Thursday, February 5, 2009

စိတ်ကူးနဲ့ဆောက်တဲ့အိမ်

အခမ်းနားဆုံး အလှတရားတွေနဲ့ ဖွဲတည်ရင်း
ရှိန်းမြနွေးထွေးခြင်းနဲ့ တည်ဆောက်ခဲ့...။

အဲဒီနေရာလေးမှာ...

ရင်ခုန်သံတွေ ထပ်တူကျခဲ့
အသည်းချင်းတွေ ထွေးပွေ့ခဲ့
နားလည်သိတတ်မှုတွေ မျှတခဲ့..။

နှစ်ယောက်ထဲပါ
အရာရာ ပြည့်စုံနေခဲ့တယ်...။

ကန္တာရလို နေရာမျိုးမှာ
နေပြောက်မတိုး တောအုပ်စိုက်ချင်တဲ့....ငါ
စိတ်ကူးအတွေးနဲ့ ဆောက်တဲ့အိမ်မှာ
အိပ်မက်တွေက
ရင်တိမ်းညွှတ်စွာ သာယာခဲ့...။

နှစ်ကိုယ့်တစ်စိတ် အိပ်ခန်း
သမုဒယလွှမ်း ကြမ်းပြင်
ရင်ငွေ့ချ ပန်းချီတစ်ချပ်နဲ့
သပ်ရပ်တဲ့ ဧည့်ခန်း
သံယောဇဉ် မြေနီလမ်းထဲ
နေခြည်ဖျော့ဖျော့ ထွေးဖက်
မေတ္တာဓါတ်နဲ့ ဆောက်တဲ့အိမ်
သစ္စာပန္နက်ရိုက်ရင်း ဖြစ်တည်
ငါ့.. မြတ်နိုးခြင်းနှင်းဆီ
မင်းပန်ဆင်ဘို့ ဖူးပွင့်နေခဲ့...။

အတင်းကြပ်ဆုံး ရစ်ပတ်ချည်နှောင်ရင်း
အမြတ်နိုးဆုံး သီကျူးတဲ့ ချစ်ခြင်းသံစဉ်တွေကြား

ချစ်သူရေ......

ကိုယ်တို့အိမ်လေးမှာ ဆည်းလည်းလေးတွေတောင်
ရင်...ခုန်...တတ်...နေ....ပြီ..။




စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


အထက်တွင်အသုံးပြုထားသောပုံကို www.homeplaninfo.com ကူးယူဖော်ပြပါသည်။

20 comments:

Anonymous said...

ကိုမိုးမြင့်တိမ်ရေ..
အိမ်လေးက နေချင်စဖွယ်လေးပဲ..ကဗျာစာသားလေးတွေက ချစ်စရာ...
ကိုယ်ချစ်တဲ့သူနဲ့ စိတ်တူကိုယ်တူ နေခွင့်ရရင် ပျော်စရာပေါ့နော်..
ဒါပေမယ့် တကယ့်လက်တွေ့ဘ၀ကျတော့ အဲ့လိုမဟုတ်ဘူးကွယ်...
........................

Anonymous said...

မက်နေတဲ့ အိမ်မက်တွေ ကဗျာထဲရောက်နေပါလားဗျ။ ကဗျာဆရာရေ ကြိုကြိုသိနေသလိုပဲနော်...။
ဒါနဲ့ မေးရအုံးမယ်..ခင်ဗျားမှာ လှန်စရာကျန်သေးလားဗျ(၀ှက်ဖဲပြောပါတယ်)... :D

HAPPY CLOUD said...

ချန်ထားတာလေးတွေပေါ့... ဟုတ်လား... ဇလေးနှင့် ဆိုးတဲ့... လူဇိုးလေး....
ဖိုးမောင်

အိုင်လွယ်ပန် said...

အချစ်ကဗျာလှလှလေးဗျ ....
ကောင်းပဗျာ....

Anonymous said...

ဆည်းလည်းတွေကိုတောင် မှန်းနေပြီပေါ့....

စွံအောင်ပဲအရင်လုပ်ပါဦး....

