Thursday, September 22, 2011

မတိတ်နိုင်တော့သော

လွန်ခဲ့တဲ့ တစ်လလောက်ကပေါ့
အိတ်တစ်လုံးထဲ မျှော်လင့်ချက်တွေ ဒရောသောပါးထိုးထဲ့
လုပ်လက်စတွေအားလုံး ခလုတ်ပိတ်လိုက်သလိုရပ်တန့်
လွမ်းဆွတ်နေမဲ့အမေ့ကို အားရပါးရရှိုက်နမ်း
ဆုံးမစကားတွေခြွေနေတဲ့ အဖေ့ရှေ့မှာ ရိုရိုသေသေလေးထိုင်
မိဘနှစ်ပါးရဲ့ခြေဖမိုးကို ရှိခိုးဦးခိုက်လို့
ငါ့အနာဂါတ် ငါပိုက်ပြီး ထွက်လာခဲ့လိုက်တယ်။

ဖုန်တထောင်းထောင်းထနေတဲ့လမ်းပေါ်ကနေ ဖုန်မရှိတဲ့လမ်းကိုရောက်
ချွေးနံ့လူနံ့တွေရောပြွမ်းနေတဲ့ ကားပေါ်ကနေ အေးမြတဲ့ ရထားပေါ်ကိုရောက်
ခြင်ထူတဲ့ နေရာကနေ ခြင်မရှိတဲ့ နေရာရောက်
လေးကန်နေတဲ့ အင်တာနက်ကနေ မြန်နှုန်းမြင့် အင်တာနက်ကိုရောက်
မထင်ရင်မထင်သလို မှောင်မှောင်သွားတတ်တဲ့ ဒေသကနေ အမြဲလင်း ဒေသကိုရောက်
ဆယ်ထပ်ထက်မပိုတဲ့ တိုက်ကြားကနေ မိုးမျှော်တိုက်ကြားကိုရောက်
ဘ၀ဆိုတာကြီးကို တောက်တောက်ပပကြီးကို ကျေနပ်နေမိတာ။

အသားမဖြူရင်ပဲ လူရာမ၀င်သလိုလို
ကိုယ့်တိုင်းပြည်ကို ကျွန်လုပ်ခဲ့တဲ့ အင်္ဂလိပ်လို မတတ်ရင်ပဲ မျက်နှာမွဲလိုလို
ကိုယ်ရထားတဲ့ အောင်လက်မှတ်က စက္ကူတစ်ရွက်လို အဖိုးမတန်သလိုလို
မျက်ဝန်းမျက်ဆံမှေးမှေးတွေရဲ့အကြည့်က အထင်သေးသလိုလို
အဲဒီလို လိုလိုတွေကြားမှာ ဦးနှောက်တွေလဲ ဖောက်စားခံကြရ
ဓါးပြမှန်းသိလဲ ကျောချခံနေကြရ
မာနတွေလဲ နေ့တဓူဝ ခေါက်ခေါက်သိမ်းနေရ
လူစင်စစ်ကနေ စက်ရုပ်ဇာတ်သွင်းတာလဲ ခံခဲ့ရတယ်။

ဘယ်တတ်နိုင်မလဲ
ဝက်ဖြစ်မှတော့ မစင်မကြောက်ကြေးပေါ့
ကိုယ်တိုင်ကိုက ဒီလမ်းမှဒီလမ်းရွေးချယ်ခဲ့တာမှလား
အခုမှငိုချင်းချပြလဲ ကိုယ့်ရင်ကိုယ်ထု ရင်ကွဲလုအောင်ငိုပေတော့
အဖေကိုလွမ်း အမေကိုလွမ်း မြေကိုလွမ်း ရေကိုလွမ်း
အဲဒီ့အလွမ်းတွေအားလုံးကို ငွေကြေးကွာဟမှုနဲ့ ခဏတုပ်နှောင်ထားရဦးမပေါ့။

ဟိုတစ်နေ့က အမေပို့လိုက်တဲ့ စာနဲ့ပစ္စည်းရတယ်
ကျန်းမာရေးကောင်းရဲ့လား အလုပ်အကိုင်အဆင်ပြေလား
အမေသားအတွက် ဘုရားရှေ့မှာအမြဲဆုတောင်းလို့
သားရှိရာအရပ်ကိုမှန်းပြီး အမေမေတ္တာပို့ပေးနေတယ်နော်တဲ့။

ကဲ...ခင်ဗျားတို့ဆိုရင်ကော ဒီစာကိုဘယ်လိုဖတ်မလဲ
ကျုပ်ကတော့ ရင်ဘတ်နဲ့ဖတ်လိုက်မိတယ်
ကြမ်းပြင်ပေါ် မျက်ရည်ကျကွဲသံတွေနဲ့ ရွှဲလို့
ချက်ခြင်းကို စာတစ်စောင်ကောက်ရေးလိုက်တယ်
ကျွန်တော်တို့အိမ်လေးရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က လက်တစ်ဆုပ်စာမြေပုံလေးကို
ကျွန်တော်ရွပ်ရွပ်ချွံချွံ လွမ်းနေပါတယ် အမေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

jasmine(တောင်ကြီး) said...

လက်ရှိဘ၀ရဲ့ဒုက္ခတွေနဲ့
ကိုယ့်မိဘ ကိုယ့်တိုင်းပြည်ကို
တမ်းတတဲ့စိတ် လွမ်းတဲ့စိတ်ကို
ဖော်ပြပုံလေးက သေသေသပ်သပ်နဲ့
jas လဲဖတ်ပြီးမေမေကိုတော့
ရင်ထဲကလွမ်းမိတယ်။
ခင်မင်တဲ့ jasmine

ညီရဲ said...

ဒါဟာ ကျွန်တော်တို့ နေ့ စဉ် ဖြတ်သန်းနေရတဲ့ ဘဝပေါ့ အစ်ကို...
တန်ဘိုးတပ်ထားတဲ့ စက္ကူတွေနောက်လိုက်ရင်း စက်ရုပ်ဆန်လာတဲ့ ဘဝကို တခါတခါလဲ နာကျည်းမိရဲ့ ...

johnmoeeain said...

fighting bro.

Your turning point will be infront of you soon.

(sorry, at office, can't type mmfont.)

ုမြသွေးနီ said...

အမိမြေ၊ မိဘများနဲ့ ဝေးရာရောက်နေတဲ့ သားသမီးတွေရဲ့ ခံစားချက်ကို စာနာလို့ရပါတယ်။ တစ်ချိန်တော့ အမေ့ရင်ခွင်မှာ အေးချမ်းစွာ နားခိုခွင့်ရဦးမှာပါ။ လက်ရှိအခြေအနေကို စိတ်မပျက် အားမလျှော့ဘဲ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ..။

ဒုတိယလူ said...

ဘယ်တတ်နိုင်မလဲ
ဝက်ဖြစ်မှတော့ မစင်မကြောက်ကြေးပေါ့
ကိုယ်တိုင်ကိုက ဒီလမ်းမှဒီလမ်းရွေးချယ်ခဲ့တာမှလား
အခုမှငိုချင်းချပြလဲ ကိုယ့်ရင်ကိုယ်ထု ရင်ကွဲလုအောင်ငိုပေတော့
အဖေကိုလွမ်း အမေကိုလွမ်း မြေကိုလွမ်း ရေကိုလွမ်း
အဲဒီ့အလွမ်းတွေအားလုံးကို ငွေကြေးကွာဟမှုနဲ့ ခဏတုပ်နှောင်ထားရဦးမပေါ့။
....

အကိုရေ အဲဒိတုပ်နှောင်မူတွေက တစ်ခါတစ်ခါ
အသက်ရှုရ အရမ်းကျပ်တယ်အကို...

ခင်မင်လေးစားလျှက်..(ဒုတိယ)

ကြယ်ပြာ said...

ခံစားချက်တိုင်းကို အပြည့်အ၀ ခံစားကြည့်လို့ရတယ် ...
မျက်ရည်ကျကွဲသံတွေနဲ့ ရွှဲလို့တဲ့လား ကဗျာဆရာရေ ...
ကဗျာကိုဖတ်ရင်း အစ်မလဲ ရွပ်ရွပ်ချွံချွံလွမ်း နေမိတယ် ...

Template by - Abdul Munir