Sunday, June 28, 2009

နှလုံးရင်မြစ်၌ ကျောက်ဖြစ်သွားသောပန်း

ကြွေ.....

ကြွေတဲ့.....။
နာမည်လေးက ခပ်ဆန်းဆန်း။ တစ်လုံးတည်းမှည့်ထားတဲ့နာမည်လေး။
ကြွေမို့လို့ဘဲ ချွေခဲ့တာလား ။ ဒါမှမဟုတ်......
ကိုယ်ကိုယ်တိုင်ကဘဲ ကြွေခဲ့တာလား ကြွေရယ်..။
အခုတော့လည်း ရင်မှာအဖြေမရှိ ။ မေးမိတဲ့ကိုယ့်အသဲ(သည်း)ကို ကိုယ်ကိုယ်တိုင်ခွဲလိုက်ချင်ပြီ ကြွေ..။
အခုအချိန်ဆိုရင် မင်းဘယ်ရောက်နေမလဲကြွေ။ မင်းဘာတွေလုပ်နေမလဲ။ ရင်ခွင်သစ်မှာပျော်ရွှင်နေပြီလား။
ကိုယ် ဒီအတွေးတွေနဲ့ စိတ္တဇဖြစ်နေရပြီကြွေ။ ကိုယ်လေ ကိုယ့်ကိုယ်ကိုယ် အရမ်းမုန်းမိတယ်ကြွေ။
ဒီအချိန်ဆို မင်းရင်ခွင်မှာ လသာနေလောက်ပါတယ်ကြွေ။
ကိုယ့် ရင်ခွင် ခြောက်ကပ်ကပ်မှာသာ နွေရာသီတွေ အဆက်မပြတ်လည်ပတ်နေတာပါ ကြွေရယ်။
ကမ္ဘာ လှည့်ပတ်တဲ့လမ်းကြောင်းကို ပြောင်းနိုင်တဲ့အစွမ်းတွေများရှိခဲ့ရင် ကြွေရယ်....
ကိုယ်တို့ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေထဲမှာဘဲ ကျောက်ချထားလိုက်ချင်တယ်ကြွေ...။
ဆည်းလည်းလေးတွေမြည်ခတ်လိုက်သလို အသံချိုချိုလေး....။
အရာရာမှာ လူကြီးဆန်စမ်းပါလို့ ကိုယ့်ကို ဆရာလုပ်ခဲ့တဲ့ မင်းရဲ့ဟန်ပန်..။
ဟဲ့ မိန်းကလေးဆိုပြီး မီးဖိုချောင်ထဲက မထွက်စတမ်းနေရမှာလား ငါဒါမျိုးတွေဝါသနာမပါဘူးဆိုတဲ့ မင်းရဲ့ဒသနတွေ..။
ပြီးတော့....ပြီးတော့......မင်းနဲ့ ပတ်သက်သမျှ အရာရာပါကြွေ...။
ငါ့အတွက် ဒဏ်ရာတွေကြီးပါဘဲကွာ..။
တစ်ကြိမ်တစ်ခါမှ ဖူးပွင့်ခွင့် မရလိုက်တဲ့ ပန်းကလေးတစ်ပွင့်....
ဘယ်တော့မှလည်း ထပ်မပွင့်နိုင်တော့သလို ဘယ်တော့မှလည်း ပြန်လည်မရှင်သန်နိုင်လောက်အောင်ပါဘဲ
ကြွေ....။
ကြွေ.....ရေ ငါ့နွေတွေ ငိုနေပါပြီကွာ...။

..........................................................................................................................................................

