Saturday, June 13, 2009

နွံနစ်သွားသော လတစ်ခြမ်း

ချွေချခံလိုက်ရတဲ့ အမှောင်ထုကို လိုက်ကောက်ဖို့ကြိုးစားရင်း ...
တိတ်ဆိတ်မှုတွေက ငါ့တံခါးကို လာခေါက်နေကြပေါ့...

ငါဘယ်ရောက်နေလဲ..

ဘယ်နေရာမှာလဲ..

မြင်မြင်သမျှအရာအားလုံးမှာလဲ အမိုက်မှောင်တွေဖုံးအုပ်လို့...
အရိုးနင့်အောင်ကြွေရင်း ဘ၀ကိုဖြတ်သန်းလာလိုက်တာ...
ငါ့အာရုံတွေခါးနေမှန်းကို ငါတကယ်ကိုမသိခဲ့လိုက်ဘူး...
တကယ်ဆိုငါက မြောက်အရပ်ကိုမှ တောင်ဘက်ရွှေ့ချင်ခဲ့မိတာ..
တစ်ခါသာ ပစ်ချခဲ့လိုက်မိတဲ့ ရာဇ၀င်..
ငါ့လောကကို ၀င်ရောက်မွှေနှောက်သွားလိုက်ပုံများ ..
စိတ်ကူးစိတ်သန်းနဲ့ တည်ဆောက်ခဲ့တဲ့ တောင်တန်းတွေဟာလည်း ..
ကြေကွဲဖွယ်ရာ ပက်ကြားအက်တို့ရဲ့ စုပ်ယူစားသုံးခြင်းမှာ အပြိုပြိုအလဲလဲ ။ ။

တကယ်ဆို ငါကတိမ်တစ်စ ဖြစ်ချင်ခဲ့မိတာ...
လွတ်လပ်တယ် ပေါ့ပါးမယ် နေရာဒေသမရွေး ငါရွေ့လျားနိုင်တယ်...
မထင်မှတ်လိုက်ဘူး .. တကယ့်ကို မထင်မှတ်လိုက်ဘူး...ကံကြမ္မာသူခိုးရဲ့ ချောက်တွန်းမှုမှာ..
ငါဟာ မိုးစက်တစ်စက်ဖြစ်နေမှန်းကိုပေါ့...
တစ်စုံတစ်ခုကို ရဘို့ တစ်စုံတစ်ရာထက်ပိုတဲ့ တန်ကြေးတွေပေးရမယ်မှန်းသိရင်..
ကွက်ကျားမိုးတို့ရဲ့ အထ္တုပတ္တိကို ငါပြင်ရေးချင်တယ်...
အစွမ်းအစတော့မရှိဘူး ဒါပေမယ့် တစ်လမ်းသွားခရီးတွေကို ငြီးငွေ့တတ်တဲ့ငါ..
အခု ဒီတစ်လမ်းကို ငါလှမ်းနေရပေါ့ ။ ။

ပြေးဝင်တိုးဝှေ့လာတဲ့ လေတစ်မျှင်ကိုမှ မက်မက်မောမောရှုရှိုက်မိခဲ့တဲ့ငါ ..
ပြင်ဆင်ခွင့်မရှိခြင်းတွေသာ အဲဒီနောက်မှာ ကပ်ပါလာမှန်း...
ငါသာကြိုသိခဲ့ရင်...
ဘယ်သူမှ မသိခဲ့ဘူး.. ကိုယ့်ရင်ကိုယ်ထုနေရတဲ့အဖြစ်တွေ...
ကိုယ့်ဆံပင်တောင် မြဲမြံအောင် မထိန်းသိမ်းနိုင်တော့တဲ့ ခန္ဓာမှာ..
သေးသိမ်ကြုံလှီသွားတဲ့ စိတ်ဓါတ်တွေနဲ့...
ခရီးဆက်ဖို့ရာ ငါ့အတွက်မြေသြဇာတွေလိုနေတယ်..

ငါဘာလုပ်မလဲ...

ဘာလုပ်ခွင့်ကောရှိသေးလဲ...

