Tuesday, February 17, 2009

ပန်း "အ" တောင်

အဆိပ်မဲ့ပင့်သက်ကို ရှာဖွေရင်း
ငုပ်လျိုးတဲ့နေကိုမှ သိမ်းပိုက်ချင်ခဲ့ ။

မျက်ရည်နဲ့ မိတ်ဆက်ရင်း
ရင်ကို သွန်ကြဲတော့
ကြေမွသွားတဲ့ အဘိဓမ္မာမှာ
ရူးသွပ်မှု မျက်နှာစာတွေပါရဲ့ ။

နင်းပစ်လိုက်ကြစမ်း....

အကြည့်တွေ ဖြတ်လျှောက်ဖို့
ငါ့အသည်းကို ဆုတ်ဖြဲထားတယ်
ဝေဒနာ စိမ့်ထွက်သရွေ့
ဒီရင်ငွေ့နဲ့ အသက်ဆက်မယ် ။

အတ္တလေကိုရှုရင်း
အကြိမ်ကြိမ်မိုက်တဲ့ ကမ္ဘာမှာ
သက်တန့်တောင်မှ အရောင်မပါဘူး ။

အရှိကို မရှိလုပ်
မရှိခြင်းကို အရှိဖန်ဆင်း
နက်နဲခြင်း တင်းပြည့်ကျပ်ပြည့်နဲ့
ငါ့လောကမှာ ငါ့လသာရင်
စကြာဝဋ္ဌာမလိုဘူး

ရင်ဘတ်တစ်ခြမ်းနဲ့
နဂါးငွေ့တန်း လင်းမယ် ။

ချစ်ခြင်းဆိုတာ တိုက်စားတတ်ခဲ့ရင်
ရေမျောကမ်းတင် ကောင်တစ်ကောင်ကို
ဆွဲဆောင်ခေါ်ယူ သွားလိုက်စမ်းပါ
ငါ့အနာဂတ်တွေ အဓိပ္ပါယ်ပြည့်နေချင်လို့ ။

အခုတော့လည်း
ဝေးကွာရက်ကို ရေတွက်ရင်း
ဝိညဉ်ဆိတ်သုဉ်းမဲ့ အဲဒီ့ကားစင်ထက်
ငါ့ရင်ဘတ် ကြေကွဲမှုအရောင်ထွက်သရွေ့
ဟေ့..............
ဒီတောင်ထိပ်မှာ ပန်းမပွင့်စေဘူး ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.chnpress.com မှ ကူးယူဖော်ပြပါသည်။

15 comments:

အိန္ဒြာ said...

အတ္တလေကိုရှုရင်း
အကြိမ်ကြိမ်မိုက်တဲ့ ကမ္ဘာမှာ
သက်တန့်တောင်မှ အရောင်မပါဘူး

ဟုတ်တယ်...

ငါတို့က အရှိလို့ထင်နေခဲ့တဲ့ အရာတွေနဲ့
ငါတို့ကိုယ်ငါတို့လှည့်စားကြည့်နေရတာ..

သက်တန့်
အင်း.........
ထူးအိမ်သင်ကတော့ပြောတယ်
" ရှိတော့ရှိတယ် အရှိမဲ့ တဲ့"

လင်းဒီပ said...

ပန်းတွေ တောင် “အ“နေတယ်..
အတော်တာသွားတဲ့ စကားပဲ..

BLACK DREAM said...

ငါ့လောကမှာ ငါ့လသာရင်
စကြာဝဋ္ဌာမလိုဘူး

ရင်ဘတ်တစ်ခြမ်းနဲ့
နဂါးငွေ့တန်း လင်းမယ် ။

အဲ့ဒီ့စာသားကိုတော့ တော်တော်ကြိုက်တယ်အစ်ကို။

လွတ်ငြိမ်းလေပြေ said...

ပန်းကလေးတွေကို ပွင့်ခွင့်ပေးလိုက်ပါ

မိုးကြယ် said...

ကိုယ့်ဆရာရေ ကောင်းလွန်းတယ်ဗျာ..
တစ်ကယ်ပါ.. ပန်းတွေတောင် အ သွားရတယ်...

ခင်မင်လေးစားလျက်
မိုးကြယ်

မိုးမောင်(happycloud) said...

(((တောက်))) ကဗျာလေး ဖတ်ကောင်းကောင်းနဲ့ ဖတ်နေတာကွာ.. အပေါ်က ကွန့်မန့်ဖတ်မိမှ.. မိုးကြယ်ကို သနားမိသွားတယ်... ဘာတဲ့ “တကယ်ပါ.. ပန်းတွေတောင် အ သွားရတယ်” ဆိုပဲ။ မိမိုးမြင့်.. ဘာလုပ်လိုက်သလဲ ကလေးကို...း)။


ပျော်စေပါးစေ.. ဘော်ဒါတို့ရေ..