နင်ဟာ ငါ့ရဲ့ တစ်ဦးတည်းသော ယောကျာ်းလေးသူငယ်ချင်းပါ.....။

သူငယ်ချင်းတဲ့လားကြွေရယ်..။ သူငယ်ချင်းတဲ့လား။
ကိုယ်ဒီဘွဲ့ကို မလိုချင်ဆုံးပါဘဲကြွေ။
ဖြေးညှင်းစွာ ကျီစယ်တိုက်ခတ်တတ်တဲ့ လေပြေတွေဆော့ကစားလို့ လွင့်ပျံ့နေတဲ့ မင်းဆံနွယ်လေးတွေကအစ
မင်းဖ၀ါးနုနုလေးတွေ သွေးခြေမဥအောင် ကာကွယ်ပေးတတ်တဲ့ ကတ္တီပါဆိုတဲ့ မင်းစီးတဲ့ ဖိနပ်လေးအဆုံး...
ကိုယ့်စိတ်နှလုံးကလေ အရာရာကြွေပါ ကြွေ...။
မှတ်မိနေပါသေးတယ် ကြွေ..။ ကိုယ်မှတ်မိနေပါသေးတယ်။
ကိုယ့်ရင်ဘတ်ကို မိုးကြိုးတွေနှိပ်စက်တဲ့နေ့ပေါ့ကြွေ။
ကိုယ်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ကိုယ့်ကိုကျဆုံးစေခဲ့မယ်ဆိုတာ ကိုယ်ကြိုသိခဲ့ရင်...
ကြွေ...ကိုယ်လေ သတ္တိတွေမွေးခဲ့ရတယ်ကြွေ...
မင်းနဲ့ပတ်သက်ရင် ကိုယ့်ပါးစပ်တွေက အာစေးထည့်ခံထားရသလိုပါဘဲကြွေ..။
တုန့်ဆိုင်းတွေဝေမှုတွေကြောင့် မင်းကိုလက်လွတ်ဆုံးရှုံးရတာလားကြွေ...။
မဟုတ်ဘူးကြွေ မဟုတ်ဘူး ။ ဒါဟာ ကံကြမ္မာလား။ မရေရာတဲ့အတွေးတွေနဲ့ပါဘဲ ကြွေ..။
တကယ်ဆို မင်းမှ မသိခဲ့တာဘဲ ကြွေ...။
ကိုယ့်ရဲ့ မစူးစမ်းမှုတွေကြောင့်ဘဲလား ။ ကိုယ်သတ္တိတွေ နည်းခဲ့လို့လားကြွေ ။
ဘ၀မှာ အကြိမ်ကြိမ်အောင်မြင်ခဲ့မှုတွေက တစ်ကြိမ်တစ်ခါဆုံးရှုံးရတဲ့အဖြစ်ကို မဖုံးလွှမ်းနိုင်ပါဘူးကြွေရယ်..။
အမြတ်နိုးဆုံးနှလုံးတစ်စုံကွယ်ပျောက်ခဲ့ရတဲ့ ကိုယ့်အဖြစ်ဟာ ရှိသမျှဘ၀လက်ကျန်မှာ အကြိမ်ကြိမ်အဖန်ဖန် လဲပြိုနေဦးမှာပါကြွေ..။
ဒါဟာ အမှားတွေဆိုရင် ဒီအမှားတွေကိုဘဲ ရာသက်ပန်ကိုးကွယ်သွားလိုက်တော့မယ် ကြွေ...
ဒါဟာလေ....
ဒါဟာ..
ကိုယ်မင်းကို သိပ်ချစ်လို့ပါကြွေ...။

........................................................................................................................................................

ငါနင့်ကို ပြောစရာရှိတယ်ကြွေ။

ဟယ်....တိုက်ဆိုင်လိုက်တာ ငါလည်းနင့်ကိုပြောစရာရှိတယ်....။

ဟင် ဟုတ်လား ဒါဆို နင်အရင်ပြောကြွေ ။

ရပါတယ် နင်ပြောစရာရှိတာ အရင်ပြောပါ။

ငါဘယ်တုန်းကများ နင့်ကို ဦးစားမပေးခဲ့ဘူးလို့လဲ ကြွေ..။နင်အရင်ပြောပါ။

ကဲ...ဒါဆိုလည်း ငါပြောမယ်ဟာ...။
ငါ စကာင်္ပူသွားတော့မယ် မင်းခက်။

(((((((ဟင်)))))))))

