Saturday, September 17, 2011

လောကဓံ

ပေါက်ထွက်လုမတတ် ခုန်နေတဲ့ရင်နဲ့
သပွတ်အူမက ရှုပ်ထွေးလွန်းနေတဲ့ဦးနှောက်ကြား
စွန့်စားမှုတွေ ဖျားနာနေကြပြီ ။

ရောက်မှန်းမသေချာတဲ့ ရည်ရွယ်ရာကို
ဗိုက်ဟောင်းလောင်း လှေတစ်စီး
ခြစားလုနီးနီး တက်မတစ်ချောင်းနဲ့
လှော်ခတ်နေလိုက်ပုံများ
သူ့လက်ထဲမှာတော့ ၀ီရိယဆိုတဲ့ကော်ဖီတစ်ခွက်
နဲနဲတောင် ခါးသက်ချင်နေပြီ ။

ကျောတစ်ပြင်လုံး စိုက်ဝင်နေတဲ့စိုးရွံ့မှုတွေနဲ့
မျှော်လင့်တကြီး မျက်နှာတွေကြား
ညဉ်းတွားခြင်းတွေ မျိုမျိုချနေရတဲ့
ဖယောင်းတိုင်တစ်ချောင်းရဲ့ အလင်းမှာ
သက်ပြင်းတွေ ဘယ်လောက်ပါနေလိုက်မလဲ ။

တွင်းနက်ပေမဲ့ ရေမကြည်နိုင်တာ
မြေဆီလွှာရဲ့ အပြစ်ဆိုမလား
တကယ်သာစိုက်ပျိုးခွင့်ရရင် ပွင့်ဖူးပြလိုက်ချင်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Tuesday, September 13, 2011

အိပ်မက်ခရီး

တွေးလက်စအတွေးတွေအားလုံး ဖြေလျော့ပစ်လိုက်တယ်
အိပ်မက်တွေက သိပ်ကိုလေးလံလွန်းနေပြီ
ကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်..

ကိုယ့်အတောင်ကိုယ်ဖြန့်ကြည့်လိုက်တယ်
တဟုန်ထိုးတက်ဖို့အတွက် လေမလာသေးဘူး
မချိတင်ကဲစိတ်တွေနဲ့ပဲ ညကိုခပ်စိမ်းစိမ်းကြည့်လိုက်တယ်
ညကတော့ နက်သထက်သာနက်လို့..

ကိုယ့်လိပ်ပြာကိုယ် ပြန်ကြည့်တော့
ခပ်ယဲ့ယဲ့လေး ပြုံးပြတယ်
ရှိရှိသမျှကြေကွဲခြင်းတွေကို တနင့်တပိုးထွေးပိုက်ထားတဲ့ပုံမျိုး..

အဝေးကထပျံသွားတဲ့ ညငှက်တွေကိုကြည့်ရင်း
မဆီမဆိုင် အမုန်းကျည်ဆံတွေပစ်သွင်းလိုက်တယ်
အာရုံခြောက်ပါးစလုံးက အကြောက်အကန်ငြင်းဆန်လို့
မျက်လုံးတွေမှိတ်လိုက်ပါတော့ မင်းအရမ်းပင်ပန်းနေပြီ..

အရိပ်လိုချင်လို့ အပင်စိုက်တာပါ
ကိုယ်တိုင်စိုက်ပျိုးပြီးမှ အသီးလဲစားချင်မိရဲ့
ဒီလိုအတွေးတွေကပဲ ကိုယ်ကျင့်တရားကိုဖျားစေတာလား..
ကျချင်ချင်ဖြစ်နေတဲ့စိတ်ဓါတ်ကို ခပ်တင်းတင်းဆွဲစိရင်း
ဒီတစ်ညအိပ်မက်မှာလဲ ကိုယ့်ခန္ဓာကိုယ်ထမ်းကိုယ့်လမ်းကိုယ်လျှောက်ရမယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Wednesday, August 31, 2011

ရှင်သန်ခြင်း


စိမ်းညို့မှောင်နေတဲ့ ကောင်းကင်ရဲ့ညချမ်းမှာ
လတစ်ခြမ်းက အပိုင်းပိုင်းပြတ်လို့ ။ ။

အစွန်းဆုံဆုံး ပျော်ဝင်မှုဟာ
ဒဏ်ရာကုစားဖို့ အဆင့်မမှီ
မျှော်လင့်ခြင်းကို ချွန်းဖွင့်ထွက်ဖို့
ထူးခတ်တဲ့သံယောဇဉ်တွေ များလွန်းတယ် ။ ။

ခေတ်နဲ့အတူမျောပါစီးဆင်းချင်တဲ့ အိပ်မက်မြစ်ဟာ
အရောင်အသွေးမစုံမှုတွေကြောင့် လူလားမမြောက်နိုင်သေးခင်
တိုးထွက်ရုန်းကန်မှုတွေအတွက် လောင်စာမပြည့်တဲ့အခါ
သူလိုငါလိုရက်စွဲတွေအောက်မှာပဲ တလိမ့်ခေါက်ကွေးပေါ့ ။ ။

နဂါးတစ်ကောင်တိမ်ညွန့်စားဖို့ ရက်နဲနဲလိုသေးတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, September 5, 2010

အာရုံမှားတဲ့ လှေ

မြင်မြင်သမျှ အပြာနဲ့ယက်တယ်..

