Tuesday, April 21, 2009

သူရူးလက်နဲ့ခတ်တဲ့ဗုံ

" xxxxx.....ရှုပ်တယ်လို့ နာမည်ကြီးတော့ .... ရှင်းပြဖို့လည်း ခက်နေခဲ့.... မျက်ရည်ကသက်သေဘဲ...ရက်တွေတိုင်းမှာ ငိုချင်းချ...လိုရင်းကဘာလဲ ဘာလဲ.... အချစ်ဆိုတာပိုရှင်းသွား..... .နှင်းကျတဲ့ညတွေမှာဆို ကိုယ့်အိမ်တောင်ကိုယ် မပြန်ချင်တော့... မြက်ခင်းပေါ်ကျောခင်းပြီးတော့....ဒီလိုနဲ့ မိုးတောင်လင်းပေါ့....နေမင်းကရက်ရက်စက်စက်... ငါ့ကျောကိုတောက်လောင်လွန်းတော့....သေလုအောင် လွမ်းတာများ....ဒီရောဂါနဲ့ လွမ်းနာကျပေါ့....xxxxx.... "

" သနားဖို့ ကောင်းလိုက်တာ မောင်ရယ် "

ဗိုက်ဆာဆာနှင့် ရှမ်းခေါက်ဆွဲ ကုန်းစားနေတဲ့ ကျွန်တော် ချစ်သူ၏ပြောစကားကြောင့် ခေါင်းမော့ကြည့်လိုက်မိတော့ ချစ်သူက ဆိုင်ရှေ့ဘက်ကို ငေးရင်း ဂရုဏာမျက်ဝန်းတွေနဲ့ ကြည့်လို့ ။

" ဘ၀တွေပေါ့ မြတ်နိုးရယ်...ဘ၀တွေပေါ့ "

" ရုန်းကန်ကျင်လည်နေရတဲ့ ဒီသံသရာထဲမှာ ဒီလို သနားစရာ ပန်းကလေးတွေ ဒုနဲ့ ဒေးပါဘဲကွာ...။ တစ်ချို့က ဘ၀ပေးညံ့လို့ တစ်ချို့က ကံကြမ္မာ ဖိစီးနှိပ်စက်လို့ တစ်ချို့က အစွန့်ပစ်ခံကြရလို့ အမျိုးမျိုး အဖုံဖုံပေါ့ မြတ်နိုးရယ်။ ဘယ်သူ့ကို အပြစ်တင်ကြမလဲ ။ ကံကြမ္မာကိုလား?? လူဖြစ်ခွင့် ရပါရဲ့ လူလို့ သမုတ်မခံကြရတဲ့ နိမ့်ကျ နွမ်းပါးလှတဲ့ ဘ၀တွေကိုလား???? "

" ဟုတ်တယ်နော် မောင် ။ တကယ်တော့ သူတို့လေးတွေရဲ့ အရွယ်ဟာ ကျောင်းစာသင်ခန်းထဲမှာ စာသင်နေရမဲ့ အရွယ်..။ အခုလိုမျိုး လမ်းမပေါ်မှာ ပိုက်ဆံတောင်းနေရတာမျိုး မဖြစ်သင့်ဘူး ။ မြတ်နိုးတို့ အိမ်ထောင်ကျလို့ သားသမီးတွေ ရလာရင် သေချာ ဂရုစိုက်ရမယ်နော် ။ ဒီလို အဖြစ်မျိုးတွေ သူတို့တွေအပေါ် လုံးဝမကျရောက်စေရဘူး..။ "


စဉ့်ဖြင့်လုပ်ထားသော အိုးအငယ်စားလေး၏ မျက်နှာဝကို သားရေပြားဖြင့်အုပ်ကာ ကျစ်နေအောင် စီး၍ ဗုံသဖွယ်ပြုလုပ်ကာ တီးခတ်ရင်း သီချင်းဆိုကာ ပိုက်ဆံတောင်းနေကြသော သုံးတန်းအရွယ် မရှိတရှိကလေးငယ်နှစ်ယောက်ကို ဂရုဏာမျက်ဝန်းများနှင့် ကြည့်ကာ ပြောလိုက်သော ချစ်သူ၏စကားကြောင့် ကျွန်တော်ပြုံးမိလိုက်၏ ။ ချစ်သူ၏ နွေးထွေးနူးညံသော စိတ်ထားနှင့် ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်များကဘဲ ကျွန်တော့်ကို မြတ်နိုးပိုစွာ ချစ်စေခဲ့သည်ဘဲလေ ။

