Tuesday, December 16, 2008

စည်းချက်လွတ်အိပ်မက်


ကျောက်ခေတ်က မီးသင့်ခဲ့တဲ့ပန်းသီးတစ်လုံးနဲ့
ရင်တံခါးကို...ရိုက်ချိုး...ဆုတ်ဖဲ့
အဆိပ်သင့်တဲ့ ကျောက်တုံးကျောက်ခဲတွေကြားမှာဘဲ
အာဒမ်နဲ့ အေ၀ လမ်းမှားသွားခဲ့ရတာ..။

ဂုမ္ဘာန်တို့ကြူးကျော်
ကြမ်းကြုတ်မှုတို့ မြူးပျော်တဲ့နယ်မြေမှာ
တပ်မက်ခြင်း အလင်းတိုင်တွေနဲ့
ငါ့ကိုယ်ငါ လှိုင်လှိုင်ထွန်းညှိ
အတ္တဟာ မှောင်အတိပြီးတဲ့အချိန်
မြောက်ပြန်လေ ဆန်တက်တဲ့
စိတ်နယ်လွန်အရပ်မှာ တံခါးတစ်ချပ်ရှိတယ်..။

အလင်းတစ်သိုက်နဲ့ စိတ်မိုက်ကိုရွက်လွှင့်ချိန်
ကောင်းကင်ရဲ့ တံစက်မြိတ်မှာ
ကြယ်စင်ကိုဖောင်ဖွဲ့ လနဲ့လည်းအတူ ထိုင်ခဲ့တယ်..။

ဖျတ်ကနဲ လန့်နိုးချိန်
တိတ်ဆိတ်တဲ့အခန်း ပြင်းရှတဲ့လေကြမ်းသာ
ငါ့ရင်ခွင်ကိုရှိုက်နမ်း ငါက..အမှောင်ခန်းမှာ
အလွမ်းနဲ့မိတ်ဖွဲ့နေတာလေ..။

တကယ်တမ်းမှာတော့
ငါဟာအာဒမ်မဟုတ်သလို မင်းလည်းအေ၀မဟုတ်ခဲ့ဘူး
စည်းချက်လွတ် အိပ်မက်တစ်ခွက်ကိုဘဲ
ငါတို့ မြိန်ယှက်စွာသောက်သုံးခဲ့ကြတာ..။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

10 comments:

HAPPYCLOUD said...

((((တောက်)))) ပက်ပက်စက်စက် ဒန်တယ်ဗျာ...

အလင်းတစ်သိုက်နဲ့ စိတ်မိုက်ကိုရွက်လွှင့်ချိန်
ကောင်းကင်ရဲ့ တံစက်မြိတ်မှာ
ကြယ်စင်ကိုဖောင်ဖွဲ့ လနဲ့လည်းအတူ ထိုင်ခဲ့တယ်..။

ကျုပ်လဲ အလင်းတစ်သိုက်နဲ့ အဲဒီဖီလင်မျိုး နေခဲ့ဖူးသဗျ။

ခင်မင်လျက်..
မိုးမောင်

ညီအကိုများ said...

အားပါး လွှတ်ကောင်းဗျို့..
ပြောနေကြလေး.. လန်းပြီးရင်းလန်းတယ်ဗျို့..

လေးစားလျက်
မိုးကြယ်

ကိုရင်နော်ခင်လေးငယ် said...

ဒီလူကြီး အာဒမ် မဟုတ်ဘူးဆိုတာ သိပါတယ်ဗျိုးး... 'ဒါနဲ့ မဧဝကော နေကောင်းရဲ့လား..!!
ဟီးး နောက်တာနော်..။

တတိယ အပိုဒ်လေး အရမ်းမိုက်တယ်..

((ကောင်းကင်ရဲ့ တံစက်မြိတ်မှာ
ကြယ်စင်ကိုဖောင်ဖွဲ့ လနဲ့လည်းအတူ ထိုင်ခဲ့တယ်..။))

ခင်မင်တဲ့.....

Minn said...

ပြောမှမပြီးသေးဘူး..ပန်းလေးထပ်ပွင့်ပြတာ လှတယ်ကွာ..ဒါမှ ပွင့်ရကျိုးနပ်တာ.
မင်းဝေလိုက်တဲ့ပန်း မင်းကိုယ်တိုင်နမ်းလိုက်ပါ...
........ကဗျာဆရာဟာ တရားသူကြီးမဟုတ်သလို..ရှေ့နေလဲမဟုတ်ဘူး..ဥပဒေ.စည်းမျဉ်း..ပုံစံခွက်..ဘာမှမလိုဘူး..ပြီးတော့..တရားခံလဲမဟုတ်ဘူး..
လိုပြသက်သေလေ..ဖြစ်တာ မြင်တာ ချပြရမှာပဲ..
အနုပညာနွယ်လို့..ဝင်္ကဝုတ္တိ တော့ရှိမှာပဲလေ..
ကောင်းတယ် ဆရာရေ..