စာသားလေးတွေလှပါတယ်....

အိန္ဒြာ

လင်းဒီပ said...

အရမ်းတွေ နုရွနေပါလား..
တကယ်ဆောက်ပြီးသား အိမ်လေးကို
တစိမ့်စိမ့် ထိုင်ကြည့်ပြီးရေးတာ ဖြစ်မယ်

Unknown said...

ကျွန်တော့်ရဲ့ နှစ်ကိုယ့်တစ်စိတ် အိပ်ခန်းလေးတော့ အခု အဆိပ်တစ်ခြမ်းသင့်သွားပြီ ပေါ့အစ်ကို...။ သမုဒယအလွမ်းနဲ့ အခုတော့ အနမ်းတွေလဲ ကြမ်းပြင်မှာ ပြန့်ကျဲလို့...။

လူတွေက စိတ်ကူးယဉ်တယ်ဆိုတာကို ဈေးအပေါဆုံး အခမဲ့ဝန်ဆောင်မှုတစ်ခုအဖြစ် မှားယွင်းစွာ စော်ကားကျတယ်...။ အမှန်က စိတ်ကူးယဉ်တယ်ဆိုတာ ဘ၀တစ်လျှောက် ခြစ်ခြစ်ကုတ်ကုတ် စုစည်းခဲ့ရတဲ့ ခံစားချက်တွေနဲ့ ရင်းပြီး လောင်းကြေးထပ်ရတဲ့ လောင်းကစားပွဲ တစ်ခုပေါ့...။

MANORHARY said...

အင်း..စိတ်ရဲ့စေရာနာခံထားတဲ့ကဗျာတစ်ပုဒ်လေလား
လို့တွေးနေမိရဲ့........

Anonymous said...

အဟင့်

စိတ်ကူးနဲ့ပဲ ဆောက်တာဆိုတော့လည်း Estimate ကို စိတ်ကူးနဲ့ပဲ တွက်ပေးမယ်။ :P
စိတ်ကူးတွေ ယဥင်္နေပြီပေါ့လေ...
အေးပေါ့ အေးပေါ့ ဒီဇင်ဘာလည်း နီးလာပြီဆိုတော့ :D

Kaung Kin Ko said...

ဆည်းလည်းလေးတွေတောင် ရင်ခုန်တတ်နေပြီ တဲ့လား။ ဒါဆို အိမ်ကလေးက အရမ်းပျော်ဖို့ ကောင်းမှာပဲ။

Kaung Kin Ko said...

ကန္တာရလို နေရာမျိုးမှာ
နေပြောက်မတိုး တောအုပ်စိုက်ချင်တဲ့....ငါ

အဲဒီ့အသုံးလေးလည်း အရမ်းကြိုက်တယ်ဗျ။

minn thuka said...

စပေါ်ဘယ်လောက်တင်ရမလဲ...
နားလည်မှု့တွေ ချစ်သူက နေ့ပြန်တိုးနဲ့
မသိမ်းခင်အထိ အတူတူနေချင်လို့
အဲဒီ အိမ်လေးငှါးပါလား....

ညီအကိုများ said...

စိတ်ကူးနဲ့ဆောက်တဲ့အိမ်လေး.. သာယာကြူးနူးခံစားမှုအပေါင်းခညောင်းတယ်ဗျာ..

အပိုင်သိမ်းသွားတယ်ဗျို့..

ခင်မင်လေးစားလျက်
မိုးကြယ်

ကိုရင်နော်ခင်လေးငယ် said...

ကိုမိုးမြင့်တိမ်ရေ...

ဘယ်လောက်များ ချစ်ဖို့ကောင်းတဲ့ အိမ်လေးဖြစ်မလဲနော်...

နောက်ဆုံး အပိုဒ်လေး ဖတ်ရတာ ကြည်နူးစရာလေး...

အဲ့လောက်တော့ မချစ်ကြနဲ့လေ..

ဆည်းလည်းလေးတွေ ရင်အခုန်လွန်ရင်..
နှလုံးရောဂါရ သွားမှာပေါ့... :P

ပျော်ပါစေနော်.. ထာဝရပေါ့...

