Thursday, February 12, 2009

ဘ၀သို့ စီးမျောခြင်း



ပုံသဏ္ဍာန်တွေ မှန်ပါ့မလား
ပြောင်းလဲနေတဲ့ သဘာဝထဲ
အမှန်တရားဆိုတာ....
လူအားလုံး လက်ခံလား ။

တစ်ခါတစ်ရံမှာ
လူလက်မခံတဲ့ အမှန်တရားတွေ
ရှိနေတတ်ခဲ့ ။

သိပ်မထူးဆန်းပါဘူး
ခေါက်ရိုးကျ နေ့ရက်တွေထဲ
ဖြတ်သန်းကျင်လည်ရင်း
ကျေနပ်လိုက်ရ ။

စွန့်လွှတ်လိုက် သိမ်းပိုက်လိုက်
ရယူလိုက် ပေးဆပ်လိုက်
ရဲဝံ့လိုက် ကြောက်ရွံလိုက်
စာနာလိုက် တရားမဲ့လိုက်
ကြင်နာလိုက် ရက်စက်လိုက်

ဒီလိုနဲ့......

တစ်ယောက်ရင်ဘတ် တစ်ယောက်ဖောက်ရင်း...
တစ်ယောက်ခေါင်း တစ်ယောက်နင်းရင်း...
တစ်ယောက်အသား တစ်ယောက်စားရင်း...

နှလုံးသားတွေ လေလံတင်
ကံကြမ္မာကို ဂုဏ်ရောင်ဆိုး
ရွှေကို ရွှေနဲ့ထပ်
ယဉ်ကျေးမှုကို ပြတိုက်ပို့
ကျင့်ဝတ်ကို ခ၀ါချ
ဆင်းရဲခြင်းကို ငွေနဲ့နင်း
အတ္တခြင်းတွေ အလှပြိုင်ကြ ။

ဘ၀ဆိုတာ
အခြေတကျ တွယ်ငင်သွားတဲ့ အမြစ်လား
ဒါမှမဟုတ်
သံသရာအတွက် ပြည်ဝင်ခွင့်လက်မှတ်လား ။

လွှင့်ထုတ်ပစ်လိုက်စမ်းပါ

ရပ်နေရင်း လဲကျသွားတာ
မြေမျိုတာ မဟုတ်
မီးခိုးဖြစ်တိုင်း
လွင့်ပါးနိုင်ခြင်း မဟုတ်
တိမ်စိုင်ဖြစ်တိုင်း
ရွာသွန်းနိုင်ခြင်း မဟုတ်
အိမ်ရှိတိုင်းလည်း
ခိုနားနိုင်ခြင်း မဟုတ် ။

ကဲ...ငါတို့
ကိုယ့်ဒုက္ခ ကိုယ်ရှာကြမလား ။

ကျားကုတ်ကျားခဲ
တရွတ်ဆွဲ ဖြတ်သန်းလာလိုက်တာ
ငါ့ကိုယ်မှာလည်း ဘ၀ပေးတဲ့ဒဏ်ရာတွေပြည့်လို့ ။

ဟေ့........
လွယ်လွယ်နဲ့သာ ပန်းပွင့်ကြေးဆို
ဥယျာဉ်မှုးတွေ သူဌေးဖြစ်ကုန်ပြီ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


( စိတ်ထဲမွန်းကြပ်လွန်းနေ၍ ဖောက်ထုတ်ခြင်း သက်သက်သာ )

အထက်တွင် အသုံးပြုထားသောပုံကို www.georgekrevskygallery.com မှ ကူးယူဖော်ပြပါသည်။

10 comments:

GreenGirl said...

ကျားကုတ်ကျားခဲ
တရွတ်ဆွဲ ဖြတ်သန်းလာလိုက်တာ
ငါ့ကိုယ်မှာလည်း ဘ၀ပေးတဲ့ဒဏ်ရာတွေပြည့်လို့ ။


ဟုတ်တယ်
တော်တော်နာနေပြီး(

ကိုရင်နော်ခင်လေးငယ် said...

ပေါက်ကွဲ သံစဉ်တွေကို ဖတ်သွားပါတယ်..
များများမွန်းကြပ် ဒါမှ ကဗျာကောင်းတွေ များများဖတ်ရမှာ.. ဟီးး..

Anonymous said...

မီးခိုးဖြစ်တိုင်း
လွင်းပါ့နိုင်ခြင်း မဟုတ်
တိမ်စိုင်ဖြစ်တိုင်း
ရွာသွန်းနိုင်ခြင်း မဟုတ်
အိမ်ရှိတိုင်းလည်း
ခိုနားနိုင်ခြင်း မဟုတ် ။

ကဲ...ငါတို့
ကိုယ့်ဒုက္ခ ကိုယ်ရှာကြမလား ။

လတ်တလော ကျနော့်ခံစားချက်တွေနဲ့ တထပ်တည်းကျနေတယ် ကဗျာဆရာ...။ ကဗျာဆရာနဲ့ ကျနော် စိတ်အခန့်မသင့်တိုင်း တိုက်ဆိုင်နေတယ်။ ၀ှက်ဖဲပေါင်းမြောက်မြားစွာ ခင်ဗျာမှာ ရှိနေတာသေချာပြီ။

လွတ်ငြိမ်းလေပြေ (breeze) said...

bro,

RELAX

Anonymous said...

မောင်လေး...

အတွေးတွေပါတဲ့
ကဗျာတွေက
အာရုံမှာ ဆာနေတာ..တွေပြေပျောက်စေတာပေါ့..
အခု....
အာရုံကဆာလောင်ခြင်းတွေ ပြေပျောက်သွားစေတာအတွက်..
ကျေးဇူးးးးး...........

ညီအကိုများ said...

အစ်ကိုရေ တစ်ကယ်ပဲစီးမြောလိုက်ရတယ်ဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

ဆောင်းယွန်းလ said...

ဟေ့........
လွယ်လွယ်နဲ့သာ ပန်းပွင့်ကြေးဆို
ဥယျာဉ်မှုးတွေ သူဌေးဖြစ်ကုန်ပြီ ။

သိပ်မှန်တာပဲညီလေးရာ...ဘဝဆိုတာဒါပဲလေ.ရှာဖွေလေ တွေ့ရှိလာရလေပါပဲ...

minn thuka said...

အထပ်ထပ်အံဝှက်လေးတွေနဲ့
အတွေးလေးတွေ ကောင်းပါ့ဗျာ
မြွေလေးတစ်ကောင် အရေခွံလဲနေတာ
ထိုင်ကြည့်နေရသလိုပဲ..။။

Unknown said...

ဆရာသစ္စာနီရဲ့ စကားကိုယူသုံးရမယ်ဆိုရင်တော့ ဘ၀ဆိုတာ အကုသိုလ် အကြွေးယူတဲ့နေရာပဲ အစ်ကိုရေ..။

Unknown said...

ဟေ့........
လွယ်လွယ်နဲ့သာ ပန်းပွင့်ကြေးဆို
ဥယျာဉ်မှုးတွေ သူဌေးဖြစ်ကုန်ပြီ ။
မှန်တာပေါ့ အကိုရာ..
ဟေ လွယ်လယ်နဲသာ.
ကဗျာ တစ်ပုဒ်ဖြစ်ရင်.
ကဗျာဆရာကြီးတွေလည်း
ထမင်းငတ်
ကုန်ပြီ..း )..
..

Template by - Abdul Munir