Saturday, December 13, 2008

ရင်သို့ထွင်းဖောက် ၀င်ရောက်ခဲ့သောကဗျာများ

ထက်ကောင်းကင် အာကာတခွင်၌ တိမ်မြူခိုးတို့ ကင်းစင်၍ လင်းချင်တိုင်း လင်းနေသော တနင်္ဂနွေ တစ်နေ့ဖြစ်သည့် အားလျော်စွာ ကျွန်ုပ်သည်လည်း အလုပ်အားရက်၏ အရသာကို ဆက်ရက်မင်းတစ်ကောင်၏ စည်းစိမ်မျိုးဖြင့် ယစ်မူးကာ အရသာခံနေလေတော့၏ ။ ယခင့် ယခင်ရုံးပိတ်ရက်များတွင် ကျွန်ုပ်သည် တစ်နေရာမဟုတ် တစ်နေရာ သွားတတ်သည် မှန်သော်လည်း ယနေ့တွင်မူ အပြင်ထွက်ရမှာ ပျင်းသည်က တစ်ကြောင်း၊ အားလပ်ရက်တွင် အိမ်၌ စာအုပ်ဖတ်ကာ စည်းစိမ်ယူလိုလှသည်က တစ်ကြောင်း ၊ လကုန်ရက် ရောက်ခါနီးသည်နှင့်အမျှ အိတ်ကပ်မှ ငွေအသပြာတို့မှာလည်း ပါးသည်ကတစ်ကြောင်း အိမ်၌ပင်နေကာ ပက်လက်ကုလားထိုင်တစ်လုံး ကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နှင့် ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်လှသဖြင့် သွားလေရာ နေရာတိုင်းလိုလို၌ ပါတတ်သော လန်ဒန်ဟု ခေါ်တွင်သည့် စီးကရက်တဗူးကို ဘေး၌ချ၍ စာအုပ်ကိုဖတ်ရင်း လောက၏ အရသာကို ကောင်းမွန်စွာ ခံစားနေလေတော့သည်။ ထိုသို့ စည်းစိမ်ခံစားနေချိန်၌ပင် ကိုလင်းဒီပတစ်ယောက် အိမ်ရှေ့မှ ငိုက်စိုက်ငိုက်စိုက်ဖြင့် တက်လာသည် ကိုလှမ်းမြင်မိလေသည်။ ကျွန်ုပ်လည်း ကိုဒီပကိုမြင်သော် ယင်းဝင်သာအောင် တံခါးထဖွင့်ပေးရင်း နှုတ်ဆက်စကားဆိုလိုက်လေ၏ ။

" ဗျို့ကိုဒီပ မတွေ့တာတောင် အတော် ကြာနေပါပေါ့လား အခုကော ဘယ်လေတိုက်လို့ ရောက်လာပါသလဲဗျာ "

" ဟား ဟား မုတ်သုန်လေ မြောက်ပြန်တိုက်လို့ စိတ်၏စေရာအတိုင်းလိုက် လိုက်တာ မိုးမြင့်တိမ်တိုက်ဆီ ရောက်လာတာပါဘဲဗျာ "

" ကိုဒီပတို့ကတော့ လုပ်ပြီ စာချိုးလေးနဲ့ ပြောလိုက်ရမှပေါ့လေ။ ကိုဒီပနှယ် ဒီလို ပျော်ပျော်နေတတ်လို့ စိတ်ပျို ကိုယ်နု ဖြစ်နေသလား မသိဘူးဗျို့ "

" ကဲ စကားကောင်းနေလိုက်တာ ဧည့်သည်ကို ဧည့်ခံဘို့တောင် မေ့နေတယ် အပူလား အအေးလား ကိုဒီပ "

"ရပါတယ်ဗျာ အပင်ပန်းခံမနေပါနဲ့ နေပါစေ "

" ဘယ်ဟုတ်ပါ့မလဲ ကိုဒီပရဲ့ ကျွန်တော့်ဆီကို ရောက်တုန်းလေးတော့ ဧည့်ဝတ်ကလေး ကျေချင် စမ်းပါဘိနှယ်... ကဲ ခဏစောင့် ကော်ဖီသွားဖျော်လိုက်မယ်"

ကျွန်ုပ်လည်း ထိုသို့ပြောပြီးနောက် ကိုဒီပ သောက်ရန်အလို့ငှာ နောက်ဖေးသို့သွား၍ ကော်ဖီဖျော် ယူလာပြီးလျှင် ကိုဒီပအား ကော်ဖီကမ်းပေးရင်း လှမ်းပြောမိလိုက်၏ ။

" ကဲ ကိုဒီပရေ ကော်ဖီသောက်ရင်း လာရင်းအကြောင်းလေးဆိုပါဦးဗျ "

" ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ ကိုမိုးမြင့်ဆီလည်း မရောက်တာကြာ စာအကြောင်း ပေအကြောင်းလေးလဲ ပြောရအောင် လာတာဗျ။ အခုတလော ကိုယ့်ဆရာလည်း ကဗျာရေးတွေ ကြဲနေပါလား"

" ကြဲဆို ဒီလိုကိုဒီပရဲ့ ။ ကျွန်တော်နှစ်သက်တဲ့ ကဗျာလေးတွေကို ပြန်လိုက်ရှာပြီးစုစည်းနေတာနဲ့ ကဗျာရေးတာ ခဏရပ်ထားတာ "

" ဟာ ဟုတ်လားဗျ။လုပ်စမ်းပါဦး ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာလေးတွေက ဘယ်လိုကဗျာတွေလည်း ကျွန်တော့်ကိုလည်း ပြောပြပါဦး "

" အင်း ကြိုက်တဲ့ကဗျာတွေ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒီထဲက ကျွန်တော်ကြိုက်တဲ့ ပထမဆုံးကဗျာ ကိုပြောရမယ်ဆိုရင်တော့ ရှင်မဟာရဌသာရ ဆုံးမစာ လကာင်္ ပေါ့ဗျာ။ ဒီလကာင်္က ဆရာတော်ကကျွန်တော်တို့ နောင်လာ နောက်သားတွေကို ဆိုဆုံးမထားတဲ့ ကဗျာပေါ့ဗျာ။ ကျွန်တော်တို့ ကျောင်းတုန်းကလည်း သင်ခဲ့ကြရဘူးပါတယ်။ ဒီလကာင်္လေးမှာ မိခင်ဖခင်နဲ့ လူကြီးသူမ ဆရာသမားတွေ အပေါ်မှာ ဘယ်လိုဘယ်ပုံ ရိုသေကိုင်းရှိုင်းရမယ် ၊ လူကြီးမိဘ ဆရာသမားတွေရဲ့ ဆိုဆုံးမစကားကို ဘယ်လိုနာခံရမယ် ၊ ကိုယ့်ထက်အကြီး အကိုအမ တွေကို ဘယ်လိုသဘောထားရမယ် ၊ ဘယ်လိုစည်းလုံးရမယ် ၊ ဘယ်သူမျိုးကိုပေါင်းရမယ် ၊သတ္တ၀ါတွေအပေါ် ဘယ်လိုကြင်နာရမယ် ဆိုတဲ့ အသိတွေ အကျင့်တွေ ဆောင်ရွက်လိုက်နာဖွယ်ရာတွေကို ဆိုဆုံးမထားတဲ့လကာင်္လေးပေါ့ဗျာ။ တန်ဘိုးရှိသလို မှတ်သားလိုက်နာသင့်တဲ့ လကာင်္မို့လို့ ကျွန်တော်မှတ်ထားတယ်ဗျ။ ဒီမှာ"

ရွင္မဟာရဌသာရ ဆံုးမစာ လကာၤ

၁။ လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့်
တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။
(မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)

၂။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနုတ်ထွက်၊ ဆက်၍မဆို၊ ရိုသေကြစေ၊ ကိုကြီး အစ်မ၊ သည်နှစ်ဝကို မိဘကဲ့သို့ မှတ်ကြလေ။

၃။ သေသူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါတယ်လည်း၊ မဖယ်မသွေ၊ ညီညာ ကုန်း၍၊ ရုန်းကြလေ။

၎။ သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ညစ်ပတ် ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

၅။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကိုလည်း၊ ချစ်ပါလေ။

" ဟုတ်ပါတယ် ကိုမိုးမြင့်ရေ။ တကယ်ကို မှတ်သားသင့်တဲ့ လကာင်္လေးပါ။ ကျွန်တော်လည်း ဖတ်ဘူး ၊ သင်ဘူးတယ် "

" ဟုတ်တယ်ကိုဒီပရေ။ ဆရာတော်ရေးခဲ့တဲ့ ကဗျာ၊ လကာင်္ ၊ ရတု တွေအများကြီးပါဘဲ။ ဒီထဲမှာ ကျွန်တော်ကြိုက်တဲ့ ဆရာတော်ရေးတဲ့ ရတုတစ်ပုဒ်ရှိတယ်ဗျ "

" ဟုတ်လား ဘယ်လိုရတုလည်းဗျ "

" ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု တဲ့ဗျ။ ကိုဒီပ နားထောင်ချင်ရင် ကျွန်တော်ရွတ်ပြမယ်"

“ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု”

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
( ဆရာတော်၏ အထ္ထုပတ္တိအကျဉ်းနှင့် မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် )

" တော်တော်ကောင်းတဲ့ ရတုဘဲဗျ ကိုမိုးမြင့် "

" ဟုတ်တယ် ကိုဒီပ "

" နောက်တစ်ပုဒ် ကျွန်တော်ကြိုက်တာကတော့ ဆရာဇော်ဂျီရေးတဲ့ မင့်အိမ် ဆိုတဲ့ ကဗျာလေးဘဲ " "ဒီကဗျာလေးက ဘယ်အရာမဆို ကိုယ်တိုင် ကြိုးကုတ်အားထုတ်ပြီး ကိုယ်တိုင်ကြိုးစားမှာသာ ရနိုင်ဖြစ်နိုင်မယ်ဆိုတာကို ဖော်ကြူးထားတဲ့ ကဗျာလေးပေါ့။ တခြားသူ အောင်မြင်နေတာကို ငေးကြည့်ပြီး အားကျနေမဲ့အစား ကိုယ်ကိုယ်တိုင် သူတပါးလို အောင်မြင်အောင် ကြိုးစားအားထုတ်ရမယ် ဆိုတာကို ဖော်ပြထားတာဘဲ ကိုဒီပရေ။ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတိုင်း ပြန်ပြန်သတိရမိတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။ ဒီမှာလေ ကိုဒီပ ဖတ်ကြည့်လိုက်ပါဦး "


မင့်အိမ်

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်က မင့်အိမ် ၊ လွန်သေးသိမ်ဟု
မငြိမ်မသက် ၊ စိတ်စက်မကောင်း
စိတ်ထောင်း ကိုယ်ကြေ ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင် အိအယောင်
ဆောင်ပြိုင် သာမော ၊ သူ့အိမ်ချောသို့
စကြောသပ်ရပ် စံပယ်ထပ်နှင့်
ပန်း ထပ် ပန်း ကြွ ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း ၊ မင်းရော်ရမ်းသည်
ပန်း အိ နေထိ ကြွေတော့မည်။

မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင့် တက်ဖာပေါ့
အကာ အနင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့ ၊ အရွှဲ့ အစောင်း
မကောင်း မပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

ကျွန်ုပ်လည်း ကိုဒီပလက်ထဲသို့ ဆရာဇော်ဂျီ၏ ညီသစ်ဆင်း ကဗျာစာစုများ ဆိုသည့် ကဗျာစာအုပ်အား လှမ်းပေးကာ ကိုဒီပ ကဗျာဖတ်နေသော အချိန်အတွင်း၌ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်သည့် ပရီးမီးယားဟု ခေါ်တွင်သည့် ကော်ဖီအားတစ်ငုံခန့်မျှ သောက်၍ လန်ဒန်စီးကရက်အား မီးညှိဖွာရှိုက် လိုက်လေသည်။ ထို့နောက် ကိုဒီပအား

