Thursday, August 27, 2009

မနက်ဖြန်

လွင့်မျောခြင်းရဲ့ နောက်ကွယ်မှာ
ချည်နှောင်မှုတွေ ရှိတယ် ။ ။

ချည်နှောင်မှုရဲ့ နောက်ကွယ်မှာ
မမြဲမြံမှုတွေ ရှိတယ် ။ ။

မမြဲမြံမှုရဲ့ နောက်ကွယ်မှာ
လွတ်မြောက်မှုတွေ ရှိနေတတ်ပြန်တယ် ။ ။

ဘ၀ဆိုတာ စိတ်တိုင်းကျထုဆစ်ထားတဲ့ ပန်းပုမှ မဟုတ်ဘဲ
အထင်ကရတွေ အတွက်နဲ့ တောက်ပခဲ့သလို
အထင်ကရတွေ အတွက်နဲ့ပဲ ပြာကျခဲ့ပြန်သတဲ့
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်လေ
မနက်ဖြန်ဆိုတာ
ငါတို့ထံကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဦးမယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Saturday, August 22, 2009

ဟိုတစ်နေ့က

ဟိုတစ်နေ့ကပေါ့...
နီညိုရောင်ရင့်ရင့် ညနေမှာ
ကျားကုတ်ကျားခဲ စိတ်အစွဲကိုထုတ်လှမ်းတော့
မျှော်လင့်ခြင်းတစ်သိုက် ပြိုက်ကနဲကြွေကျတယ် ။ ။

ဟိုတစ်နေ့ကပေါ့...
ကြေကွဲကျင့်စဉ် နောက်ဆုံးအဆင့်အဖြစ်
အမုန်းနင့်နင့်တွေ ရင်ထဲထည့်ပစ်ခဲ့တယ် ။ ။

ဟိုတစ်နေ့ကပါဘဲ...
မာယာကို တွန်းလှန်တဲ့ပွဲမှာ
ကြည့်သူမရှိ လက်မှတ်မပါ ကြေငြာစာတမ်းမထိုး
ရင်ခွင်မြို့ရိုး တ၀ုန်းဝုန်းပြိုကျ
ဘ၀က သုံးခွက်တစ်ခွက်တင်တောင်ကြိုချင်ဖွယ်မရှိ
နင့်နဲခြင်းတွေနဲ့ ပိနေခဲ့တယ် ။ ။

ဟိုတစ်နေ့ကပေါ့...
နှလုံးသားမင်းတုပ် ချိတ်ပိတ်တင်ဒါမှာ
အကျိုးလိုလို့ ညောင်ပင်ရေလောင်းတဲ့
ကိုယ့်မီးကိုယ်ပျိုး စိတ်မျိုးတွေမထွန်းကားစေဖို့
ရင်ရင်ချင်း ထုံကူးတဲ့အလေ့အထကို
ငါ သတ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Wednesday, August 19, 2009

ပါးစပ်ဈာပန

လေးလံလွန်းလို့
အရာအားလုံးကို လွှတ်ချပြီးကာမှ
မရှိခြင်းက ပိပိကျလာခဲ့။ ။

ရှုပ်ထွေးလွန်းလို့
သံယောဇဉ်အားလုံး ရုပ်သိမ်းပြီးကာမှ
အထီးကျန်ခြင်းက ရဲရဲတင်းတင်းညှဉ်းဆဲနေပေါ့ ။ ။

ကျစ်လျစ်မြဲမြံရင်းက လိပ်ခဲတည်းလည်းဖြစ်လာတဲ့နောက်
အာရုဏ်ကိုဖြေလျော့ဖို့ ခန္ဓာကိုဆေးမိကာမှ
ရင်ဘတ်တစ်နေရာက တဆစ်ဆစ်နာလာခဲ့ပြန်ပြီ ။ ။

တင်းကြပ်လွန်းတဲ့ စည်းမျဉ်းတွေကြား
ပုံစံခွက်ဘ၀နဲ့ ကြီးပြင်းလာခဲ့ပြီးကာမှ
ဘ၀ကိုကြိုးတပ်မောင်းနှင်ဖို့
ခန္ဓာက ခပ်ရွံရွံငြင်းဆန်တော့
စိတ်ဆိုတဲ့နံရံမှာ အလင်းအမှန်မခတော့ဘူး ။ ။

ထွေးငင်ရစ်ပတ်တဲ့ အမှတ်တရများစွာဟာ
လက်သည်းကိုအရောင်ဆိုးတဲ့ လှလှပပအရည်တစ်မျိုးလောက်တောင်
အရာမ၀င်တော့တဲ့အခါ...

အတုအယောင်ဖုံးတဲ့ သကာလိုမျက်လုံးမျိုးနဲ့
ပျားသလပ်လိုချိုတဲ့ စကားလုံးမှိုတွေကို
စိတ်နာလွန်းလာတဲ့အခါ...

ခံတွင်းမှာ အင်္ဂတေခင်းရင်း
လျှာကိုဂူသွင်းပစ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, August 17, 2009

မင်းနဲ့ငါ

အတိတ်ကို ခ၀ါချဖို့ကြိုးစားရင်း
စိတ်ကမင်းဆီတဖြည်းဖြည်း ချဉ်းကပ်နေခဲ့တာ
ငါ့ကိုယ်ငါ စိတ်နာလို့မဆုံးဘူး ။ ။

အပေါ်ယံတွေနဲ့ လက်ပွန်းတတီးကြီးပြင်းတဲ့မင်းနဲ့
စိတ်အတွင်းကိုမှချဉ်ခြင်းတပ်စွာ တန်ဖိုးထားတဲ့ငါ
ကွဲလွဲမှုကြားက အကြိုက်တွေဟာ
အရှိုက်ကိုထိုးတဲ့ လက်သီးတစ်လုံးပေါ့ ။ ။

