ကြေးစားဆန်ဆန် နေ့ရက်ထဲ
စွန်လွှတ်သူများရဲ့ အဘိဓမ္မာဟာ
အလျှော့အတင်းများစွာနဲ့ ပြဋ္ဌာန်းရင်း
မာတိကာဟာ ဘ၀စာမျက်နှာဖြစ်လာတယ် ။
စားနေကျ ထမင်းတစ်လုတ်ဟာ တန်ဖိုးဘယ်လောက်ကြီးမှန်း
ဝယ်ခြမ်းစရာမရှိတဲ့အခါမှ တမ်းတမ်းတတရေရွတ်
နေ့တဓူဝကတော့ ဖုန်တွေသဲတွေနဲ့အတူ လွင့်ပျံလို့
ရွှေရောင်တ၀င်းဝင်းနေ့ရက်တွေဆီ လည်ပြန်ကြည့်တော့
ဗိုလ်အောင်ဒင်ကြည့်ရင်း သုံးပစ်လိုက်တဲ့ပိုက်ဆံတွေပြန်လိုချင်မိတယ် ။
သိပ်ကျေနပ်စရာကောင်းတယ်လို့ သတ်မှတ်ထားတဲ့
ရွှေထီးဆောင်းနေ့ရက်တွေအကြောင်း တဖွဖွပြောပြမိတော့
တစ်ချို့နှုတ်ခမ်းတွေက စုပ်တသတ်သတ်
တစ်ချို့မျက်နှာပြင်တွေက မဲ့ရွဲ့လို့
တစ်ချို့မျက်ဝန်းတွေက ဟုတ်ပါ့မလားဆိုတဲ့အကြည့်နဲ့
လူတွေသိပ်ရီဖို့ကောင်းတယ် ။
ငါအိုခဲ့ပါပြီ
အထောက်အပံ့ဆိုလို့ ငါထောက်ထားတဲ့တောင်ဝှေးကလွဲလို့မရှိ
မင်းတို့အကြည့်တွေကြားထဲ သေးငယ်လာတဲ့စိတ်ဓါတ်တွေနဲ့
မျှော်လင့်တကြီးရပ်လိုက်မိတယ် အူတွေမီးထတောက်နေတယ် ။
မင်းတို့အစာပြေဟာ ငါ့အတွက်တစ်ရက်စာဖြစ်လေရဲ့
ဟိုတစ်နေ့က အမျိုးကောင်းသားလေးတစ်ယောက်
သဒ္ဒါပေါက်လို့ကျွေးတဲ့ မနက်စာ
ငါ့တစ်သက်မှာ အရသာအရှိဆုံးအဖြစ်သတ်မှတ်ရင်း
မျက်ဝန်းထဲ မိုးဖွဲဖွဲရွာတယ် ။
မြူပါးပါးကျနေတဲ့ အမြင်အာရုံဟာ
ဇရာဆိုတာကို ရေးချယ်နေကြရဲ့
မကြိုးစားရပါပဲ ကိုင်းလာတဲ့ခါးရယ်
အားယူလှမ်းနေရတဲ့ ခြေလှမ်းတွေကိုအရဲကိုးလို့
ဒီကမ္ဘာမှာ ကျပျောက်သွားတဲ့ ဂရုဏာတရားကိုရှာဖွေဖို့
နောက်တစ်နေ့ဆိုတာကို ခရီးဆက်ခဲ့ပြန်ပြီ ။
မိုးမြင့်တိမ်
(၁၄.၁၂.၂၀၁၁)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 days ago
4 comments:
မြူပါးပါးကျနေတဲ့ အမြင်အာရုံဟာ
ဇရာဆိုတာကို ရေးချယ်နေကြရဲ့
မကြိုးစားရပါပဲ ကိုင်းလာတဲ့ခါးရယ်
အားယူလှမ်းနေရတဲ့ ခြေလှမ်းတွေကိုအရဲကိုးလို့
ဒီကမ္ဘာမှာ ကျပျောက်သွားတဲ့ ဂရုဏာတရားကိုရှာဖွေဖို့
နောက်တစ်နေ့ဆိုတာကို ခရီးဆက်ခဲ့ပြန်ပြီ ။-------
အဲဒီအပိုဒ်လေးကိုပိုပြီးခံစားလို့ရခဲ့တယ်ရှင်
ကောင်းတယ်အကိုရာ အကိုပြောဘူးခဲ့တဲ့
.ရည်ညွှန်း ချက်က ဘာလည်းဆိုတဲ့
စကားလေး ဒီကဗျာလေးထဲမှာ ကွက်ကွက်ကွင်းကွင်း
မြင်လိုက်မိပါတယ်..
ခင်မင်လေးစားလျှက်
(ဒုတိယ)
မင်းတို့အစာပြေဟာ ငါ့အတွက်တစ်ရက်စာဖြစ်လေရဲ့
ဒီစကားက ဒီဘက်ခောတ်နဲ့ ကတော့ ကွက်တိဆိုတာလို ဖြစ်နေပြီ အစ်ကို... ကဗျာလေး ကောင်းတယ် အစ်ကို...
ဘာကို ကြည့်ပြီးများ ဖွဲ့ခဲ့သလဲ ကဗျာဆရာ ... ဖတ်ရင်းနဲ့ ကိုယ့်ရာသီဥတုတောင် အနည်းငယ် အုံ့မှိုင်းသွားသလိုပဲ ... နောက်ဆုံးအပိုဒ်လေး အထိဆုံးပဲ ....
Post a Comment