" ဘယ်လိုလဲ ကိုဒီပ ဆရာဇော်ဂျီရေးထားတာ "

" ကောင်းတယ်ဗျာ လူတစ်ယောက်မှာ ရှိသင့်၊ထားသင့်တဲ့ စိတ်ဓါတ်ကို အိမ်နဲ့ ဥပမာ ပေးစပ်ဆိုသွားတာ တကယ့်ကို ကောင်းပြီး တန်ဘိုးရှိတဲ့ ကဗျာတစ်ပုဒ်ပါဘဲဗျာ "

" ဟုတ်တယ်ကိုဒီပရဲ့"

" ဒါနဲ့ ကိုမိုးမြင့် ဒီနေ့ခေတ်ထဲမှာ မော်ဒန်ကဗျာတွေ ခေတ်စားလာတယ်ဗျ။ အဲဒီထဲံမှာ ကော ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာရှိလား "

" ရှိတာပေါ့ ကိုဒီပရယ် ကဗျာဆရာဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတဲ့ အကြောင်းအရာ ကိုယ်ကနေ ကဗျာဖတ်သူတွေကို ပေးချင်တဲ့ အကြောင်းအရာ တွေကို ရေးနည်းရေးဟန်အမျိုးမျိုးနဲ့ ပေးနေကြတာလေ။ ဒါကြောင့်မို့ ကဗျာတိုင်းကို ကျွန်တော် နှစ်သက်တယ်။ ကဗျာဆရာတိုင်းကို ကျွန်တော် လေးစား တန်ဘိုးထားတယ်ဗျ။ ဒီနေ့ခေတ်ထဲမှာလည်း ကျွန်တော်ကြိုက်တဲ့ ကဗျာဆရာတွေ ကဗျာတွေ အများကြီးရှိတယ် ကိုဒီပ။ အဲဒီထဲကနေ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ် ကိုဒီပကို ပြမယ်။အဲဒီကဗျာက တာရာမင်းဝေ ရေးထားတဲ့ နှင်းလူဆိုတဲ့ ကဗျာဘဲ ကိုဒီပ။ ကျွန်တော်လည်း ဆောင်းရာသီနဲ့ ပတ်သက်နေတဲ့ ကဗျာလေးဆိုတော့ မှတ်မိပြီး ကြိုက်နေတာဗျ "

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

" ကောင်းလိုက်တာ ကိုမိုးမြင့် ၊ ဖတ်ရတာ အရသာ ရှိတယ်ဗျာ "

" ဟုတ်တယ်ကိုဒီက ကျွန်တော်လည်း ဒီကဗျာလေးကို တော်တော်ကြိုက်တယ်ဗျ "

" နောက်ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ရှိသေးတယ်။ အဲဒီကဗျာကတော့ ကျွန်တော့်အကိုကြီး ဆိုလည်းဟုတ် ကျွန်တော်ဂျီကျပြီး မေးသမျှကိုလည်း အိပ်ရေးပျက်ခံပြီး မညဉ်းမညူ စဉ်းစားပေးတွေးတောပေး သင်ပြပေးတဲ့ ဆရာဆိုလည်းဟုတ် ကျွန်တော်ရေးတဲ့ကဗျာတွေကို အချိန်ကုန်ခံပြီး စိစစ်အကြံပေးတတ်တဲ့ မိတ်ဆွေဆိုလည်းဟုတ်တဲ့ အကို မင်းသုခရေးပြီး ကျွန်တော့်ကို လက်ဆောင်ပေးထားတဲ့ ကဗျာပေါ့။ ကဗျာနာမည်က ဒီဇင်ဘာလျော်ကြေး တဲ့ ။ ကဗျာကိုတပ်မက်ခုံမင်လွန်းတဲ့ သားနဲ့ သားအပေါ်မှာ မိဘမေတ္တာစိတ်အပြည့်နဲ့ ဖြစ်စေချင်လွန်း အောင်မြင်စေချင်လွန်းတဲ့ အဖေတစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပေါ့ ။ ကျွန်တော်တော်တော်ကို နှစ်ခြိုက်မိတဲ့ ကဗျာလေးလေ။ ကျွန်တော်ရွတ်ပြမယ် နားထောင်ကြည့် ကိုဒီပ "


ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္တေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့် ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကြွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန် မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်း ခဲ့တာမဟုတ်ဘူး အဖေ..။

ခုံမင်တဲ့ ကဗျာအစလေးတွေနဲ့
တစ်ခါကပေးတဲ့ အိပ်မက်
ဆန်းတက်တဲ့ နေ့ရက်တွေမှာ
မှတ်တမ်းထွက်တဲ့ ပုံနှိပ်စာလုံးတွေက
ကျွန်တော့်ဘ၀အတွက် မမေ့ရက်စရာ
(၇၅) ကျပ်တန် အပျော်တွေပါ..။

မေတ္တာအရောင်တွေ ကြီးစိုး
ကဗျာဆရာဖြစ်မှာ စိုးတဲ့အဖေ
ကျွန်တော့်ကို ရိက္ခာဖြတ်တော့
သပြေနဲ့ ချယ်ရီ ကျွန်တော့်အတွက်တော့ နာရီဖြစ်ခဲ့တယ်..။

ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။

အယက်အကန်ခံလို့ အံခဲမယ့်ဗေဒါလို
စိတ်ဓါတ်ကိုအားတင်း ရဲရင့်ခြင်းနဲ့ နေပါလည်း
ကျွန်တော့်ရင်ထဲ မြတ်နိုးတဲ့ ကဗျာပန်းတွေ
ှနွမ်းလျလို့ ကျေခဲ့တယ် အဖေ..။

အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကေင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှာ
တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

" ကောင်းလိုက်တဲ့ ကဗျာလေး ကိုမိုးမြင့်ရာ။ ဖတ်ပြီးတော့ ရင်ထဲတစ်မျိုးတစ်မည်ကြီး ခံစားလိုက်ရတယ် "

" ဟုတ်တယ်ကိုဒီပရေ ဒါကြောင့်မို့လည်း ကျွန်တော်ကြိုက်တာပေါ့ "

" ကဲ ကိုဒီပရေ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေတော်တော်များများလည်း ပြောပြခဲ့ပြီးပြီ။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေ အကုန်သာပြောရရင် ဒီဘလော့ခ်စာမျက်နှာလောက်ပါ့မလားလို့ စိုးရိမ်မိတယ်ဗျို့ ။အဲဒီတော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်ဗျာ အချိန်လည်း အတော်လင့်နေပြီ။ နောက်တစ်ခါ ကျမှဘဲ ထပ်ပြောကြတာပေါ့ "

" ဟုတ်တယ် ကိုမိုးမြင့်ရေ ကျွန်တော်လည်း ပြန်ဘို့သင့်ပြီဗျ။ အိမ်ကလည်း မျှော်နေလောက်ပြီ ။နောက်တစ်ခါ ကျတော့မှ ဆက်ပြောကြတာပေါ့ဗျာ။ အခုတော့ ကျွန်တော်လည်း ပြန်လိုက်ဦးမယ် ကိုမိုးမြင့်ရေ ။ အခုလို ကဗျာကောင်းတွေဖတ်ရတာ ကျေးဇူးတင်သဗျာ။ ကဲသွားပြီဗျို့ "

ကျွန်ုပ်လည်းပြောပြောဆိုဆိုနှင့် နှုတ်ဆက်ကာ ဆင်းသွားသော ကိုဒီပ၏ ကျောပြင်ကို ငေးကြည့်ကာ ဒီဇင်ဘာ လျော်ကြေး ဆိုသော ကဗျာလေးအား ဒုတိယအကြိမ် ပြန်ဖတ်မိ လိုက်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

( ကိုလင်းဒီပရေ ရေးလိုက်ပါပြီဗျာ။ ရေးပေးတာနောက်ကျတဲ့ အတွက်ခွင့်လွှတ်စေလိုပါသည်ခင်ဗျာ )