GreenGirl said...

ကွန်းမန့်ရေးရမယ့်သူတောင် စာလုံးတွေ ပျောက်ကုန်ပြီ :P

thihanyein said...

အိုး အရေးအပြ လေးတွေကောင်းလှချည်လားဗျာ
အလင်းတစ်သိုက်နဲ့ စိတ်မိုက်ကိုရွက်လွှင့်ချိန်
ကောင်းကင်ရဲ့ တံစက်မြိတ်မှာ
ကြယ်စင်ကိုဖောင်ဖွဲ့ လနဲ့လည်းအတူ ထိုင်ခဲ့တယ်..
စာသားလေးတွေကနူးညံ့တယ်ထင်ရပေမယ်
မာတယ်ဗျာ အရေးအပြလေးတွေကလည်း ကောင်း
လှတယ်ဗျာ

သီဟညိမ်း

ရွှန်းမီ said...

ကဗျာကောင်းလေးက နှောင်းခဲ့တဲ့ ကျောက်ခေတ်အကြောင်းလား.. ဒါလည်း အရေးအဖွဲ့ကတော့ ကောင်းနေဆဲပါ..။

အိပ်မက်ရှင် said...

မိုးမြင့်က တိမ်တွေဆီ တဖျတ်ဖျတ်နဲ့ တောင်ပံခတ်လိုက်တယ် ...
တိမ်တစ်စကို ဆွဲဟ လိုက်ပြီး လှစ်ခနဲ တစ်ချက်အကြည့်မှာ ....
ဟော ...
စည်းချက်လွတ်နေတဲ့ အိပ်မက်တစ်စုံနဲ့ ... မီးသင့်ပန်းသီး ကို တစ်ကိုက်ကိုက်, အဆိပ်သင့်ကျောက်တုံးထက်
ထက်ဝယ်ဖွဲ့ခွေထိုင် ... လမ်းမှာနေတဲ့ အာဒံနဲ့ ဧ၀ကို ရင်ထဲက ကဗျာတစ်စနဲ့ လမ်းပြမယ့် ကဗျာဆရာ... ။

အတ္တတွေနဲ့ သန်းခေါင်းကျော်နေခဲ့ညမှာ
မီးတုတ်တစ်ချောင်းကို ရင်ဘတ်မှာ ထွန်းညှိလာတဲ့ ကဗျာဆရာကို ပခုံးပုတ်ခွင့်ရတယ်
ဂုမ္ဘာန်တစ်ကောင်ရဲ့ အရေခွံနဲ့ ကြမ်းကြုတ်မှု တင်းပုတ်ကို ကိုင်တဲ့လက်က
ဦးရီးတော် မာရဇ္ဖရဲ့ လက်တစ်ဘက်လို နုညံ့ပျော့ပျောင်း ခေတ်ဟောင်းက ကဗျာတစ်ပုဒ် သူထွက်လာတဲ့ တံခါးတစ်ချပ်မှာ စိတ်အပိုင်းအစတွေ ရိုက်သွင်း ... လို့ ... ။

ထက်ဝေဟင်က ရွက်တစ်စင်းမှာ
သစ္စာတရားရဲ့ စေရာလိုက်နာနေတဲ့ လမင်း၊ ကြယ်စင်၊ ည တစ်ခင်းနဲ့ ပျော်မွေ့နေတဲ့ ကဗျာဆရာ ... ။

သူက အလွမ်းနဲ့လည်း မိတ်ဖွဲရဲ့၊ အမှောင်ဆိုတာရဲ့ နောက်က အခန်းကျဉ်းထဲ...။

သူငယ်ချင်း မင်းဟာ အိပ်မက်တစ်ခွက်ကိုပဲ တရှိုက်မက်မက် ရှိနေခဲ့ ... ။

HAPPYCLOUD said...

ဆရာမိုးမြင့်တို့ ခုတလောဒန်ချက်တော့ ပက်စက်တယ်ဗျိုး...
ဖိုးမောင်

အိုင်လွယ်ပန် said...

ကောင်းဗျာ......
နောက်ဆုံးအပိုဒ်အလန်းဆုံးပဲ....

Template by - Abdul Munir