ကောင်းကင်ထဲ နစ်မြုပ်သွားသလို
နှလုံးသွေးကို အရောင်ဆိုးထားသလို
ပင်လယ်ရဲ့ ပြုစားခြင်းကိုခံရသလို
ဝင်သက်ထွက်သက်တိုင်းက ဆေးခတ်ထားသလို
အဲသလိုမျိုး...
မြင်မြင်သမျှက အပြာ ။ ။

ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ကိုလှန်ကြည့်မိတော့
ငါ့လက်ကို အပြာရောင်မီးတောက်တစ်ခု
ရုတ်ခနဲ ဖြာခနဲ လောင်မြိုက်
အူလှိုက်သဲလှိုက် အနာတရတွေနဲ့
စေတသိတ်ရဲ့ ဒဏ်ရာကလဲအပြာ ။ ။

တစ်ခါတစ်လေမှာ မွတ်သိပ်လွန်းလို့
ဝမ်းစာကိုပြာချ အရည်ဖျော်သောက်တဲ့အခါ
ယိုဖိတ်စီးဆင်းမှုနဲ့ ပိတ်ပင်တားဆီးမှုအကြား
တံတိုင်းတစ်ချပ်ခြားထားတာလဲ အပြာ ။ ။

ထိုင်နေရင်းက နစ်မြုပ်နေသလို
ထွန်းလင်းနေရင်းက မှောင်မိုက်နေသလို
ပြုံးနေရင်းက ငိုနေသလို
ဆုပ်ကိုင်မိသမျှ အိပ်မက်အပိုင်းအစတွေဟာ
တစ်တစ်ချင်ချင်ကို ပြာနေခဲ့ပေါ့ ။ ။

ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ခြင်းတွေနဲ့
ရေးသားထားတဲ့ ကယ်ရီကားချားတစ်ချပ်ဟာ
ရုတ်တရက်ပြာပိန်းသွားရင်းက
သံစဉ်တစ်လက်ရဲ့ ရင်ကွဲသံအဆုံး
ပွင့်လာတဲ့ မျက်လုံးအစုံနဲ့မော့ကြည့်တော့
လမင်းက ငုံ့ကြည့်ရင်းပြံးပြချိန်
ငါ့ကိုယ်ငါ သိလိုက်တယ်
ငါဟာ အာရုံမှားတဲ့လှေ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Thursday, September 2, 2010

ငါမရေးချင်တဲ့ ကဗျာ

ထိုးနှက်မှုတို့ ပတ်လည်မှာ
ကုန်းရုန်းထဖို့ ကြိုးစားရင်း
ဘ၀က အိပ်မက်ကလှုပ်နှိုးခံရသလို
ကံကြမ္မာရဲ့ ခြေထိုးခံမှုဟာ
သိပ်ကို တရားမဲ့လွန်းတယ် ။ ။

ကိုယ်တိုင်တင်ခဲ့ဖူးတဲ့ မှတ်ကျောက်ဟာ
တစ်ချိန်က အသွားနှစ်ဖက်နဲ့ဓါး
အခု လေးမရှိတဲ့မြှား။ ။

အတင်းကြပ်ဆုံး လွန်းတင်ပစ်ခဲ့ရင်း
မျှော်လင့်ချက်ချိုချိုတွေ ခူးဆွတ်ကာမှ
ဖြုတ်ခနဲကြွေကျသွားတဲ့ ရမ္မက်လက်တစ်ခုပ်စာဟာ
ကြယ်သက်ကြွေ နတ်သမီးအဆုတ်ဖြစ်နေခဲ့တယ်။

လက်မခံချင်ပဲ လက်သင့်ခံလိုက်ရတဲ့
ခွက်တစ်လုံးရဲ့ နောင်တသက်ပြင်းမှာ
အာရုံပျက်ဂီတနဲ့ မျှော်လင့်ချက်ချို့တဲ့
ဘ၀တွေ ပါခဲ့တယ် ။ ။

တစ်ကယ်တော့လဲလေ...

သိပ်ကို ပိရိပါးနားသေသပ်လွန်းလှတဲ့ မျက်လှည့်တစ်ပွဲကို
တစ်ဘ၀စာလက်မှတ်နဲ့ကြည့်လိုက်ရသလိုမျိုး
အနိမ့်အမြင့် အတက်အကျတွေနဲ့
မယုံကြည်နိုင်လောက်အောင်ပြောင်းလဲတတ်တဲ့ သံစဉ်တစ်ပိုဒ်ကို
ကံကြမ္မာနဲ့ လောင်းစားနားထောင်လိုက်ရသလိုမျိုး
ငြိမ်းလုဆဲဆဲ ကလောင်တံချောင်းရဲ့
မပြီပြင်တော့တဲ့ ကဗျာတစ်ပုဒ်ကို
ဘ၀နဲ့ရင်းပြီး ရေးလိုက်ရသလိုမျိုးပေါ့ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir