Monday, August 17, 2009

မင်းနဲ့ငါ

အတိတ်ကို ခ၀ါချဖို့ကြိုးစားရင်း
စိတ်ကမင်းဆီတဖြည်းဖြည်း ချဉ်းကပ်နေခဲ့တာ
ငါ့ကိုယ်ငါ စိတ်နာလို့မဆုံးဘူး ။ ။

အပေါ်ယံတွေနဲ့ လက်ပွန်းတတီးကြီးပြင်းတဲ့မင်းနဲ့
စိတ်အတွင်းကိုမှချဉ်ခြင်းတပ်စွာ တန်ဖိုးထားတဲ့ငါ
ကွဲလွဲမှုကြားက အကြိုက်တွေဟာ
အရှိုက်ကိုထိုးတဲ့ လက်သီးတစ်လုံးပေါ့ ။ ။

ပို့ချလိုက်တဲ့ ငယ်ဘ၀သင်ခန်းစာမှာ
ဟန်ဆောင်မှုအတတ်ပညာကို မကျေညက်ခဲ့တဲ့ငါ
ရုပ်ပြောင်းရုပ်လွှဲ ပါရဂူဘွဲ့ကိုမင်းစွဲတဲ့နေ့က
စိတ်တွေအားလုံး တိတ်ဆိတ်စွာအိပ်တန်းတက်ခဲ့။ ။

လွတ်လပ်ပေါ့ပါးခြင်းမှာ ပျံဝဲချင်တဲ့ငါ
ကျောက်ဆောင်လိုရပ်တည်မှုမျိုးကို ဖန်ဆင်းချင်တဲ့မင်း
ခံယူမှုဝါဒတွေ မကြေလည်တဲ့အခါ
ဆက်ဆံရေးဆိုတာ
ထောင်ထားတဲ့ ဓါးတစ်စင်းလို
လေးတင်ထားတဲ့ မြှားတံလို
ပေါက်ကွဲလုလု မီးတောင်လို
အရာရာကို ပုံသေကားချပ်သတ်မှတ်မရနိုင်တော့
ဆက်သွယ်မျဉ်းတွေဟာလည်း
လျော့လျဲခြင်းမှာဘဲ အကျွမ်းတ၀င် ။ ။

မီးတောက်တစ်ခုရဲ့ ရင်လှိုက်မူးကပွဲမှာမှ
ငါက ပိုးဖလံအဖြစ်သရုပ်ဆောင်ရမတဲ့လေ ။ ။

လောင်ကျွမ်းခြင်းမှာ ပြန်လည်မွေးဖွားဖို့မဖြစ်နိုင်တဲ့အခါ
ဒီခန္ဓာအစုတ်အဟောင်းကို မြဲမြံစွာကျစ်လျစ်ဖို့
ငါ့စိတ်တွေကိုက ရွံရှာလွန်းလာတဲ့အခါ
တစ်ပင်တိုင်ဆင်ယင်ကျင်းပတဲ့
ငါ့ဘ၀ အခင်းအကျင်းကို
ငါကိုယ်တိုင် ပွဲခင်းပစ်လိုက်တယ် ။ ။

မရဏရေ...
မင်းမလာခင် ခဏတော့
စိတ်လိုလက်ရ ငါမိုက်ပြလိုက်ဦးမယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

7 comments:

GreenGirl said...

ကိုယ့်ကိုယ်ကို စိတ်နာနေရင် ကိုယ်ပဲ စိတ်ဆင်းရဲနေရမှာပေါ့ ငါ့အစ်ကိုရယ်...
အကောင်းဘက်ကနေဖြေတွေးတွေးရင် စိတ်နာစရာတွေ ပျောက်သွားလိမ့်မယ်။ လူ့ဘ၀မှာ ခဏလေးနေရတာ စိတ်နာစရာတွေနဲ့ပဲ ကုန်ဆုံးစေလို့ ဘယ်ဖြစ်ပါ့မလဲ... :)

အိန္ဒြာ said...

အသက်ကဘယ်လောက်လဲ..

ဘာတွေစိတ်ညစ်နေလဲ..

စာရွက်တစ်ရွက်နဲ့ ချရေးကြီးလိုက်စမ်း......

ဘ၀မှာ..

ဒီ့ထက်အရေးကြီးတာတွေ အများကြီး..မောင်လေးရဲ့

ကဗျာလေးကတော့လွှတ်ကောင်းနေတယ်

အဇ္ဈတ္တပြခန်း said...

ကဗျာတွေကို ချစ်တတ်တဲ့အကို့အတွက် စကားလုံးအားကောင်းတဲ့ ကဗျာဆရာနဲ့တော့တွေ့နေပီ.. စာသားတွေတိုင်းမှာ ထင်ရှားတဲ့ပုံရိပ်တွေက အားကောင်းတဲ့ ကလောင်တစ်ချောင်းမှန်း အရမ်းသိသာတယ်ညီရေ...

ကြယ်ပြာ said...

ကဗျာဆရာရေ ... စကားလုံးအားတွေကကောင်းလိုက်တာ ...

မီးတောက်တစ်ခုရဲ့ ရင်လှိုက်မူးကပွဲမှာမှ
ငါက ပိုးဖလံအဖြစ်သရုပ်ဆောင်ရမတဲ့လေ ။ ။

လောင်ကျွမ်းခြင်းမှာ ပြန်လည်မွေးဖွားဖို့မဖြစ်နိုင်တဲ့အခါ
ဒီခန္ဓာအစုတ်အဟောင်းကို မြဲမြံစွာကျစ်လျစ်ဖို့
ငါ့စိတ်တွေကိုက ရွံရှာလွန်းလာတဲ့အခါ
တစ်ပင်တိုင်ဆင်ယင်ကျင်းပတဲ့
ငါ့ဘ၀ အခင်းအကျင်းကို
ငါကိုယ်တိုင် ပွဲခင်းပစ်လိုက်တယ် ။ ။

မရဏရေ...
မင်းမလာခင် ခဏတော့
စိတ်လိုလက်ရ ငါမိုက်ပြလိုက်ဦးမယ် ။ ။

ဒီအပိုဒ်တွေတော်တော်နှစ်သက်တယ် ...

အိုင်လွယ်ပန် said...

အချစ်
နှစ်လုံးထဲ
နှလုံးသားထဲ
မြဲ မြဲ မြံ မြံ ......

ကောင်းကင်ပြာ said...

ရင်ထဲက ပွင့်ထွက်လာတဲ့ ကဗျာလေး လာဖတ်တယ် မောင်လေးရေ၊ အချိန်က စကားပြောသွားမယ် ထင်ပါတယ်၊

minn thuka said...

မိုးမြင့်ရေ...
တစ်ခါတခါ..ဖဲကျနေရင် ပြောင်းချိုးရတယ်...
အဲတာမှ သေနေသေးရင်တော့
လက်ပြောင်းကိုင်ရတယ်..ဒါမှမဟုတ် အိမ်ပြောင်းရတယ်..တခုခုပေါ့...
ဒါမှမထူးရင်
ဆက်မဆော့နဲ့တော့..
လှေနဲ့လိုက် ဆိုတာ အလကား...သိပ်ကွာဟနေရင် ဘယ်လာမှီတော့မလဲ....
ညီ့ကို အလွမ်းတွေနဲ့ပိမနေစေချင်ဘူး..
(ငါတယောက်ထဲ ကြေကွဲနေတာ မနာလို ဖြစ်ပြီး နေရာအတင်းဝင်လုနေတယ်)

Template by - Abdul Munir