Tuesday, April 14, 2009

နှလုံးမိုက် အိမ်ပြန်ချိန်

တိတ်ဆိတ်ခြင်းက ကမ်းကပ်တဲ့လှိုင်းကြပ်ခွပ်လိုမျိုး
အသံလုံလုံနဲ့ ထိုးစစ်ဆင်တတ်လာခဲ့တော့
တရေးနိုးထဆိုတတ်တဲ့တယောသံမှာ ညဟာငိုပြန်တယ် ။

ကာလဆိုတာတွေက ကြာရှည်လွန်းလှပါတယ်လေ..။

ဘ၀အချိုကို လိုချင်တပ်မက်ကြတဲ့လူတွေ
နိုးစက်အားကိုးနဲ့ နိုးထတတ်တဲ့မနက်တွေ
လျှောက်နေရင်းက ပျောက်သွားတဲ့လမ်းတွေ
ဖွင့်ထားချင်ယောင်ဆောင်တဲ့ တံခါးတွေ
ဒဏ်ရာကိုဆေးကြောဘို့ စိတ်ခ၀ါချနေ့တွေ

ဒါတွေဟာ...
အတုမဟုတ်တဲ့ အစစ်တွေလား
အစစ်ယောင် ဆောင်လိုက်တာများလား ။

ပျော်ရွှင်ခြင်းတွေကြားထဲမှာ
ငြိမ်းအေးခြင်းကို ရှာမတွေ့တတ်ခဲ့တာ
မျက်ကြည်လွှာတွေက သစ္စာဖောက်တာလား
သံသရာမှာဘဲ တောမှောက်သွားတာလား
မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။

ကိုယ်တိုင်ပျိုးခဲ့တဲ့ ပန်းတပွင့်ကြောင့်
ကိုယ် ကိုယ်တိုင် အဆိပ်တက်ခဲ့တော့
ဘယ်လက်နက်တွေနဲ့ ငါ့ကိုထိုးနှက်မလဲ
အရေမာသယောင်ထင်ရတဲ့ ရင်လဲ
နုံးညွှတ်ကွဲအက်ခြင်းမှာ ရင်းစားလို့မရနိုင်တော့
ခလုတ်ထိလို့အသည်းခိုက်မှ မိုက်မိုက်မဲမဲတမိတယ်
အမေရယ်....။

မျောပါနေတဲ့စိတ်ဓါတ်ကို ကျင်ယူဘို့
အသည်းပျက်လူမှာ လက်မဲ့ခဲ့ရတော့
သမုဒယကို ပိုက်ထွေးရင်း
ဆွေးမြေ့ခြင်းကို ဖျော်ချ
ဝမ်းနည်းခြင်းတွေကို အန်ချလိုက်တယ်

သြော်...ဒီဘ၀ နှလုံးမိုက်အိမ်ပြန်ချိန်
အလွမ်းရင်မှာ လမသာနိုင်တော့ဘူး...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင် အသုံးပြုထားသောပုံကို www.wowinsider.com မှ ကူးယူဖော်ပြပါသည်။

10 comments:

ကိုရင်နော်ခင်လေးငယ် said...

ပျော်ရွှင်ခြင်းတွေကြားက ငြိမ်းအေးမှုကို မတွေ့တဲ့ လူတစ်ယောက်...

အလွမ်းတွေ တနင့်တပိုးနဲ့ အဆိပ်တက်မှ
အမိတမိတဲ့ လူတစ်ယောက်...

စိတ်တွေကိုလည်း ထပ်မမျှောပါနဲ့တော့လား..!!

သမုဒယကိုလည်း မပိုက်ထွေးပါနဲ့တော့လား..!!

ဆွေးမြေ့ခြင်းတွေကို ထာဝရ ပျော်ကျတဲ့အထိ
ဖျော်ချလိုက်ပါတော့လား..!!

ဝမ်းနည်းခြင်းတွေကိုလည်း လက်ထိုးပြီး တစ်သက်စာသာ အန်ချလိုက်ပါတော့လား..!!

အိမ်ပြန်ချိန်မှာ လမသာနိုင်တော့ရင်လည်း ကိုယ်တိုင် နှလုံးမိုက်ဆိုပြီး အလွမ်းကိုရင်မှာ မထည့်ပါနဲ့တော့လား..!!

ဆရာရေ...
မရေရာခြင်း ဆူးတွေကြားမှာ မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက် ထိုးထွက်လာခဲ့ရင် အထက်ဆုံးဓါးနဲ့ ဖြတ်ထုတ်ပြစ်လိုက်ပါတော့..

ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါစေလို့.. အလှိုက်လှဲဆုံး ဆန္ဒပြုပေးလိုက်ပါတယ်နော်...

အရမ်းကို ကောင်းလွန်းတဲ့ ကဗျာပါဘဲ..
ဆရာ့ကဗျာတွေထဲမှာ အကြိုက်ဆုံးလို့ ပြောလို့ရနိုင်မဲ့ ကဗျာပါ...

လေးစားခင်မင်ချစ်ခြင်းအားဖြင့်...

ကောင်းကင်ပြာ said...

သြော်...ဒီဘ၀ နှလုံးမိုက်အိမ်ပြန်ချိန်
အလွမ်းရင်မှာ လမသာနိုင်တော့ဘူး...။

လမသာနိုင်ပေမဲ့ ကြယ်လေးတွေ ရှိပါသေးတယ် ကိုမိုးမြင့်တိမ်ရေ

အမရာ said...

