Sunday, September 13, 2009

အမေ့ထံဖွင့်ဟခြင်း

တင့်တောင့်တင့်တယ် စိတ်အစုံနဲ့
ဘ၀ကို ဇက်ကုန်ဖွင့်ဖို့
လှပစွာသိမ်းဝှက် သယ်ဆောင်ခဲ့တဲ့အတ္တ
ခန္ဓာကို ငုံတဲ့သင်္ခါရနဲ့
အနတ္တစစ်တလင်းမှာ ထိုးစစ်ပြင်းပြင်းဆင်ကြပြီ ။ ။

ဂယက်လှိုင်းထန် လေကဓံကိုဖဲ့ထုတ်ရင်း
ဘ၀ကို ညထဲချကျွေးကြည့်တော့
မျောလွင့်ခြင်းနဲ့ အတိပြီးသတဲ့
ပင်လယ်ခံတွင်းက အာရုံအကျဉ်းကျကျွန်းပေါ်မှာ
တကိုယ်စာပြာချ ဘ၀တွေ
ပရဟိတ ပျောက်နေခဲ့ပြီ အမေ...။ ။

ပတ်ဝန်းကျင်နဲ့ သိက္ခာတရားတွေ
စောင့်ထိန်းလိုက်နာမိတဲ့ ကျင့်ဝတ်တွေ
စေညွှန်းပြထမ်း မာနအစွဲအလမ်းတွေ
ရပ်တည်မှုနဲ့ ရွေ့လျားဖြစ်အင်တွေ
ဖြစ်တည်မှုနဲ့ ပျက်သုဉ်းခြင်းညဉ်တွေ
ပဲ့ကျနေတဲ့ အနိဋ္ဌာရုံတွေ
စိတ်အာရုံမှာ ထင်ဟပ်
အမျှင်မပြတ် သံယောဇဉ်တလက်လက်နဲ့
ရေငတ်သူတွေ များနေကြပြီ အမေ...။ ။

တကယ်ဆို
စိတ်တွေသီးပွင့်တာကိုက
သံသရာကို လည်ပတ်စေတဲ့အခါ
အသက်အဟာရ အတွက်
ရမ္မက်တွေ ဖြာဖြာကျနေတဲ့သစ်ပင်မှာ
ငှက်တစ်သောင်းကော နားနိုင်ပါ့မလား ။ ။

သင်ခန်းစာ ဆိုတာလည်း
သာခန်းဆင်ဖို့ ဂွင်တစ်ခုပါ အမေ...။ ။

အနိမ့်အမြင့်နဲ့ပဲ တည်တည်
အလင်းအမှောင်နဲ့ပဲ စိမ်စိမ်
အမှန်အမှားနဲ့ပဲ မွှေးမွှေး
လရောင်ဆမ်းတဲ့ ထမင်းကြမ်းတွေခါးနေမှတော့
ဒီဘ၀ လူမပီသတော့ဘူး အမေ...။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

8 comments:

flowerpoem said...

ကိုမိုးမြင့်တိမ် အမေကိုတမ်းတစာလေးဖတ်သွားပါတယ်ရှင်..

emayarKhin said...

အကိုရေ...ကဗျာလေးကိုနှစ်ခြိုက်စွာ
ဖတ်သွားပါကြောင်း.....

အိန္ဒြာ said...

တကယ်ဆို
စိတ်တွေသီးပွင့်တာကိုက
သံသရာကို လည်ပတ်စေတဲ့အခါ

သိပ်လှတဲ့ အဖွဲ့လေးပါ...

အမေတွေကတော့ သားတွေကို..
အပြည့်ဝဆုံးခံစားလည်ခံစားပေးမှာပါ....

minn thuka said...

တော်တော်ကြာပါပြီ...မိုးမြင့်ရဲ့ ရင်ကွဲနာကျနေတဲ့
ကဗျာတွေ...ပုံစံခွက်ထဲက ထွက်လာတဲ့ အရုပ်လေးတွေလို အသက်မဲ့နေတာ...ဘာတင်တင် ခေါင်းစဉ်သာပြောင်းသွားတာ ရေးပုံ..အကြောင်းအရာ ဘာမှ မပြောင်းလဲပါဘူး...။
.......
ဒီကဗျာလေးက...မိုးမြင့်ရဲ့ ပုံစံခွက်ထဲက ရုန်းထွက်လာတဲ့ တင်ပြပုံ အသစ်ပါ... သုံးနေကျ
ထပ်နေတဲ့ စကားလုံးတွေ မပါတော့တဲ့ တည်ဆောက်ပုံအသစ်လေး..သဘောကျပါတယ်...

kaungkinpyar said...

ဒီဘ၀ လူမပီသတော့ ဘူး အမေး)

အိုင်လွယ်ပန် said...

အသစ် အဆန်းလေး တွေ့လိုက်ရသလိုပဲ
သဘောကျမိတယ်ဗျာ ...

မိုးမောင်(HappyCloud) said...

ခံစားချက်တွေ မကြာခဏ တိုက်ဆိုင်လွန်းနေတယ်။ စိတ်ပျော်ရွှင် ချမ်းမြေ့ပါစေ ကဗျာဆရာ။

ဆောင်းယွန်းလ said...

အပေါ်ကပုဂ္ဂိုလ်တွေပြောသွားခဲ့သလိုပါပဲ
ဒီကဗျာက အရင်ကဗျာတွေထဲကခွဲထွက်သွားတဲ့ကဗျာပဲ
ဒီကဗျာကိုအကြိုက်ဆုံးဖြစ်သွားတယ်ညီလေးရေ
စကားလုံးတွေရော တင်ပြပုံပါ အားကောင်းလှပါတယ်

Template by - Abdul Munir