င်ကြည့်လှည့်ပါအုံးကွာ။
မင်္ဂလာပွဲက အပြန်မှာ ကျွန်တော်သတိထားမိလိုက်တာကတော့ ကျွန်တော့် ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတာပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့် နှလုံးသားပျောက်ဆုံးခဲ့ပြီလေ။

6 comments:

ရွှေပြည်သူ said...

အစအဆုံး ခံစားပြီးဖတ်သွားပါတယ် ကိုမိုးမြင့်တိမ်ရေ။ ဇာတ်လမ်းပြီးသွားတော့ မောပြီး ကျန်ခဲ့တယ်။ တကယ့်ကို ၀မ်းနည်းစရာ ဇာတ်လမ်းလေးပါပဲ။ အရေးအသားကိုလည်း ချီးကျူးမိပါတယ်။

moe said...

အခုလိုအားပေးတာကို အထူးကျေးဇူးတင်ပါတယ် မရွှေပြည်သူ

နှင်းစက်မိုး said...

ဇာတ်လမ်းလေးက ကောင်းပါတယ်..သတို့သမီးက မင်္ဂလာဆောင်ခါနီးတောင် ကော်ဖီဖျော်ပေးတယ်ဆိုပဲ... ပြီးတော့ အထွက်မှာ နှုတ်ဆက်ကြတော့ စာတောင်ပေးလိုက်သေး..ဟိဟိ..လက်သွက်တယ်နော်..

မိုးမြင့်တိမ် said...

စိတ်ကူးရင်သက်သက်မို့ လစ်ဟာမှုတွေရှိရင် နားလည်ပေးပါ မနှင်းစက်မိုး။

ရွှန်းမီ said...

နှစ်ဖက်လုံး သနားဖို့ကောင်းတယ်

Aung said...

Even too short u did fabulous novel...I had reading after that kick my heart...Very nice well done...awl07lin@gmail.com

Template by - Abdul Munir