ပထမတော့ မတက်ခ်တော့ဘူးလို့ နေမလို့။ ဒါပေမယ့် စိတ်ကူးပြောင်းပြီး တက်ခ်ပါမည်။ တက်မည့်သူကတော့ တူများရဲ့ အရှင် တူတို့ရဲ့ဘုရင် ကိုဖိုးမောင်(Happy Cloud) ပါ။ နောက်တစ်ယောက်ကတော့ ညီမ ရွှန်းမီပါ။ နောက်တစ်ယောက်ကတော့ ညီမ GREEN GIRL ပါ။ခင်တယ်ဆိုရင် ရေးပေးကြပါ။

7 comments:

GreenGirl said...

ကဗျာတေ အများကြီးပဲ...ကောင်း၏ ကောင်း၏

ပန်းခရမ်းပြာ said...

ဇရက်မင်း စည်းစိမ် ဆိုတာ
ညနေဘက်မှ ယူလို့ ရတာ မဟုတ်...
မနက်ဘက်မှာ ကော်ဖီခါးခါးနဲ့ လည်း
စည်းစိမ်ယူလို့ ရတာ မှတ်သွားတယ်။

ရွှန်းမီ said...

:-) ကဗျာတွေ တနင့်တပိုးကြီးနဲ့ ပို့စ်အရှည်ကြီးကို စိတ်ရှည်လက်ရှည် ကြိုးစား ဖတ်သွားပါတယ်။

lwanthuyin said...

ကိုကြီး အဲ့ဒီ Tag လဲ့လဲ့ ရေးပြီးပြီ။ ဒီမှာကြည့်
http://www.artsof-greengirl.com/2008/12/blog-post_11.html

HAPPYCLOUD said...

အင်း ညီရေ... Tag တဲ့ အတွက်ကျေးဇူးတင်ပါတယ်ကွာ... ဘာရေးရမလဲစဉ်းစားပါအုန်းမယ်...
ညီလိုကောင်းကောင်းရေးနိုင်ဖို့..
ဖိုးမောင်

တင့်ထူးရွှေ said...

တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ကဗျာကောင်းတွေကြီးပါပဲ ခင်ဗျာ ၊ အစ်ကိုအရေးအသားမှာ ပို့စ်တစ်ခုလုံးကို စီးမျှောလိုက်လာလိုက်တာ ကိုဒီပ ပြန်တော့မှပဲ ဘလော့ဂ်ပို့စ် ဖတ်နေမှန်း သတိထားမိတယ် ၊ အဆင်ပြေပါစေ အစ်ကိုကြီးရေ ။

လင်းဒီပ said...

ကိုမိုးမြင့် နောက်ဆုံးမှ ရေးပေမယ့် အားရပါးရ ကဗျာတွေကို ခေတ်အလိုက် သေချာရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ကျွန်တော်လည်း ဒီညမှ လာဖတ်နိုင်တော့တယ်..
အတော်လေး မအားလို့ပါ...

တစ်ပုဒ်ရေးပေးပါဆိုပေမယ့် အားလုံး က တစ်ပုဒ်မကရေးကြတယ်(ကျွန်တော်လည်းပါတယ်)...
အကြောင်းကတော့ ရင်ထဲမှာ အလိုလို ကိန်းအောင်နေတဲ့ ကဗျာတွေက များလွန်းတာကိုး..

ဘာဘဲဖြစ်ဖြစ် ဒီတဂ် နဲ့ ဘယ်သူ့ရင်ထဲမှာ ဘယ်လိုကဗျာလေးတွေ နေတယ်ဆိုတာ သိခွင့်ရလို့..
ကိုမိုးမြင့်..ကိုအိပ်မက်..ကိုရွာသားလေး..ညီမခေါင်ခေါင်တို့ကို ကျေးဇူးတင်ပါကြောင်း...
နောက်ကိုလည်း တဂ်ကောင်းကောင်းလေးတွေ ဝင်လာရင် ထပ်တဂ်ရန် အစီအစဉ် ရှိပါကြောင်း..
အားလုံးကိုခင်မင်လေးစားစွာ..
လင်းဒီပ

Template by - Abdul Munir