Sunday, December 14, 2008

ကျေနပ်စွာပျောက်ဆုံးခြင်း


ပုစဉ်းက ပြင်းပြစွာအော်ရင်း
ဝတ်ရည်တွေကို...မျို...ချ...သောက်...သုံး..။

ကောင်းကင်ကို စိုက်ကြည့် အငိုက်မိတဲ့ပုံမျိုး
ပွင့်ဖတ်ရဲ့ မာယာနဲ့ အသာအယာ ပစ်ခတ်ခဲ့ဘူးတယ်..။

မှော်ဆရာရဲ့ စုတ်ချက်လို မျက်ဝန်းတစ်စုံနဲ့
ပကာသနခြုံ လူကုံထံတွေကို ငေးကြည့်ရင်း
အားကျနေခဲ့ဘူးတယ်..။

အစိမ်းမှာ အ၀ါဖက်
လျှပ်ပြက်သလို မြန်ဆန်မှုမျိုးနဲ့
ပုစဉ်းတောင်ပံဂီတ
ပန်းပွင့်တွေရှေ့ ကပြခဲ့ဘူးတယ်..။

ကောင်းကင်မှာ ချိတ်တင်တဲ့
နေမင်းရဲ့ ရင်ခွင်ကိုယ်ပွား
ဝတ်မှုန်ကြားမှာ ပျော်ပါးတဲ့ ပုစဉ်းဘဝ
ပြင်းပြစွာ တပ်မက်ခဲ့ဘူးတယ်..။

ရင်လှိုက်ဖိုတဲ့ ပုစဉ်းပျိုဘ၀မှာ
စူးရှစွာလည်း ရင်ခုန်ခဲ့ဘူးတယ်..။

ဖားကိုစိုးရွံ့တဲ့ ပုစဉ်း
ငါးညှို့တေးကို ရှောင်ကွင်းရင်း
ရုက္ခရဲ့ မျက်ခုံးမှာ ခိုနား
မြေဆီစားတဲ့ နှင်းဆီကို
အလင်းတစ်စက်ဆုတ်ဖြဲ ပြုံးလျက်လဲ
လှောင်ပြောင်ခဲ့ဘူးတယ်..။

နှင်းဆီရဲ့ သခင်မ
အရိပ်မဲ့ညမှာ တိုက်ခိုက်
မြတ်နိုးခြင်းကို သိမ်းပိုက်ချိန်
အလင်းမိုက်နဲ့ ပွင့်တဲ့ကြယ်
တိမ်းမူးခြင်းမှာ...ကြွေ...ခဲ့...တယ်..။

နှင်းဆီရဲ့ဓါးရိုးမှာ
အဆိပ်ဆိုးထားမှန်း မသိလေတော့
အဆုံးမှာ နှင်းဆီလက်ချက်နဲ့
ပုစဉ်းခန္ဓာ...ပျက်...ခဲ့...တယ်..။

ငါ့ ၀ိညာဉ် မပျက်သုဉ်းသမျှ
နင့်ရဲ့ ဆူးခက်တွေကြား
ငါ့နှလုံးသားကို
ထူး...ခတ်...ထား...ခဲ့...မယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

8 comments:

လွတ်ငြိမ်းလေပြေ said...

ဟေး မီးမီး ပထမး)
ထူးတော့ ခတ်မထားပါနဲ့ အစ်ကိုရယ်
ကမ္ဘာပေါ်မှာ နောက်ထပ် ပန်းတွေ အများကြီး ပွင့်ဦးမှာပါ

ရွှန်းမီ said...

ပုစဉ်းလေးက ရူးရူးမိုက်မိုက် ရဲရင့်ခဲ့တာ နှင်းဆီပန်းလေး သိရင် ကောင်းမှာပဲ။
ဒါပေမယ့် ဒီပုစဉ်းက နှလုံးသား ချန်ထားခဲ့ရလည်း သူ့ဘ၀သူ ကျေနပ်တယ် ဆိုပဲ။

ကိုရင်နော်ခင်လေးငယ် said...

ထူးမခတ်ပါနဲ့...
ကျေးဇူးပြုပြီး နှင်းဆီဆူးတွေကြား
ထပ်ပြီး ရင်ခုန်ခွင့်ပေးလိုက်ပါ...

ညီအကိုများ said...

နှင်းဆီရဲ့ သခင်မ
အရိပ်မဲ့ညမှာ တိုက်ခိုက်
မြတ်နိုးခြင်းကို သိမ်းပိုက်ချိန်
အလင်းမိုက်နဲ့ ပွင့်တဲ့ကြယ်
တိမ်းမူးခြင်းမှာ...ကြွေ...ခဲ့...တယ်..။

လွှတ်ကောင်းဗျာ..

အစ်ကိုရေ ကျေနပ်စွာခံစားသွားတယ်..

မိုးကြယ်

ခေါင်ခေါင် said...

အော်.. ကျေနပ်စွာ ပျောက်ဆုံးခံလိုက်တဲ့..ပုဇဉ်းလေး...

တော်တော်ရက်စက်တဲ့ နှင်းဆီ..

အမရာ said...

တကယ့်ကို..ရင်ထဲကလာတဲ့
ကဗျာလေးပါ...ခံစားသွားပါတယ်....

Minn said...

