Sunday, January 25, 2009

ချစ်သူ့ညစာ


ယာဇ်ပလ္လင်ထက် ရင်ငွေ့မဲ့သိုးတစ်ကောင်
ကြေကွဲမှုအရောင် တဖျတ်ဖျတ်
တလက်လက် တမြမြဓါးသွား
ဘ၀ရဲ့အနားသတ်ကို လှီးဖြတ်
အနက်ရှိုင်းဆုံး အဇ္ဇျတ္တတွေပြတ်ရွေ့
ဆွေးမြေ့တဲ့ခံစားချက်တို့ တ၀ုန်းဝုန်းပြို
ဝေချင်သလို ဝေပြခွင့်မရတဲ့ ဘဝ
ကြွေချင်သလိုသာ ကြွေကျရင်း
အဆိပ်ဒီလှိုင်းထဲ ၀ါသနာကိုဖျော်ချ
ကမ်းစပ်တို့ ပျော်ကျတဲ့ညမှာ
ငါ့...ရင်ကဖြစ်တဲ့...ကဗျာ
မြတ်နိုးစွာ ချော့မြူရင်း
ရက်စက်ခြင်း သတ်ကွင်းကိုပို့
ငါ့...လက်ကို..ငါကိုယ်တိုင်..ရှို့ခဲ့..။

ပေါင်းစပ် မှုတွေကပဲ
ပွတ်တိုက်ခြင်းအဖြစ် ကျွမ်းမြေ့လောင်မြိုက်
ညခင်းက ဆည်းဆာနဲ့ အလဲထပ်ရိုက်
အရောင်တွေ သိမ်းပိုက်သွားတဲ့ခဏ
ယိုင်နဲ့နဲ့ ရင်အစုံ..လဲ..ပြို..ကျ..
အမုန်းနဲ့ နန်းဆွဲတဲ့ အထီးကျန်လည်ဆွဲ
ဝိညာဉ်အတွက် တီးခတ်တဲ့ဗုံသံမှာ
ရင်ခုန်သံ ကြိုး ..ဆွဲ..ချ..
အကျည်းတန်ခြင်းတို့လည်း စည်းချက်လွတ်ကခုန်ခဲ့ကြ..။

အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့
သန်းခေါင်ချိန် စက္ကန့်ပိုင်းလေးအတွင်းမှာ
မနေ့က ဆိုတာတွေမေ့ပစ်ရင်း
ဒီနေ့ဟာ ရက်ရက်စက်စက်နင်းချေ
အနည်းဆုံး အမှတ်တရတွေဟာ
ဒဏ်ရာတွေအဖြစ် မနက်ဖန်တွေအထိ
ဆက်ရှိနေမှာပါ...။

ဝန်ခံပါတယ်...
မျက်ရည်စက်တွေ အဖတ်လိုက်ကွာကျတဲ့
မင်းရဲ့အမုန်းကျောက်စာချပ် ငါ့တမ်းတခြင်းနဲ့ရစ်ပတ်
ကမ်းကုန်အောင် ချစ်တတ်ချင်ခဲ့တာ...။

ဦးဏှောက်နဲ့ ရင်ဘတ်
တရစပ် ပစ်ခတ်နေသရွေ့
နင့်..နေအောင်နာတဲ့အသည်းနဲ့
မျှော်လင့်ခြင်း သွယ်တဲ့လမင်း
ဥပေက္ခာ ရင်ကွဲမြစ်ထဲ သွေးသံရဲရဲကျဆုံး
ဆည်းဆာရဲ့ သက်ပြင်းသီတံမှာ
မျက်ရည်စက်လက် ရင်ခုန်မှုတွေ စုံကန်းခဲ့..။

နာကျည်းခြင်း ၀ိုင်တစ်ခွက်မှမပါတဲ့
သံယောဇဉ်ဖြတ် ညစာစားပွဲမှာ
အသည်းဟင်းနဲ့ ပွဲတည်
ဝင်ရိုးစွန်းအဆီကို ခွဲထုတ်
လမင်းရဲ့ အပူရုပ်ဟင်းချို
ငါ့မြတ်နိုးခြင်း ဆီပြန်တစ်ခွက်
မင်းညစာအတွက် ပေးအပ်တယ်
နောက်ဆုံးထွက်သက်ထိ
အ..ရ..သာ..ရှိ..စေ..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


အထက်တွင် အသုံးပြုထားသောပုံကို www.picasaweb.google.com မှ ကူးယူဖော်ပြပါသည်။

15 comments:

khin oo may said...

လွမ်းဆွတ်ခြင်းး ငပိရည် ကလေးပါထည့်ပေးလိုက်မိတယ်။

khin oo may said...

သွားလိုက်ပါဦးမယ်။ လိုက် ရန်မတွှေုနဲ့နော်. မတွေ့တာကြာပြီမို့လို့။ စတာပါ။

khin oo may said...

ဗိုက်ဆာနေတယ်.ထင်တယ။် တို့လဲ ဘာမှ မချက်ဘူး.. green girl လေးကို မေးကြည့်ပါလား။

HAPPY CLOUD said...

ညီရေ... ပြန်လာတာ ၀မ်းသာတယ်ဟေ့...
ရောက်ရောက်ချင်း ညစာဟင်းစားသွားတယ်...
ဖိုးမောင်

HAPPY CLOUD said...

ဆရာခင်လက်ဦးသွားတယ်ဗျာ...

Anonymous said...

မောင်လေး......

ဝမ်းသာအားရဆိုတာထက်ပိုပြီးကြိုဆိုလိုက်ပါတယ်...


ဝါးလုံးထိုး..စီးချလာတဲ့မြစ်တစ်စင်းလို.ကဗျာ..ပါ...
သူ့ဟာသူလည်းအရှိန်ကောင်းနေပြီးသားစကားလုံးတွေနဲ့..
သူ့ကမ်းပါးကိုလဲတိုက်စားသွားခဲ့တယ်...

တလက်စပ်ပြောချသွားတဲ့ flow ဟာ...
တုန့်သွား..တန့်သွားတာမျိုးလဲ..မရှိပဲ...
ပြေပြစ်သန်မာနေခဲ့တယ်...

မြစ် ရဲ့ မြစ်ဖျားခံရာအရပ်ဟာ...
စူးစူးနစ်နစ်ခံစားနေရတဲ့ ဝေဒနာ..တစ်ခုလို့လဲ..
သိသာနေပြန်တယ်...

ကောင်လေး..

တစ်ခါခါ
အသည်းကွဲရတယ်ဆိုတာလဲ..
မင်္ဂလာတစ်ပါးပေါ့....

မကြီး

ATN said...

ပြတ်ပြတ်ရှရှတွေ ဖြစ်ကုန်ပြီ ကိုယ့်ညီ...

BTW ဒါဟာ ပထမဆုံး အကြိမ် မန့်ဖူးတာပါ...

GreenGirl said...

ဟာ...ညနေစာဆိုပဲ...မနေ့ကတော့ နေ့လည်စာ တူတူစားသေးတယ်နော် ဟီးဟီး

ပြန်လာတဲ့အတွက် ၀မ်းသာပါတယ်
ကဗျာဖတ်ရသေးဖူး။ မွေးနေ့အတွက် အလုပ်များနေတယ်။ ပြီးမှ သေချာလာဖတ်မယ်
ပြန်လာလို့ ၀မ်းသာအားရ လာမန့်တာ
စကားမစပ် မွေ့နေ့ကဗျာနော်...ဟင်းဟင်း ဒီည ၁း၀၀ တင်တော့မှာ ဒါပဲ သွားပြီ

လွတ်ငြိမ်းလေပြေ (breeze) said...

Like a phoenix, arise again.
We have a hope,
don't let it be fallen.

Anonymous said...

ဟုတ်ကဲ့... ယခုလို ပြန်လည်ရောက်ရှိလာတဲ့ သာမီးလေးမိုးမြင့်မြင့်တိမ်ကို ဦးတို့HAPPY CLOUD က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် သာမီးလေးရေ.. အာဘွား..အာဘွား..း)။

အိုင်လွယ်ပန် said...

နောက်ဆုံးထွက်သက်အထိ
ွှအရသာရှိစေ.....
ကောင်းလိုက်တဲ့ စာသား.....
စကားလုံးအင်ပြည့်အားပြည့်နဲ့
ပြန်ခဲ့တာကိုး......
ဝမ်းသာတယ်ကိုမိုးမြင့်ရေ .............

ကိုရင်နော်ခင်လေးငယ် said...

ညစာကို ခင်းပြီးပြီးချင်းကတည်းက..
လာကြည့်နေခဲ့ဖြစ်တာ...
သူများတွေ အရင်စားပါစေဆိုပြီး
စောင့်နေခဲ့တာလေ နောက်ဆုံးမှ စားတော့မယ်လေပေါ့...

အခုမှလာစားတယ်နော်...

((မျက်ရည်စက်လက် ရင်ခုန်မှုတွေ စုံကန်းခဲ့..။))

မကြီးက ပြောသွားတယ်နော်..
တစ်ခါခါ အသည်းကွဲရတယ်ဆိုတာလဲ..
မင်္ဂလာတစ်ပါးပေါ့.... တဲ့....

ခဏ ခဏတော့ မကွဲနဲ့ပေါ့..

ခင်မင်တဲ့..

minn thuka said...

အချစ်ဆိုတာ..
ချစ်ရသူနဲ့ အချစ်ခံရသူ
နှစ်ဦးစလုံးဆီက ပျံ့လွင်လာတဲ့
မျက်လုံးနဲ့ မမြင်ရသော
အာရုံခံစားမှု သက်သက်
တခါတရံ
ဆည်းဆာလိုတောက်ပနေတတ်ပြီး
ပြိုတော့မဲ့တိမ်တွေလိုလဲ အုံ့ဆိုင်းနေတတ်တယ်
အတူတူနေ အတူတူကြီးပြင်းပြီး
နားလည်ရခက်တာ အချစ်ပဲညီလေးရေ

လက်ခုပ်တီးပြီးကြိုဆိုလိုက်တယ် ညီလေး
လက်ဝှေ့ပွဲက လက်ခုပ်သံမျိုးနဲ့ဆန့်ကျင်ဖက်လေ
အိပ်မက် မက်ချင်ရင်
အိပ်တော့အိပ်စက်မှ ဖြစ်မယ်
ယောက်ျားတွေရဲ့ ဒူးဟာ ထောက်ဖို့မဟုတ်မဟုတ်ဘူး
မနိုင်လို့ ရှုံးရင်တောင်
ရင်ကော့ပြီးခံလိုက်...
အခုလို ကုန်းရုန်းထလိုက်တာ
ဝမ်းပန်းတသာကြိုဆိုပါတယ်...၊၊

emayarKhin said...

ဒါနဲ့ကြောတော့ချစ်ချစ်နဲ့စိတ်ကောက်နေတာ
မဟုတ်ဘူးဆို.....ခုတော့ပက်ပက်စက်စက်ကွဲ
နေပါလား...ဒါမှခံစားချက်စစ်စစ်တွေပေါ့...
ကောင်းမှကောင်း...

pandora said...

ခံစားချက်တွေ ပျော်ဝင်နေတဲ့ ကဗျာတစ်ခွက်ကို ကောက်မော့သွားပါတယ်

Template by - Abdul Munir