အကိုရေ...အလွမ်းကဗျာကောင်းလေး
ကိုတနင့်တပိုးခံစားသွားပါတယ်......
ငါ့အကို..လှိမ့်ပိမ့်ပြီးလွမ်းနေပါလား.......
ဘာဘဲပြောပြာကဗျာကဖတ်လို့ကောင်းမှကောင်း။

ဆောင်းယွန်းလ said...

တိတ်ဆိတ်ခြင်းက ကမ်းကပ်တဲ့လှိုင်းကြပ်ခွပ်လိုမျိုး
အသံလုံလုံနဲ့ ထိုးစစ်ဆင်တတ်လာခဲ့တော့
တရေးနိုးထဆိုတတ်တဲ့တယောသံမှာ ညဟာငိုပြန်တယ်

သိပ်ကောင်းတဲ့ကဗျာပဲညီလေးရေ
အရေးအသားသိပ်ကိုကျစ်လစ်တယ်
စကားလုံးသုံးထားတာတွေလည်း သိပ်ပြီးအားကောင်းတယ်....တကယ်ကောင်းလွန်းတဲ့ကဗျာတပုဒ်ပါ ညီလေးရေ

မိုးမောင်(HappyCloud) said...

ကဗျာဆရာ...
ကျုပ်ဖတ်သွားတယ်ဗျာ...။
ခင်ဗျားဘာတွေ ဖြစ်နေပြန်ပြီလဲ...။
အရင်လိုပဲ အရက်တွေပြန်သောက်နေလား...။
စိတ်ဓာတ်ကို ကြံ့ကြံ့ခံထားစမ်းဘာဗျာ...။
ခင်ဗျားဘေးမှာ ဂျောက်ကြီးရှိတယ်လေ..ရဲရဲသာ ခုန်ချလိုက်စမ်းဘာ(အဲလေ) ခင်ဗျားဘေးမှာ ကျနော်တို့ရှိတယ်လို့ အားပေးတာပါဗျာ.. ဆောတီး။

ရေလည်ခင်တဲ့..
မိုးမောင်(Myanmar Idol)

အိန္ဒြာ said...

ပျော်ရွှင်ခြင်းတွေကြားထဲမှာ
ငြိမ်းအေးခြင်းကို ရှာမတွေ့တတ်ခဲ့တာ
မျက်ကြည်လွှာတွေက သစ္စာဖောက်တာလား
သံသရာမှာဘဲ တောမှောက်သွားတာလား
မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။

မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။

မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။

သိပ်လှတယ်..ကဗျာဆရာ

Minn said...

တရေးနိုးထဆိုတတ်တဲ့တယောသံမှာ ညဟာငိုပြန်တယ် ။

ခလုတ်ထိလို့အသည်းခိုက်မှ မိုက်မိုက်မဲမဲတမိတယ်
အမေရယ်....။

သြော်...ဒီဘ၀ နှလုံးမိုက်အိမ်ပြန်ချိန်
အလွမ်းရင်မှာ လမသာနိုင်တော့ဘူး...။

"မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။"

အနွမ်းတွေကြားထဲက လန်းနေတဲ့စိတ်လေး မြင်လိုက်ရတာ တော်သေးတာပေါ့၊ အဲဒီအပိုဒ်လေး အောက်ဆုံးအပိုဒ်အပေါ်မှာထားဖတ်ကြည့်တာ ပိုအဆင်ပြေသလားလို့၊ တစ်လျောက်လုံးနွမ်းဖတ်လာတာ တုန့်ကနဲရပ်ပြီးဆွဲချလိုက်တဲ့အရသာ၊ Twilight ကြည့်ရတဲ့အရသာမျိုး၊ လွမ်းတတ်လိုက်တဲ့ဆရာရေ သင်ပေးပါဦး။

Craton said...

ဘာတွေဖြစ်နေတာလဲ ဦးတိမ်..

ညီအကိုများ said...

ဖွဲ့နွဲ့မှုတွေကနူးညံ့လှတယ်ဗျာ..
ကိုယ့်ဆရာရေ

ပျော်ရွှင်ခြင်းတွေကြားထဲမှာ
ငြိမ်းအေးခြင်းကို ရှာမတွေ့တတ်ခဲ့တာ
မျက်ကြည်လွှာတွေက သစ္စာဖောက်တာလား
သံသရာမှာဘဲ တောမှောက်သွားတာလား
မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။

အဲဒါလေးက လန်းတာဗျ..

ခင်မင်လေးစားလျက်
မိုးကြယ်

ဖိုးမောင်(happycloud) said...

ထင်တာတွေ မဖြစ်တာများရင်ပဲဖြစ်ဖြစ်...
မထင်တာတွေ ဖြစ်လာရင်ပဲဖြစ်ဖြစ်...
စိတ်တွေ ထွေးတတ်တာပဲညီရာ...
အလွမ်းတွေ မှိုင်းလာရင်... နာတတ်တဲ့ရင်တွေကို...
ကဗျာတွေနဲ့ကုစားတတ်တဲ့ညီကတော့...
ဖြေသာနိုင်တယ်ပြောရမယ်...
အဲဒါတွေကပဲ ညီအတွက် ခံစားချက်တွေ ပွင့်အံ ခွင့်ရစေတာပဲနော်...

ခင်တဲ့အကို
ဖိုးမောင်

Template by - Abdul Munir