လောင်းရိပ်တစ်ခုအောက်က အတင်းရုန်းထွက်လာတဲ့ သတ္တိ..နောက်ဖက်ကိုနဲနဲလေးပြန်ကြည့်တဲ့ အငွေ့အသက်လေးကလွဲရင် ကဗျာဆရာရဲ့ လက်ကွက်
အ၇င်ကတီးချက်တွေထက် ပိုပြီးပေါက်ကွဲလာတယ်..
(ပုစဉ်တောင်ပံဂီတ ပန်းပွင့်တွေရှေ့  ကပြခဲ့ဘူးတယ်..)
အတွေးလေးလှတယ်..နေရာချထားတာလဲကောင်းတယ်..
(အလင်းမိုက်နဲ့ ပွင့်တဲ့ကြယ် တိမ်မူးခြင်းမှာ..ကြွေ..ခဲ့..တယ်..)အကြိုက်ဆုံးအပိုဒ်လေးပါ..
ငါးတွေဟာ ရေပြင်ထက်က အင်းစက်တွေကို..ရေငုံပြီး
မြားတစ်စင်းလို ပစ်လွှတ် တိုက်ခတ် စားသုံးတတ်တာ
..ငါးညှို့တေး..လို့ စကားလုံးဖမ်းထားတာလေးလဲ
လှတာပဲ..အရင်ကဗျာတွေထက် ပိုပြီးခံစားလို့ရတဲ့ကဗျာလေးပါ..တတိယနေရာကကောင်းကောင်းလေးရပ်ကြည့်ထားတဲ့
ကဗျာဆရာရဲ့အားထုတ်မှု့ လေးစားမိတယ်..
........
ကဗျာဆရာရေ..
ဝေပြပြီးရင်..ခြွေချပစ်လိုက်.
ကြွေကျသွာလို့ မြေဆီဘဝရောက်ရင်
ကိုယ့်ဘာသာဆွဲငင်သောက်သုံး
နောက်ဆုံး..အလှဆုံးပန်းလေးတွေထပ်ပွင့်
အဲဒီပန်းလေးတွေဟာ..အရင်ပန်းတွေထက်တော့
ပိုပြီး လတ်ဆတ် မွှေးအီနေမှာပါ...
အတွေးလှလှလေး ဖတ်ရတဲ့အတွက် ကျေးဇူးပါ...

အိပ်မက်ရှင် said...

ဝေ့၀ဲပျံသက် ပွင့်ဖတ်ထက်နား
မင်း ပေးသနားမယ့် အနမ်းတွေ
ဝတ်ရည်တွေလို ချိုရဲ့ ... ။

ငါက ပန်း ....
ကောင်းကင်ကို မနမ်းရှိုက်နိုင်ပေမယ့်
မင်းအတွက် မာယာ
မီးတင်ရှို့ခဲ့တာ ကြာပြီ ...
ကြာခဲ့ပြီ ... ။

ငါ့ အာရုံတွေထဲ ...
အရိုးသားဆုံးပဲ ယူဆောင်လာ
မင်းအတွက် ပေးကမ်းမယ့် ပေါင်မုန့်တစ်စ
ဝိုင်တစ်ခွက်က ငါထက် တန်ဖိုးကျနေတယ်...
မြင်လား ... ။

ပုစဉ်းတစ်ကောင်ရဲ့ ကကြိုးမှာ
မိုးအထိ ထိုးမယ့် ရင်ခုန်သံတွေ အလဲလဲအကွဲကွဲ
ရနံတွေလည်း ထိုးခွဲပြီးလွှင့်
လျှပ်စီးရဲ့ အရှိန်တွေက ... ဦးညွှတ်
အချစ်အတွက် ရူးသွပ်လို့ ... တဲ့ ... ။

ပုစဉ်းပျို ရဲ့ဘ၀ ...
မုန်တိုင်းထ စေအောင် ...
ရင်အစုံ ၀ုန်းဒိုင်းကြဲ
နေမင်းလို ပူလောင်လည်း ငါ ...
ဇာမဏီငှက်လို ရဲရင့်ခဲ့ ...
ပြာရီဖွဲ့ကာ လောင်ကျွမ်းခဲ့
ရှင်သန်ခဲ့ အချစ်တွေက
တေးတွေလို ရနံတွေကို ချိုစေ ... ။

ငါက ... ငါ က ...
ဓါးတစ်ချက်မဟုတ် အဆိပ်တစ်အုပ်လည်း မတင်
ပျက်သုန်းခြင်း ၀ိညာဉ်တွေ
ငါ ခန္ဓာ အပါး ဘယ်သူ အသက်သွင်းသွားသလဲ ...
မိုက်မိုက်မဲမဲ ငါ ငုံ့အကြည့်
အို ........... ချိုရဲဆဲ ဆူးကျဲထဲက အဆိပ်စမ်း တွေ .... ။

ဆူးတွေရဲရဲ .....
သွေးသံထဲ ချို ....
အတိတ်ကို ရိုက်ချိုး ... ကိုင်းထိုးပြီး ပြန်စိုက်ခဲ့ ... ။

အို ....
ပုစဉ်းငယ် ....
ငါ ရဲ့ ရှေ့မှောက် အချစ်နဲ့ တစ်ခေါက် ရောက်စေ .... ။ ။

(နှင်းဆီသခင်မ နေရာမှ ပျော်ဝင်ရေးစပ်ပါသည်)

Template by - Abdul Munir