ပို့ချလိုက်တဲ့ ငယ်ဘ၀သင်ခန်းစာမှာ
ဟန်ဆောင်မှုအတတ်ပညာကို မကျေညက်ခဲ့တဲ့ငါ
ရုပ်ပြောင်းရုပ်လွှဲ ပါရဂူဘွဲ့ကိုမင်းစွဲတဲ့နေ့က
စိတ်တွေအားလုံး တိတ်ဆိတ်စွာအိပ်တန်းတက်ခဲ့။ ။

လွတ်လပ်ပေါ့ပါးခြင်းမှာ ပျံဝဲချင်တဲ့ငါ
ကျောက်ဆောင်လိုရပ်တည်မှုမျိုးကို ဖန်ဆင်းချင်တဲ့မင်း
ခံယူမှုဝါဒတွေ မကြေလည်တဲ့အခါ
ဆက်ဆံရေးဆိုတာ
ထောင်ထားတဲ့ ဓါးတစ်စင်းလို
လေးတင်ထားတဲ့ မြှားတံလို
ပေါက်ကွဲလုလု မီးတောင်လို
အရာရာကို ပုံသေကားချပ်သတ်မှတ်မရနိုင်တော့
ဆက်သွယ်မျဉ်းတွေဟာလည်း
လျော့လျဲခြင်းမှာဘဲ အကျွမ်းတ၀င် ။ ။

မီးတောက်တစ်ခုရဲ့ ရင်လှိုက်မူးကပွဲမှာမှ
ငါက ပိုးဖလံအဖြစ်သရုပ်ဆောင်ရမတဲ့လေ ။ ။

လောင်ကျွမ်းခြင်းမှာ ပြန်လည်မွေးဖွားဖို့မဖြစ်နိုင်တဲ့အခါ
ဒီခန္ဓာအစုတ်အဟောင်းကို မြဲမြံစွာကျစ်လျစ်ဖို့
ငါ့စိတ်တွေကိုက ရွံရှာလွန်းလာတဲ့အခါ
တစ်ပင်တိုင်ဆင်ယင်ကျင်းပတဲ့
ငါ့ဘ၀ အခင်းအကျင်းကို
ငါကိုယ်တိုင် ပွဲခင်းပစ်လိုက်တယ် ။ ။

မရဏရေ...
မင်းမလာခင် ခဏတော့
စိတ်လိုလက်ရ ငါမိုက်ပြလိုက်ဦးမယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, August 10, 2009

သို့....

တိမ်းညွှတ်ရီဝေသွားတဲ့
ပြဋ္ဌာန်းမှုသက်သက် နေ့ရက်တွေမှာ
အဘိဓမ္မာရဲ့ သက်ပြင်းဟာလည်း
အလင်းမဲ့စွာ ဆွံ့အနေခဲ့တော့
စပါးလုံးတစ်ထောက်စာလောက်တော့
ငါ့ကိုသောက်ခွင့်ပြုပါ မာယာ ။ ။

ယှက်ထွေးထွက်ပြေးသွားတဲ့ ပန်းနုရောင်ဖွေးဖွေးလေးမှာ
ဖူးပွင့်နေတတ်တဲ့ သွေးကြောစိမ်းမြမြလေးတွေ
ဖွေးဖွေးလှုပ်ပွင့်နေတဲ့ သန္တာကျောက်တန်းတွေမှာ
ဖြာကျနေတတ်တဲ့ ဆံနွယ်လေးတွေ
အထင်ကရမဟုတ်ပေမယ့် အမှတ်တရဖြစ်သွားတဲ့အရာတွေ
မုဆိုးဖြစ်သွားတဲ့ သားကောင်တွေ
သီဖွဲ့ရေးစပ်နေရင်း
အခု...
ဘ၀ရဲ့တောနက်ထဲ ရမ္မက်တွေပဲကြွေကြွေကျနေခဲ့ ။ ။

အယူအဆဆိုတာ လူကဖြစ်တယ်
မာတိကာဟာလည်း သင်ရိုးတစ်ခုရဲ့ဥပစာ
လမင်းအပြုံးရဲ့ အံဝှက်အောက်မှာပဲ
နာကျင်မှုတွေကို ကျစ်လျစ်မြဲမြံစေခဲ့တော့
ရင်ကွဲနာဆိုတာ ရာဇ၀င်ထဲကဒဏ္ဍာရီသာသာ ။ ။

တစ်ခုလိုချင် တစ်ခုပေးရတဲ့
အာရုံဝတ်ရုံခြုံ ဟောဒီ့လောကီဘုံမှာ
အတုံ့အလှည့်တွေ အနိမ့်အမြင့်တွေ
အသွားအပြန်တွေ အလျားအနံတွေ
ပိုင်ဆိုင်ရယူခြင်းတွေ ပေးဆပ်စွန့်လွှတ်ခြင်းတွေနဲ့
အနစ်နာခံခြင်းမှာပဲ
အချစ်ဟာလည်း ဒဏ်ရာတွေကိုဖန်ဆင်းခဲ့တယ် ။ ။

သက်ပြင်းတစ်ခုရဲ့ ရင်လှိုက်ဖိုမှုမှာ
ပြင်းပြစွာ အော်မြည်ပစ်လိုက်တဲ့
ညတစ်စင်းရဲ့ လေတိုးသံဟာ
ကြေကွဲမှု အနုပညာဆန်နေခဲ့မှန်း
နင်သိတတ်ခဲ့ရင်
သံသရာမှာ ဆက်သွယ်ခွင့်လက်မှတ်တစ်စောင်
မာယာရေ....
မင်းအတွက် လက်ဆောင်ပို့လိုက်မယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir