Friday, April 10, 2009

စိတ်နှင့် စကားပြောခြင်း

စိတ်ရေ......
ဝိညာဉ်ခြင်းထိုးနှက်တဲ့ တိုက်ပွဲတွေကိုရုပ်သိမ်း
မှီခိုရာမဲ့လွင့်မျောခြင်းကို အရှိန်သတ်လို့
တပ်မက်မှုကင်းတဲ့ တည်ငြိမ်ခြင်းမှာ
မင်း..ရပ်နေကြည့်လိုက်ပါ..။

အကြောင်းအရာ အသစ်အဟောင်းတွေ
ပြောင်းပြန်စီးတဲ့မြစ် အကြောင်းတွေ
ဆွေးမြေ့ပျက်စီးနေတဲ့ ဘ၀ရဲ့မျက်လှည့်ဆန်ဆန်ညတွေ
ရွှေရောင်တောက်ခဲ့တဲ့ အတိတ်ဘောင်နေရောင်တွေ
အားလုံးကိုမေ့ပစ်ရင်း ခြေအစုံရပ်ခြင်းမှာ
တည်ငြိမ်ညိမ်းအေးခြင်းနဲ့ မိတ်ဆွေဖွဲ့လို့ ။

စိတ်ရေ.....
အခိုင်မြဲဆုံး ကျစ်တဲ့ကြိုးတွေနဲ့
ဘ၀ကို ချည်နှောင်မြဲမြံတော့
ဒဏ်ရာအရှိုးရာတွေ အပြည့်နဲ့
အံခဲရင်း ကုတ်ဖဲ့တက်ခဲ့တဲ့နေ့ရက်တွေမှာ
ရင်ဘတ်ရဲ့ အမြုတေဟာ
နာကျင်မှုဖုံးလွှမ်းရင်း အဆန်လမ်းမှာ
လက်ပန်းကျလိမ့်မပေါ့...။

တိုးထွက်လာတဲ့နေမင်းဟာ ညကိုခ၀ါချသလို
ဖြစ်တည်လာတဲ့ ရှင်သန်ခြင်းမှာ
အတ္တတံတိုင်းကို ထွင်းဖောက်ဖြိုချဘို့အတွက်
စိတ်ဟာ တူရွင်းတစ်လက် ဆောက်တစ်ချောင်းဖြစ်မယ် ။

မှတ်ကျောက်ရဲ့သီအိုရီမှာ အရည်အသွေးကိုတောက်ပြောင်စေခဲ့ရင်
ကိုယ့်အရောင်ကိုယ်တင်ဘို့ အိတ်သွန်ဖာမှောက်ဆေးကြောခြင်းမှာ

စိတ်ရေ.......

အတိတ်နဲ့ အနာဂါတ်ကိုမေ့လို့
ပစ္စုပန်ဆိုတဲ့ နေ့တစ်နေ့မှာ
တို့တွေ ရပ်လိုက်ကြရအောင် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.myspace.com မှ ကူးယူဖော်ပြပါသည်။

11 comments:

အိန္ဒြာ said...

အတိတ်နဲ့ အနာဂါတ်ကိုမေ့လို့
ပစ္စုပန်ဆိုတဲ့ နေ့တစ်နေ့မှာ
တို့တွေ ရပ်လိုက်ကြရအောင် ။

လက်တွေ့ကျကျ ဘ၀ကိုရင်ဆိုင်ကျော်ဖြတ်နိုင်တာ အကောင်းဆုံးပါပဲ...
ဘ၀ဆိုတာ...မဖြစ်မနေ သွားနေရတဲ့..
ခရီးကြမ်းကြီးတစ်ခုပါ..ကဗျာဆရာရေ..

လေးနက်ထိမိတဲ့ အတွေးတွေ..အရေးတွေကို
လေးစားလျှက်

ဆောင်းယွန်းလ said...

အတိတ်နဲ့ အနာဂါတ်ကိုမေ့လို့
ပစ္စုပန်ဆိုတဲ့ နေ့တစ်နေ့မှာ
တို့တွေ ရပ်လိုက်ကြရအောင်

စိတ်တွေကို လက်ပမ်းမကျမချင်း လှော်ခတ်လိုက်ပြီး
ပစ္စုပ္ပန်ကိုပဲ တည့်တည့်မောင်းကြတာ အကောင်းဆုံးပေါ့ ညီလေးရာ..
ညီလေးကဗျာထဲက ပေးတဲ့အတွေးတွေကို ရင်မှာပိုက်ရင်း..ပြန်သွားပါတယ်

ကောင်းကင်ပြာ said...

စိတ်နဲ့ စကားလာပြောသွားတယ်ရှင်

MANORHARY said...

ဟင့်အင်း
ကိုယ်ကတော့ ပစ္စုပ္ပန်မှာရပ်မနေချင်ဘူး
အနာဂါတ်ကိုပဲကျော်လွှားသွားချင်နေတယ်

အိုင်လွယ်ပန် said...

စိတ် .........

ကျယ်ပြန့်ချင်ရင်လည်းရတယ် ...
ကျဉ်းပစ်လိုက်ချင်းလည်းရတယ် .....

ကိုရင်နော်ခင်လေးငယ် said...

စိတ်ရေ.....
အခိုင်မြဲဆုံး ကျစ်တဲ့ကြိုးတွေနဲ့
ဘ၀ကို ချည်နှောင်မြဲမြံတော့
ဒဏ်ရာအရှိုးရာတွေ အပြည့်နဲ့
အံခဲရင်း ကုတ်ဖဲ့တက်ခဲ့တဲ့နေ့ရက်တွေမှာ
ရင်ဘတ်ရဲ့ အမြုတေဟာ
နာကျင်မှုဖုံးလွှမ်းရင်း အဆန်လမ်းမှာ
လက်ပန်းကျလိမ့်မပေါ့...။


ကဗျာဆရာရေ..
ကဗျာတစ်ပုဒ်လုံးက လှပလွန်းနေတာ တကယ်ပါ့ပဲ..
ကောင်းလွန်းတဲ့ အတွေးတွေ.. အရေးတွေကို အရမ်း နှစ်သက်မိတယ်..

ချစ်ခင်ခြင်းများစွာဖြင့်

Minn said...

ဆရာသမားက တယ်လီပသီ တတ်တယ်လား
အဲဒါကြောင့် ဒီလောက်ကဗျာတွေရေးနိုင်တာ
အားကျတယ်ဗျာ

Anonymous said...

စိတ်.
စိတ်.
အဲ့ဒီ စိတ်တွေကိုဘဲ မ အရမ်းကြောက်နေမိတာ

ဝါးစိမ်း said...

ကိုရင်နော်ရေးထားတာတွေ့လို့ လာကြည့်တာ ကဗျာလေးက အရမ်းကောင်တယ်ဗျို့

Heartmuseum said...

ကိုရင်နော် ဖျက်ဆီးမှပဲ ကိုမိုးမြင့် ကဗျာလေး ကောင်းမှန်း ပိုသိသာလာသလိုပဲဗျာ။ အောက်က အပိုဒ်ကို အတော်ကြိုက်တယ်ဗျ။
တိုးထွက်လာတဲ့နေမင်းဟာ ညကိုခ၀ါချသလို
ဖြစ်တည်လာတဲ့ ရှင်သန်ခြင်းမှာ
အတ္တတံတိုင်းကို ထွင်းဖောက်ဖြိုချဘို့အတွက်
စိတ်ဟာ တူရွင်းတစ်လက် ဆောက်တစ်ချောင်းဖြစ်မယ် ။

Zwine said...

ကိုရင်နော်က သူ့သူငယ်ချင်းရဲ့ကဗျာကို ဖျက်သလိုလိုနဲ့ အမွမ်းတင်ထားတာဘဲ ကဗျာလေးတကယ်ကောင်းပါတယ်

Template by - Abdul Munir