Thursday, September 2, 2010

ငါမရေးချင်တဲ့ ကဗျာ

ထိုးနှက်မှုတို့ ပတ်လည်မှာ
ကုန်းရုန်းထဖို့ ကြိုးစားရင်း
ဘ၀က အိပ်မက်ကလှုပ်နှိုးခံရသလို
ကံကြမ္မာရဲ့ ခြေထိုးခံမှုဟာ
သိပ်ကို တရားမဲ့လွန်းတယ် ။ ။

ကိုယ်တိုင်တင်ခဲ့ဖူးတဲ့ မှတ်ကျောက်ဟာ
တစ်ချိန်က အသွားနှစ်ဖက်နဲ့ဓါး
အခု လေးမရှိတဲ့မြှား။ ။

အတင်းကြပ်ဆုံး လွန်းတင်ပစ်ခဲ့ရင်း
မျှော်လင့်ချက်ချိုချိုတွေ ခူးဆွတ်ကာမှ
ဖြုတ်ခနဲကြွေကျသွားတဲ့ ရမ္မက်လက်တစ်ခုပ်စာဟာ
ကြယ်သက်ကြွေ နတ်သမီးအဆုတ်ဖြစ်နေခဲ့တယ်။

လက်မခံချင်ပဲ လက်သင့်ခံလိုက်ရတဲ့
ခွက်တစ်လုံးရဲ့ နောင်တသက်ပြင်းမှာ
အာရုံပျက်ဂီတနဲ့ မျှော်လင့်ချက်ချို့တဲ့
ဘ၀တွေ ပါခဲ့တယ် ။ ။

တစ်ကယ်တော့လဲလေ...

သိပ်ကို ပိရိပါးနားသေသပ်လွန်းလှတဲ့ မျက်လှည့်တစ်ပွဲကို
တစ်ဘ၀စာလက်မှတ်နဲ့ကြည့်လိုက်ရသလိုမျိုး
အနိမ့်အမြင့် အတက်အကျတွေနဲ့
မယုံကြည်နိုင်လောက်အောင်ပြောင်းလဲတတ်တဲ့ သံစဉ်တစ်ပိုဒ်ကို
ကံကြမ္မာနဲ့ လောင်းစားနားထောင်လိုက်ရသလိုမျိုး
ငြိမ်းလုဆဲဆဲ ကလောင်တံချောင်းရဲ့
မပြီပြင်တော့တဲ့ ကဗျာတစ်ပုဒ်ကို
ဘ၀နဲ့ရင်းပြီး ရေးလိုက်ရသလိုမျိုးပေါ့ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

2 comments:

သိင်္ဂါကျော် said...

ဘဝဆိုတာ ပြောင်းလဲတတ်တဲ့ သံစဉ်တစ်ပိုဒ်ပေါ့..
နာကျည်းချက်တွေကတော့ ရှိမှာပါပဲ..

အုပ်ကြီး said...

"..ကိုယ်တိုင်တင်ခဲ့ဖူးတဲ့ မှတ်ကျောက်ဟာ
တစ်ချိန်က အသွားနှစ်ဖက်နဲ့ဓါး
အခု လေးမရှိတဲ့မြှား..."

ဟုတ်တယ်ဗျာ..
တစ်ခါတစ်ခါတော့ ဘဝဆိုတာ
ဆက်မရေးချင်တော့တဲ့ ကဗျာ လိုပဲဗျာ
ဒါပေမယ့်လည်း ဒီလိုနဲ့ ရှေ့ဆက်ရတာပေါ့ ..

ခင်မင်လေးစားလျှက်
အုပ်ကြီး

Template by - Abdul Munir