Friday, December 26, 2008

ရင်ဖောက်သံ


တမ်းတခြင်းတို့ ကြွေတဲ့ ဒီမနက်ဆောင်းရာသီ
လွမ်းတေးဆိုငှက်တချို့နဲ့ ကြေကွဲဘွယ်လှပ
ဆုပ်ကိုင်ထားချင်ရက် လွတ်ထွက်သွားတဲ့
ချစ်သူလက်တစ်ဖက်ကို သတိရရင်း
ကြေကြေကွဲကွဲနဲ့ အော်ရယ်မိတော့
ကောင်းကင်က အလွမ်းတွေသာ
ပြုတ် ပြုတ် ကျ လာ ခဲ့...။

ထက်မြက်ခြင်းတွေ ယိုင်နဲ့လို့
ဆုံးရှုံးခြင်းမှာ ဒူးထောက်ချိန်
ရဲရင့်ပါတယ်ဆိုတဲ့ စိတ်ထား
အဆိပ်မြုံ အသိုက်ကြားမှာ နစ်မြုပ်
ငါ့ရင်မှာ ခြစ်ခြုတ်ကာ ရစ်ငင်တဲ့ကြိုး
လောကဓံရဲ့ ဆိုးဝါးတဲ့ကားစင်ထက်မှာ
ရက်ရက်စက်စက်ကို ဖြတ်ချခဲ့တာ
သပ်သပ်ရပ်ရပ်ပါဘဲ ငါ့ဝိညာဉ်လည်း
ကျ ဆုံး ခဲ့...။

လေဟာနယ်တံခါးကိုမှ ဆန်တက်လို့ထွက်ချင်တဲ့ငါ
နဂါးငွေ့တန်းရဲ့ တောက်ပခြင်းမှာ မိန်းမော
တိမ်လွှာတောမှာ ပျော်ခဲ့စဉ်က
ငါ့ရင်ခွင် စွဲဝင်တဲ့ ယူကြုံးမရမြှား
ငါ့နှုတ်ဘို့ ကြိုးစားရင်း ငါ့အသည်း
တစ်စတစ်စ ပဲ့ကြွေနေခဲ့တာ
မိုက်မဲစွာ သတိမထားမိခဲ့ဘူး...။

သြော်.....အခုတော့ ငါ့ရာသီမှာ
ဓါးမိုးတွေသာ ပြို ကြ ပြီ လေ...။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.krislynch.files.wordpress.com မှ ကူးယူဖော်ပြပါသည်။

8 comments:

ကိုရင်နော်ခင်လေးငယ် said...

ဓါးမိုးတွေကို ကာလို့ရမဲ့..အရာဟာ
နုနယ်လွန်းတဲ့ သူမရဲ့ နှလုံးသားလေး တစ်စုံသာ
ဖြစ်နေပါလိမ့်မယ်...

အားမငယ်ပါနဲ့.. ဇွဲမလျှော့ပါနဲ့..
ရစ်ငင်တဲ့ ကြိုးတွေကြားမှာ ဝိညာဉ်လေး လှပစွာ ပျံသန်းကူးခတ်နိုင်ဖို့...
ဆုတွေတောင်းပေးခဲ့မိတယ်...

အိပ်မက်ရှင် said...

သူငယ်ချင်းရဲ့ အလွမ်းမိုးထဲ ဖြတ်လျှောက်မိတဲ့အခါ
နှင်းစတွေလို ပုံပုံပြိုဆင်းလာတဲ့ အလွမ်းမိုးတွေက သည်းလို့ပါလေ ...
ကိုယ် ထပ်တူထပ်မျှနားလည်ခြင်းဆိုတဲ့ ထီးတစ်ချောင်းဆောင်ခဲ့တယ် ... ။
နွမ်းလျရိရော်နေတဲ့ သူငယ်ချင်းရဲ့ နှလုံးသားက အဆိပ်တွေသင့်လို့ပါလား ...
တကယ်ကိုလည်း အဲဒီ့လောကဓံဟာ ရက်စက်လွန်းလှပါတယ်လေ
ဝိညာဉ်တွေဟာလည်း မောပန်း ... အားတင်းထားတော့လေ ...
အလွမ်းဓါးတွေကို ဘယ်သူသွေးသလဲ ...
သတိရခြင်းလှံဖျားမှာ အရောင်တလက်လက်ထနေတာ ... ကြောက်မက်ဖွယ်ရာမြင်ရဲ့
နှင်းမရှိတဲ့ ဆောင်းမှာ လက်နက်အစုံအလင်ပါနေတယ် သူငယ်ချင်း ...
နဂါးငွေ့တန်းကို တိမ်ယာဉ်စီးသွားရင်တောင်
ချစ်ခြင်းတရား နှင်းဆီတစ်ခြင်းကြောင့်
ငါတို့ နှလုံးသားတွေ ပျိုးကြဲပေမယ့်
မိုးသည်းမယ့် ကိုယ်တို့ရာသီတွေမှာ ...
အမြဲပဲ ဓါးရာတွေ ရှိနေဦးမှာပါပဲ .... ကွာ .... ။

(သူငယ်ချင်းရဲ့ ကဗျာတွေက ဓါးတစ်စင်းလို ဖြစ်လာနေတယ်။ ခံစားမှုတွေနဲ့များ သွေးနေလေရော့သလားဗျာ)

Minn said...

သိပ္ပံပညာရှင် Heisenberg,Erwin Schrodinger,Paul Dirac အဲဒီ(၃)ယောက်က quantum hypothesis ဆိုတဲ့ မရေမရာ သီအိုရီတစ်ခုကို(Quantum mechanics)အဖြစ် ဖန်တည်းနိုင်ခဲကြတယ်..ဒါပေမဲ့ အဲဒါကို Einstein က" God does not play diec" ဆိုပြီးလက္မခံကြောင်းပြခဲ့တယ်..အခုလက်ရှိ"Modern Science & Technology" အားလုံးရဲ့အခြေခံက Quantum Theorey ပဲ..
၁၉၅၂မှာ အစ္စရေးသမ္မတအဖြစ် einstein ကို ကမ်းလှမ်းတော့ "ညီမျှကိန်းတွေက ငါ့အတွက်ပိုအရေးကြီတယ်..နိုင်ငံရေးဆိုတာ လက်ရှိခေတ်တခေတ်..ညိမျှကိန်းဆိုတာ ထာဝရ"
ဆိုလိုတာက...
မသေချာမရေရာတာတွေကလည်း ပစ္စက္ခမှာအသုံးတည့်နိုင်သလို...ကဗျာဆိုတာလည်းသီအိုရီဆန်ဆန်..ရင်ဘတ်ကို ကိန်းသေလုပ်ထားရတာမဟုတ်လား ဒီတော့ အစဉ်သဖြင့် လှနေတတ်တယ်..
စကားလုံးတွေ ပိုလက်လာတယ်..ရင်ဝစောင့်ကန်မဲ့သူ..
အိပ်မွေ့ချမဲ့သူမရှိတဲ့ လွတ်လွတ်လပ်လပ် ပြေးလမ်းပေါ်မှာ ဆက်ပြေး ညီလေးရေ..

အိုင်လွယ်ပန် said...

ရှောင်ရင်းတိမ်းရင်းဖတ်သွားတယ်ဗျ....
ဓါးမိုးတွေ....:Pး
ကဗျာလေးကောင်းတယ်ဗျ......

လွမ်းသုရင် said...

ဘယ်လိုပြောရမလဲဟင်... မပြောတတ်တော့ဖူး
ကဗျာဆရာရဲ့ ဓားမိုးတွေအောက်မှာ စကားလုံးတွေ ဆွံ့...အ...သွား...တယ်...

ရွှန်းမီ said...

ဝမ်းနည်းဖို့ ကောင်းနေသလိုလို

eaindraomtt said...

ဒုက္ခနဲ့တစ်ခါကြုံတိုင်း...

တမ်းတမိတဲ့ချစ်သူ့လက်တစ်ဖ၀ါးတစ်ဖက်ရဲ့..အနွေးဓါတ်
့မြမြဟာ...
ဘယ်အရာနဲ့မှ..အစားထိုးမရတဲ့..အင်အားပေါ့...

ခု..တို့တွေက..ဒီခရီးရှည်ကြီး....

ဘယ်လို..များ..
သွားနေကြပါလိမ့်မောင်လေးရယ်...

အိန္ဒြာ

ကြယ်ပြာ said...

“ဆုပ်ကိုင်ထားချင်ရက် လွတ်ထွက်သွားတဲ့
ချစ်သူလက်တစ်ဖက်ကို သတိရရင်း
ကြေကြေကွဲကွဲနဲ့ အော်ရယ်မိတော့
ကောင်းကင်က အလွမ်းတွေသာ
ပြုတ် ပြုတ် ကျ လာ ခဲ့...။”


ဒီစာသားက heart ထိတယ် ... မခံစားနိုင်ဘူး ...

Template by - Abdul Munir