ကိုယ့်ကိုယ်ကိုယ် စိုက်ပျိုးရင်းထွန်ယက်ကြည့်လိုက်တော့...
ငါ့သက်တမ်းမှာ လတစ်ခြမ်းပျောက်နေတယ်...
မှားခဲ့ပါတယ်လို့ ၀န်ချတောင်းပန်ဖို့ထက် အဲဒီ့အမှားအတွက် ငါထမ်းလိုက်ရတဲ့ဝန်က...
ကံကြမ္မာတရားရေ.. ခင်ဗျားမတရားဘူးလို့မစွပ်စွဲချင်ဘူး ..
ငါကိုယ်တိုင်ကိုက ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားခဲ့တာ...
ခက်ခက်ခဲခဲ ရှုထုတ်လိုက်တဲ့ လေရဲ့အဆုံးမှာ...
ငါ့ဝန်းကျင်တစ်ခုလုံး အဖြူရောင်တွေလွှမ်းသွားလိုက်တာ...
ငါကြိုးစားပြီး လှမ်းရဦးမယ် .. ခပ်ပျပျအဝေးတစ်နေရာက အမေ့ရဲ့ ခေါ်သံငါကြားလိုက်ရတယ်..
ဆို့နင့်နေတယ်..ကြေကွဲနေတယ်..ယူကြုံးမရမှုတွေပါဝင်နေတယ်..
ဖြစ်ရလေခြင်းဆိုတဲ့ မချိတင်ကဲစိတ်...လက်လွတ်ဆုံးရှုံးရပြီဆိုတဲ့ အသိတွေနဲ့ ...
တစ်တစ်ချင်ချင်ခေါ်ငင်လိုက်တဲ့ အမေ့ရဲ့ပူဆွေးမှုပြယုဂ်...
ခွင့်လွှတ်ပါတော့အမေ..
စိတ်အခါးတစ်ချို့ကို အမေ့ဆီကနေ သယ်ထုတ်သွားခွင့်ပြုပါတော့...
ခပ်လှမ်းလှမ်းရှေ့တစ်နေရာမှာ တံခါးတစ်ချပ်မြင်နေရတယ်...
ရွေးချယ်စရာ လမ်းမရှိဘူး...
ဒီတံခါးကိုဘဲ ငါ....ဖြတ်သန်းသွားရတော့မယ် ။ ။

အေ အိုင် ဒီ အက်စ် တဲ့...ဘ၀များစွာကို သတ်ပစ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

11 comments:

အိုင်လွယ်ပန် said...

ကြိုသိခဲ့ရင်
ပြင်ဆင်ခွင့်မရှိတဲ့ဒီအမှား
တစ်ခဏစာထုံလွှမ်းမှုအတွက်
ငါမစားသုံးဘူး ...........

အခုတော့
အမေ လို့ခေါ်လိုက်သံကိုက
တုန် ရီ အက် ကွဲ
ပြန်ဆွဲခွင့် မရှိတော့တဲ့
ကံကြမ္မာဝှက်ဖဲအောက်မှာ
နေ့ဟာနေ့လိုမျိုး
ညဟာညလိုမျိုး
ဆုံးရှုံးခြင်းတွေထမ်း
ဖြတ်လှမ်းသွားရမယ့်
တံ ခါး တစ် ချပ် ဆီ ..............။။။

အတွေးလေးကောင်းတယ် ကိုမိုးမြင့်ရေ ........။။။

ကိုရင်နော်ခင်လေးငယ် said...

အမြင့်ရေ..
ကောင်းလွန်းတယ်..

ကဗျာရွတ်သံလေးနဲ့ တွဲပြီး ဖတ်ချင်မိတယ်..

အမြင့်ရေ..
အတွေးတွေ အရေးတွေ အတွက် အမြဲလေးစားနေတယ်..

အိန္ဒြာ said...

ကဗျာနဲ့ရေးဖွဲ့ထားတဲ့ စကားပြေလေးပေါ့..

စိတ်ဒဏ်ရာတွေကို သေသေသပ်သပ်ဆေးချယ်ပြထားတဲ့
ပန်းချီတစ်ချပ်ပေါ့...

အသံထွက်နေတဲ့ ၀တ္ထုပေါ့...

ဘယ်သူမပြုမိမိမှု...
ကိုယ်ပြုသည့်ဒဏ် ကိုယ်သာခံဆိုတာတွေရှိပေမယ့်

တစ်ခါတစ်ခါ ကံကြမ္မာရဲ့စီရင်ချက်တွေက..
မမျှတလွန်းတဲ့ ၀န်တစ်ခုလို
နင့်နည်းရက်စက်လွန်းပါတယ်..

မောင်လေးရေ..
အဲဒါကိုက..
ဘ၀ တဲ့

may16 said...

ခေါင်းစဉ်လေးကို တွေ့လို့လာဖတ်ပါတယ် ဒါပေမယ့် ဘာမှမပြောတတ်လို့ ဖတ်ရုံပဲဖတ်သွားပါတယ်

Mhu Darye said...

ကဗျာလား၊ အသက်သွင်းထားတဲ့ ကိုယ်ချင်းစာ တရားလား..၊ ဒီအတွေးလေးနဲ့ ဖတ်သွားခဲ့ပါတယ်။

Minn said...

ကပြားလေး မို့ချောတာထင်တယ်...
ပြူတင်းပေါက်ရှေ့က ခန်းဆီးစလေးလိုပဲ
နွဲ့နွဲ့လေးလှုပ်နေတာ...မြင်ကွင်းတွေ လှစ်ကနဲပြလိုက် မခို့တရို့လေးဝှက်လိုက်နဲ့
သဘောကျပါတယ်ဗျာ...။

MANORHARY said...

ဘဝများစွာ
ရွေးချယ်ရာမဲ့လမ်းများ
ကံတရား၏ကျီစယ်မှု
မှောင်မိုက်သွားသောကမ္ဘာ
အရာရာ...........
................
................

MANORHARY said...

ဘဝများစွာ
ရွေးချယ်ရာမဲ့လမ်းများ
ကံတရား၏ကျီစယ်မှု
မှောင်မိုက်သွားသောကမ္ဘာ
အရာရာ...........
................
................

ဆောင်းယွန်းလ said...

တစ်ခါသာ ပစ်ချခဲ့လိုက်မိတဲ့ ရာဇ၀င်..
ငါ့လောကကို ၀င်ရောက်မွှေနှောက်သွားလိုက်ပုံများ ..
စိတ်ကူးစိတ်သန်းနဲ့ တည်ဆောက်ခဲ့တဲ့ တောင်တန်းတွေဟာလည်း ..
ကြေကွဲဖွယ်ရာ ပက်ကြားအက်တို့ရဲ့ စုပ်ယူစားသုံးခြင်းမှာ အပြိုပြိုအလဲလဲ ။ ။

တပုဒ်လုံးကောင်းတယ်ညီလေးရေ.
အပေါ်ကပါဒလေးကိုတော့ အငြိဆုံးပဲ

kaungkinpyar said...

ရောဂါခံစားနေရသူ တယောက်ရဲ့ ခံစားချက်၊ ဘ၀ ကို ပေါ်လွင်အောင် ရေးဖွဲ့ ထားတယ်၊

ငါဟာ မိုးစက်တစ်စက်ဖြစ်နေမှန်းကိုပေါ့...
တစ်စုံတစ်ခုကို ရဘို့ တစ်စုံတစ်ရာထက်ပိုတဲ့ တန်ကြေးတွေပေးရမယ်မှန်းသိရင်..
ကွက်ကျားမိုးတို့ရဲ့ အထ္တုပတ္တိကို ငါပြင်ရေးချင်တယ်...
အစွမ်းအစတော့မရှိဘူး ဒါပေမယ့် တစ်လမ်းသွားခရီးတွေကို ငြီးငွေ့တတ်တဲ့ငါ..
အခု ဒီတစ်လမ်းကို ငါလှမ်းနေရပေါ့ ။ ။

အမ ဒီနေရာလေး ကြိုက်တယ်၊ သူ့  ခံစားမှုနောက်ကို လိုက်နေရသလိုပဲ၊ ဒီလောက်ပဲ နားလည်တယ် မောင်လေး

Heartmuseum said...

ကောင်းတယ်ဗျာ.... အတွေးကော အရေးပါ.....

Template by - Abdul Munir