ဟိုမှာ ကိုကိုက အစစအရာရာ အားလုံးပြင်ဆင်ထားပြီးပြီဟ။
နင်အံ့သြနေလား ။ ငါတို့ဒီအကြောင်းတွေကို ဘယ်သူမှ မပြောပြထားဘူးဟ။
ငါဒီကို ပြောင်းမလာခင် တစ်နှစ်လောက်အလိုကမှ ကိုကိုက စကာင်္ပူကို ထွက်သွားတာလေ။
သူအစစအရာရာ အခြေတကျပြင်ဆင်ပြီးတာနဲ့ ငါ့ကိုလှမ်းခေါ်မယ် ပြောထားတာလေ။
ပြီးရင် ငါတို့ဟိုမှာဘဲ လက်ထပ်ကျမယ်။
မာမီနဲ့ ဒယ်ဒီကတော့ လက်ထပ်တော့မှဘဲ လိုက်လာကြမှာပေါ့။
ငါကတော့ အရင်လိုက်သွားမယ်လေ။ဟိုမှာ အလုပ်ရှာပြီး အရင်လုပ်မယ်။
ပြီးတော့မှ လက်ထပ်မယ်။ ငါအရမ်းပျော်နေတယ်ဟ သိလားမင်းခက်။
ကိုကိုနဲ့ငါ ခွဲနေရတာ သုံးနှစ်နီးပါးရှိပြီလေ။
လေလှိုင်းထဲက အသံလေးတွေနဲ့ဘဲ အလွမ်းဖြေနေရတာဟ။
အခုတော့ ငါတို့ ခွဲမနေရတော့ဘူးပေါ့ ။ နင်ကော ၀မ်းမသာဘူးလား မင်းခက်။

ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ ကြွေ့ မျက်နှာမှာ ၀မ်းသာမှုတွေ၊ ပျော်ရွှင်မှုတွေက အတိုင်းသား...။
ကိုယ်ဘာပြောရမလဲကြွေ...။ ကိုယ်ဘာကိုများပြန်ပြောရမှာလဲ...။
ကိုယ် ၀မ်းသာပေးနေရမှာလား ကြွေ။ ကိုယ်ရည်ရွယ်ခဲ့တဲ့ စကားတွေ။ ကိုယ်မွေးခဲ့တဲ့အားတွေ..။
ကြွေရေ အဟောသိကံဇာတ်မှာ ကိုယ့်အလွမ်းရက်တွေ ဘယ်လောက်များခါးနေလိုက်မလဲကွာ...။
ဒီအကြောင်းတွေကို ကိုယ်ဘာမှ မသိခဲ့ရပါလားကြွေရယ်..။
ဘာကြောင့်လဲကြွေ..။ ဘာကြောင့်များလဲ...။ဒါဟာ ဖုံးကွယ်စရာကိစ္စတစ်ခုလားကြွေ..။
ကိုယ့်ရင်ထဲက မေတ္တာပန်းတွေ အခု ဝေဒနာလေနီကြမ်းတွေကြားမှာ သွက်သွက်ခါယမ်းနေကြပြီကြွေ...။

ဟဲ့....မင်းခက် နင်ဘာဖြစ်နေတာလဲ...။ငါမေးနေတာ ဖြေဦးလေ။ နင်ကောဝမ်းမသာဘူးလားလို့ ။

ငါ....ငါ....နင်နောက်နေတာတော့မဟုတ်ပါဘူးနော်...။

ဟဲ့...ဒါကနောက်စရာမှ မဟုတ်တာ။ ဘာလဲ နင်က မယုံဘူးလား ။

ရုတ်တရက်ဆိုတော့ အံသြသွားတာပါ။ ဒီအကြောင်းတွေကို ငါလုံးဝမသိရပါလားကြွေ..။

မသိဆို ငါတို့က ဘယ်သူ့ကိုမှ မပြောတာကို..။အရင်ပတ်ဝန်းကျင်ကတော့ အားလုံးသိကြတယ်လေ။
ဒီပတ်ဝန်းကျင်ကတော့ ကိုကိုထွက်သွားပြီးမှ ပြောင်းလာတာဆိုတော့ မသိကြတာပါ..။
ပြီးတော့ ပြောဖို့လည်း မလိုအပ်ဘူးထင်လို့လေ။

((((((((ဘာ))))))))

နင်ငါ့ကိုတော့ ပြောသင့်တယ်ထင်တယ် ကြွေ..။

အေးလေ နင့်ကိုငါအခုပြောတာဘဲ။ ဘာလဲ နင်က အခုမှ သိရလို့စိတ်ဆိုးနေတာလား။
ငါတို့က မသေချာသေးဘဲနဲ့ ဘာမှ မပြောချင်လို့ပါဟာ။
ငါကမိန်းကလေးလေ။ တစ်စုံတစ်ခု လွဲချော်သွားရင်။ ဒါကြောင့်မို့ပါဟာ။
ဟဲ့...နင်ငါ့ကို လေယဉ်ကွင်းလိုက်ပို့မှာလား....။ သန်ဘက်ခါ မနက်ဆယ်နာရီခွဲဖလိုက်နဲ့ ။

ငါလိုက်ပို့ဖြစ်မယ် မထင်ဘူးကြွေ...။

အေးလေရပါတယ်ဟာ။ နင်လည်း နင့်ကိစ္စနဲ့ နင်ရှိမှာပေါ့။ မအားရင်လည်း လိုက်မပို့ပါနဲ့ဟာ။
ဒါနဲ့ နင်ပြောစရာရှိတယ်ဆိုတာ ဘာလဲ ပြောလေ..။

ကိုယ်ဘာပြောရတော့မှာလဲ ကြွေ...။ကိုယ်ဘာများပြောရတော့မှာလဲ..။
ကိုယ့်မှာ ဘာများပြောပိုင်ခွင့် ရှိတော့မှာလဲကြွေ...။
ဒါဟာ ကိုယ့်အတွက် ကြွေနဲ့ပတ်သက်တဲ့ ကံကြမ္မာလားကြွေ..။
မတိုက်ရခင်ကတည်းက ရှုံးနိမ့်သွားခဲ့ရတဲ့ စစ်ပွဲမှာမှ ကိုယ်က စစ်သူကြီးဖြစ်ခဲ့ရသူပါကြွေရယ်...။
အခုတော့ ကိုယ့်ရင်မြို့ ပျက်မှာ ဝေဒနာတွေသာ မတ်တပ်ရပ်နေကြတယ်ကြွေ...။
ကိုယ်ဘာမှ မပြောပါရစေနဲ့တော့ကြွေ။ ကိုယ့်ရင်ဘတ်တွေ အသံမထွက်တတ်တော့လို့ပါ...။

ဘာမှ မဟုတ်ပါဘူးဟာ....။ ငါသွားတော့မယ်...။

ခွင့်ပြုပါတော့ ကြွေ...။ ကိုယ်ဘယ်လိုမှ ရပ်တည်နိုင်စွမ်းမရှိတော့လို့ပါ။

........................................................................................................................................................................

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ ပို့ဆောင်သူတွေ ပြန်လည်ရောက်ရှိသူတွေ ထွက်ခွာသူတွေနဲ့
သူ့တာဝန်သူ ကြေပွန်နေပါတယ်ကြွေ..။
ကိုယ်လေ ကြွေ့မျက်နှာလေးကို နောက်ဆုံးမြင်ချင်တဲ့စိတ်နဲ့ လေယာဉ်ကွင်းကို တိတ်တဆိတ်လိုက်လာမိတာပါကြွေ..။
ကြွေရယ်....ဒီနေ့ မင်းအရမ်းလှနေပါတယ်ကြွေ။ ပြုံးပျော်နေတဲ့ မင်းရဲ့ မျက်နှာလေး ။
ကိုယ်တစ်သက်လုံး မှတ်ထားလိုက်ပါတယ်ကြွေ...။
ဘယ်တော့မှ မမေ့နိုင်တော့အောင် မင်းမျက်နှာလေးကို ကိုယ့်နှလုံးအိမ်မှာ ခတ်နှိပ်လိုက်ပါတယ်ကြွေ...။
ကိုယ်လေ...မင်းကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့ပေမယ့် ကိုယ်မင်းကို ထာဝရချစ်နေပါတယ်ကြွေ..။
ဒီအဖြစ်တွေဟာ အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရင်တောင် ကိုယ်လေ မင်းကို ချစ်တဲ့စိတ်တွေနဲ့ဘဲ ထာဝရအိပ်နေပါ့မယ်ကြွေ..။
တကယ်တော့ဒီနေ့ဟာ မင်းအပျော်ဆုံးနေ့တစ်နေ့ဖြစ်မှာပါ ကြွေ..။
ကိုယ့်နှလုံးအိမ်ဟာလည်း သွေးစိမ်းရှင်ရှင်ထွက်တဲ့နေပေါ့ ကြွေရယ်...။
ကိုယ်သိပ်ချစ်ရတဲ့ မိန်းကလေး ကိုယ့်ကို ခွဲခွာသွားမှာကို ကိုယ်တိတ်တိတ်လေး ကြည့်နေရတဲ့အဖြစ်ပါကြွေ..။
မင်းကော ကိုယ့်ကို သတိမှ ရပါ့မလားကြွေ...။
မင်းမျက်နှာလေးကို ငေးကြည့်နေရင်း ကိုယ့် နှလုံးသားတွေ တစ်စစပဲ့ကျနေမှန်း.......
ကြွေရယ်....မင်းသိခဲ့ရင်...
မင်းရဲ့ အပြုံးလက်လက်လေးတွေက ကိုယ့်မျက်ဝန်းက မျက်ရည်တွေကို ဖျောက်ဖျက်ပစ်နိုင်မှာလားကြွေ..
ကိုယ်လေ...ကိုယ်...
ငိုနေမိတယ်ကြွေရယ်...
ကိုယ့်ရင်ကိုယ် အဆိပ်ခတ်နေတဲ့ ကိုယ့်ရဲ့ စိတ်ဓါတ်အလုံးစုံမှာ....
ကြွေရယ်....မင်းအတွက် အချစ်ဓါတ်တွေအပြည့်ပါဘဲ ကွာ....
ကိုယ့်ဝေဒနာတွေကို ကိုယ်တူးဖော်နေ့ရတဲ့ ကမ္ဘာပျက်နေ့ရက်တွေမှာ....
ကြွေရယ်.....ကိုယ့်ကို တစ်ချက်လောက် သတိရပေးပါကွာ...။
တရွေ့ရွေ့ ဝေးကွာသွားတဲ့ လေယဉ်ရဲ့အဆုံးမှာ ကိုယ့်နှလုံးသားတွေပျက်သုဉ်းကြေမွရင်းက....
ကိုယ့်အချစ်ပန်းလေးတစ်ပွင့် ကျောက်အဖြစ် အသွင်ပြောင်းခဲ့ပြီ ကြွေရယ်........။


ဆူးရင့်


ကျွန်တော့်ရဲ့မဖြစ်ညစ်ကျယ်ဝထ္တုတိုလေးအတွက် အချိန်ကုန်ခံကာ တကူးတက ကူညီဒီဇိုင်းဆွဲပေးရှာသောယိမ်းနွဲ့ပါးမှ ကိုမိုးကြယ်အား အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

11 comments:

မိုးးကြယ် said...

မတိုက်ရခင်ကတည်းက ရှုံးနိမ့်သွားခဲ့ရတဲ့ စစ်ပွဲမှာမှ ကိုယ်က စစ်သူကြီးဖြစ်ခဲ့ရသူပါကြွေရယ်...။
အခုတော့ ကိုယ့်ရင်မြို့ ပျက်မှာ ဝေဒနာတွေသာ မတ်တပ်ရပ်နေကြတယ်ကြွေ...။
ကိုယ်ဘာမှ မပြောပါရစေနဲ့တော့ကြွေ။ ကိုယ့်ရင်ဘတ်တွေ အသံမထွက်တတ်တော့လို့ပါ...။