ခင်မင်တဲ့....

Anonymous said...

အိမ်ဆောက်တာနဲ့ ဆည်းလည်းလေးတွေ ရင်ခုန်နေတာ မမြန်လွန်းဘူးလား ကိုယ့်ဆရာ...း)

အောင်သာငယ်

လွတ်ငြိမ်းလေပြေ (breeze) said...

ဆည်းလည်းလေးတွေ ဆည်းလည်းလေးတွေး)
မြန်မြန်ရပါစေ

khin oo may said...

ခံစားသွားသည်

ပန်းခရမ်းပြာ said...

ဆည်းလည်းလေးတွေရဲ့ ရင်ခုံသံကို လာနားထောင်သွားတယ်။

ဆောင်းယွန်းလ said...

နှစ်ကိုယ့်တစ်စိတ် အိပ်ခန်း
သမုဒယလွှမ်း ကြမ်းပြင်
ရင်ငွေ့ချ ပန်းချီတစ်ချပ်နဲ့
သပ်ရပ်တဲ့ ဧည့်ခန်း
သံယောဇဉ် မြေနီလမ်းထဲ
နေခြည်ဖျော့ဖျော့ ထွေးဖက်
မေတ္တာဓါတ်နဲ့ ဆောက်တဲ့အိမ်
သစ္စာပန္နက်ရိုက်ရင်း ဖြစ်တည်
ငါ့.. မြတ်နိုးခြင်းနှင်းဆီ
မင်းပန်ဆင်ဘို့ ဖူးပွင့်နေခဲ့...။

လှလိုက်တဲ့ကဗျာလေး.....

Anonymous said...

ဒီကဗျာလေးကိုတော့ ရင်ထဲက ပြောချင်တဲ့ စကားရိုးရိုးလေးနဲ့ မန့်မယ် ဆရာ ...

ကဗျာလေး သိပ်လှပါတယ် ...
ကျွန်တော့် ရင်ထဲ နစ်ကနဲ ရောက်လာတယ် ....
ကျွန်တော့် အဖြစ်နဲ့လည်း သိပ်တိုက်ဆိုင်တယ် ...
ချစ်သူနဲ့ အတူ ရှိချင်ခဲ့တဲ့ အိမ်ကလေး, အဲဒီ့ အိမ်ကလေးပါ ...
ကျွန်တော် သိပ်နေချင်တဲ့ အိမ်ကလေး ...

အဲဒါပါပဲဆရာ ...
ကဗျာဆရာတွေရဲ့ ရင်ထဲက နှလုံးသား၊ ခံစားမှု၊ အချစ်နဲ့ သံယောဇဉ်ဟာ ဘာကြောင့်များလာတူနေရတာလည်း ...
ရင်ဘတ်ခြင်းတူနေတာ အနုပညာကြောင့်လို့
တဖြည်းဖြည်း တိုးလို့တိုးလို့ ယုံကြည်နေလာတော့တယ် ...

အကြိုက်ဆုံး အပိုဒ်ကို ပြောရရင် ...
ကဗျာမှာ ရှိရှိသမျှသော အပိုဒ်တိုင်းက
ရင်ကမ်းစပ်ကို တ၀ုန်းဝုန်ရိုက်ခတ်တဲ့ ခေါင်းဖြူလှိုင်းစတွေပဲ ဆရာ ... အရမ်းလှတယ် .... လေးစားမိတယ် ....

ချစ်ခြင်းမှာ ဆည်းလည်းတွေ တပ်ဆင်မထားပေမယ့်
ရင်ခုန်တတ်အောင် ကဗျာဆရာ ပြုစားနိုင်လွန်းတယ် ...

ပါးစပ်အဟောင်းသားနဲ့ ကျွန်တော်
လူရော စိတ်ပါ ပစ်ခံစားမိသွားရလောက်အောင်
လေးညှို့ချက်က သန်လှပါကလား ဆရာရယ် ....

ခင်မင်လေးစားစွာဖြင့်

Template by - Abdul Munir