အိုင်လွယ်ပန် said...

ကဗျာကောင်းပါ့ဗျာ

ဆောင်းယွန်းလ said...

အတ္တလေကိုရှုရင်း
အကြိမ်ကြိမ်မိုက်တဲ့ ကမ္ဘာမှာ
သက်တန့်တောင်မှ အရောင်မပါဘူး ..
ဒီအပိုဒ်လေးကို ဖတ်ပြီး ညီလေးရင်ထဲကို လှမ်းမြင်လိုက်ရပါတယ်....ကဗျာကောင်းလေးတစ်ပုဒ်ကို
သေသေချာချာဖတ်ပြီး နက်နက်ရှိုင်းရှိုင်း ခံစားသွားပါတယ်ကိုယ့်ညီရေ့

နှင်းပွင့်ဖြူလေး said...

ရင်ဘတ်တစ်ခြမ်းနဲ့
နဂါးငွေ့တန်း လင်းမယ် ။

လင်းစေ.... သတည်း............း)

အမရာ said...

အကိုရေ...ပေါက်ကွပြင်းရှနေပါလား
ကဗျာလေးကောင်းတယ်.....
တကယ်ခံစားချက်နဲ့တူတယ်....

ကောင်းကင်ကို said...

ကဗျာလေး ဖတ်ပြီး ကြေကြေကွဲကွဲ ခံစားသွားတယ်ဗျို့ ။

Minn said...

လောကကြီးကို တစ်ခါတရံအကောင်းမြင်လိုက်ညီလေး
ပြီးတော့တစ်ခါ အဆိုးဘက်ကကြည့်..
အကောင်းဘက်ကကြည့်လွန်းရင်လဲ တိုက်တန်းနစ်လို
အသက်ကယ်လှေ မလောက်ပဲနေတတ်သလို
အဆိုးဘက်ကမြင်လွန်းနေပြန်တော့လဲ ကနောင်မင်းသားကြီးရေမြုပ်ဗုံးလို လိုအပ်နေလျှက်နဲ့..
ဆိုကရေးတီး။ အဲန်တီးသနစ္စ။ဒိုင်အောဂျနီး(စ)..သူတို့အားလုံးကို အဆိုးမြင်ဒါဒီတွေလို့သတ်မှတ်ခဲ့ကြပေမဲ့
သူတို့ ထောက်ပြခဲ့ကြလို့လဲ အတွေးအခေါ်တွေ လတ်ဆတ်ခဲ့တာ မဟုတ်လား
ရင်ဘတ်ဆိုတာလဲ....တစ်ခါတစ်ရံတော့........
ဘယ်ကိန်းဂဏန်းနဲ့မှ ညှိလို့မရတာ သောကဝေနာ
မီးတောင်ထိပ်ဝတစ်ခုလိုဖြစ်နေတဲ့ နှလုံးသား
ဘယ်ပန်းလန်းနေနိုင်ပါ့မလဲ....
ရင်ဘတ် လေဖြတ်နေရင်လဲ
မျက်လုံးတွေနဲ့ ဆက်မုန်း/ပြုံး တစ်ခုခုပေါ့

ကိုရင်နော်ခင်လေးငယ် said...

အချစ်တွေနဲ့ လင်းမဲ့ နဂါးငွေ့တန်းထဲမှာ
နက်နဲခြင်းနဲ့ ထွန်းတောက်တဲ့ 'လ' လေးကို စီးခိုရူးသွပ်ရင်း...

အနာဂတ်ရဲ့ အဓိပ္ပါယ်ပြည့်ဖို့... ဝေးကွာမဲ့ ရက်ကိုရည်တွက် ကြေကွဲမှု အရောင်တွေကို ပုံဖော်ကြည့်မဲ့အစား...

ကားစင်ထက်မှာ လည်စင်းပေးရင်း ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး နှင်းဆီရိုင်း တစ်ပွင့်လောက်တော့ ဖူးပွင့်ခွင့် ပေးလိုက်ပါလား ကဗျာဆရာကြီးရယ်...!!

ခင်မင်တဲ့...
ကိုရင်၊ မလေး၊ ကလေးလေး

ွGreenGirl said...

ကိုကြီး... ပန်းတွေ သနားပါတယ်
ပွင့်ခိုင်းလိုက်တော့နော်

Anonymous said...

ပန်းမပွင့်စေဘူး ဆိုတော့ လိပ်ပြာ မလာစေချင်လို့ ထင်တယ်။

Template by - Abdul Munir