အဲဒီ အပိုဒ်လေးခိုက်တယ်ဗျ.. ကောင်းတယ်

မင်းမျက်နှာလေးကို ငေးကြည့်နေရင်း ကိုယ့် နှလုံးသားတွေ တစ်စစပဲ့ကျနေမှန်း.......
ကြွေရယ်....မင်းသိခဲ့ရင်...
မင်းရဲ့ အပြုံးလက်လက်လေးတွေက ကိုယ့်မျက်ဝန်းက မျက်ရည်တွေကို ဖျောက်ဖျက်ပစ်နိုင်မှာလားကြွေ..

ဒါကတော့ ကြွေစင်လေးတွေ..

ကောင်းတယ်ဆရာ.. တိုက်ဆိုင်ရင်ပဲဖြစ်ဖြစ်..အဆွေးဓါတ်ခံရှိရင်ပဲဖြစ်ဖြစ် ဒီဝတ္ထုလေးဖတ်ပြီးရင်တော့ တော်တော်လေး ကွဲကြေသွားမှာပဲဗျ..

ခင်မင်လေးစားလျက်
မိုးကြယ်

သီဟသစ် said...

ကိုတိမ်ရေ
ဖတ်ပြီးတကယ်ကြွေသွားပါတယ်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

အိုင်လွယ်ပန် said...

အကြွေဆင်ပါလား...
စကားလုံးတွေ လန်းတယ်ဗျာ ....

ကောင်းကင်ပြာ said...

အင်းးးး ကြွေပါ ကြွေပါ မောင်လေးရေ၊ ဇာတ်လမ်းကတော့ ဖတ်ပီး မောရတယ်၊ ကြွေ ကြွေ ကြွေ

Minn said...

အနုလေးတွေ လာဖတ်သွားတယ် ညီ။
လက်တွေ့ဘဝမှာ အစွန့်ပစ်ခံခဲ့ရတဲ့ အစ်ကို
ဒီအလွမ်းတွေမဖတ်ခင်ကတည်းက
နွမ်းဖတ်နေနှင့်ပြီးသားလေ။

အိန္ဒြာ said...

ကွန်းမန့်ဆီဝင်တာတောင်
ဖွဖွလေး...၀င်ရတယ်...
ကြွေကျသွားမှာစိုးလို့
စကားလုံးတွေ နု ဖတ် ကြွတ် ဆတ် နေလိုက်တာ..

ဆူးရင့် မလို့ပေပဲ...
ဆူးနုဆိုရင်..တော့....
အသက်ရူသံတွေတောင် ခဏတိတ်ပေးထားရမယ်...

လေးစားသွားတယ်..ဆရာရေ။

နွေးနွေးသဲမွန် said...

ကြွေခဲ့ရပါတယ်....အကိုရေ... ၀တ္ထုတိုရေးလဲ ကောင်းတာပါပဲလား....ဇာတ်လမ်းလေးက သဘာဝကျတယ်...

GreenGirl said...

မင်းခက်လို၊ ကြွေလို ဇာတ်ကောင်တွေ တကယ့်ဘ၀ထဲမှာ ဘယ်လောက်များနေမလဲလို့ တွေးသွားတယ်။
အရေးအသားကတော့ တကယ်ကြွေစင်ပဲ :)

အမရာ said...

ငိုချင်တယ်......

Mhu Darye said...

လာဖတ်ဖြစ်ခဲ့တယ်။
တိုက်ဆိုင်လွန်းတဲ့ သူငယ်ချင်းတယောက်ရဲ့ ဇာတ်လမ်းလေးကို သွားသတိရမိတယ်။
း)

ဆောင်းယွန်းလ said...

အခုတော့ ကိုယ့်ရင်မြို့ ပျက်မှာ ဝေဒနာတွေသာ မတ်တပ်ရပ်နေကြတယ်ကြွေ...
စကားလုံးလေးတွေမိုက်တယ်ညီရေ
မပွင့်ခင်ကတည်းကကြွေပြီးသားပါလား...

Template by - Abdul Munir