Wednesday, August 19, 2009

ပါးစပ်ဈာပန

လေးလံလွန်းလို့
အရာအားလုံးကို လွှတ်ချပြီးကာမှ
မရှိခြင်းက ပိပိကျလာခဲ့။ ။

ရှုပ်ထွေးလွန်းလို့
သံယောဇဉ်အားလုံး ရုပ်သိမ်းပြီးကာမှ
အထီးကျန်ခြင်းက ရဲရဲတင်းတင်းညှဉ်းဆဲနေပေါ့ ။ ။

ကျစ်လျစ်မြဲမြံရင်းက လိပ်ခဲတည်းလည်းဖြစ်လာတဲ့နောက်
အာရုဏ်ကိုဖြေလျော့ဖို့ ခန္ဓာကိုဆေးမိကာမှ
ရင်ဘတ်တစ်နေရာက တဆစ်ဆစ်နာလာခဲ့ပြန်ပြီ ။ ။

တင်းကြပ်လွန်းတဲ့ စည်းမျဉ်းတွေကြား
ပုံစံခွက်ဘ၀နဲ့ ကြီးပြင်းလာခဲ့ပြီးကာမှ
ဘ၀ကိုကြိုးတပ်မောင်းနှင်ဖို့
ခန္ဓာက ခပ်ရွံရွံငြင်းဆန်တော့
စိတ်ဆိုတဲ့နံရံမှာ အလင်းအမှန်မခတော့ဘူး ။ ။

ထွေးငင်ရစ်ပတ်တဲ့ အမှတ်တရများစွာဟာ
လက်သည်းကိုအရောင်ဆိုးတဲ့ လှလှပပအရည်တစ်မျိုးလောက်တောင်
အရာမ၀င်တော့တဲ့အခါ...

အတုအယောင်ဖုံးတဲ့ သကာလိုမျက်လုံးမျိုးနဲ့
ပျားသလပ်လိုချိုတဲ့ စကားလုံးမှိုတွေကို
စိတ်နာလွန်းလာတဲ့အခါ...

ခံတွင်းမှာ အင်္ဂတေခင်းရင်း
လျှာကိုဂူသွင်းပစ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

minn thuka said...

“ခံတွင်းမှာ အင်္ဂတေခင်းရင်း
လျှာကိုဂူသွင်းပစ်လိုက်တယ် ။ ။”
အပေါ်က ပြထားတာတွေ သိမ်းပိုက်လိုက်တဲ့စကားစုလေး
လွှတ်လှပါ့ဗျာ...

အိန္ဒြာ said...

အဆင်ပြေပါစေ...

မောင်လေးရေ

ရွာသားလေးဝိုင်တီယူ said...

ကိုမိုးမြင့်တိမ်ရဲ့
စာလုံးတွေ သိပ်လှတဲ့ အဖွဲ့တွေ လာလာဖတ်ဖြစ်ပါတယ်ခင်ဗျာ

ကိုရင်နော်ခင်လေးငယ် said...

ရှားပါးတဲ့ စကားလုံးဆန်း တီတွင်ဖွဲနွဲ့တတ်သာ ကဗျာဆရာဟာ တကယ့်ကို ကဗျာဆန်နေပါတယ်...

ခံတွင်းမှာ အင်္ဂတေခင်းရင်း
လျှာကိုဂူသွင်းပစ်လိုက်တယ် ။ ။

အိုင်လွယ်ပန် said...

ခံတွင်းမှာ အင်္ဂတေခင်းရင်း
လျှာကိုဂူသွင်းပစ်လိုက်တယ် ။ ။
လှတယ်ဆရာ ...
ကျန်နေသေးတဲ့နှလုံးသား ရဲ့ အာသာငမ်းငမ်း
ငါ့တစ်ကိုယ်လုံး ကန်းခဲ့ရပေါ့ .........

ကောင်းကင်ပြာ said...

ကောင်လေး ကဗျာတွေက ထိလွန်းတယ်၊ အမ ဘာမှ မရေးခဲ့တော့ဘူး၊

Template by - Abdul Munir