" ဘာတွေလျှောက်ပြောနေတာလဲ မြတ်နိုးရယ် "

" မောင်တို့တွေက အဲလိုလုပ်မယ့်လူတွေလား ။ မောင်ကော မြတ်နိုးကော မှာ မိခင်ဖခင်စိတ်အပြည့်ရှိနေတာဘဲ။ မောင်တို့ ရင်သွေးလေးတွေကို အကောင်းဆုံးဖြစ်အောင် မောင်ကော မြတ်နိုးကော ပြုစုစောင့်ရှောက်ကြမှာပေါ့ ။ မောင်တို့ ရင်သွေးလေးတွေဟာ လမ်းဘေးမှာ ဗုံတီးပြီးတောင်းစားရတဲ့ အဖြစ်မျိုး ဘယ်လိုနည်းနဲ့ မှ မကြုံစေရဘူး "


ကျွန်တော်၏ ပြတ်သားသော စကားသံအဆုံးမှာတော့ ချစ်သူက ပါးလေးနှစ်ဘက်ခွက်ဝင်အောင် ပြုံးရင်း ကျွန်တော့်လက်လေးကို နွေးထွေးစွာ ဆုပ်ကိုင်လို့ ။ ချစ်သူရဲ့ အပြုံးချိုချိုလေး နှင့် လက်ဖ၀ါးနုနုလေးမှ ရှိန်းမြမြအနွေးဓါတ်လေးတွေကဘဲ ကျွန်တော့်ရင်ခုန်သံအချက်တိုင်းကို သိမ်းပိုက်သွားခဲ့တာပေါ့ ။

" မောင် " " မြတ်နိုး နဲ့ မောင့် အတွက် ကဗျာလေး တစ်ပုဒ် ရေးပါလားဟင် "

" စိတ်ချမြတ်နိုး မောင် ရေးမယ်။ ပြီးရင် မြတ်နိုးကို လက်ဆောင်အဖြစ်ပေးမယ် "

ကျွန်တော် သွက်လက်စွာပင် ခေါင်းညိတ်ဖြေကြားမိလိုက်တော့ ချစ်သူက ရွှန်းရွှန်းလဲ့လဲ့ပြုံးလို့...။

( ၂ )

" ကျွန်မ မောင်နဲ့လမ်းခွဲချင်ပြီ "

" ကျွန်မကို ခွင့်လွှတ်ပါ မောင် "

လောကကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီလား ။ စောစောကခြစ်ခြစ်တောက်ပူနေခဲ့သည့် နေမင်းလလည်း အခုဘယ်ဆီဘယ်ဝယ်ရောက်တယ်မသိ။ တိမ်ညိုတစ်သိုက်ကတော့ ကျွန်တော့်ရာသီကို အုံ့မှိုင်းစေခဲ့တာတော့အမှန်ပင်။ ကျွန်တော့် နားကို ကျွန်တော်မယုံနိုင်တော့။ ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်ရင်း ပြောနေတာ ကျွန်တော့်ချစ်သူမှ ဟုတ်ရဲ့လား။ ဘယ်လို နတ်ဆိုးတွေကများ အယောင်ဆောင်လိုက်ကြတာလဲ။ ကျွန်တော် သိပ်မြတ်နိုးရလွန်းလို့ နာမည်တောင်မခေါ်ဘဲ "မြတ်နိုး"လို့ ခေါ်ခဲ့တဲ့ချစ်သူ။ "မြတ်နိုး" လို့ကျွန်တော့်နှုတ်က ခေါ်တိုင်း လှပစွာ ပြုံးရင်း ကျေနပ်နေတတ်တဲ့ချစ်သူ။ အခု သူ့နှုတ်ဖျားက ကျွန်တော့်ကို လမ်းခွဲစကားတွေဆိုနေပါပြီလား ။ သံရည်ပူထက်ပြင်းပြတဲ့ စကားလုံးဒီဂရီတွေနဲ့ ကျွန်တော့်အသည်းကို အရည်ဖျော်ချနေတာ ကျွန်တော့်ချစ်သူတဲ့လေ။

" ဘယ်လိုပြောလိုက်တာလဲ မြတ်နိုး "

" မောင့်ကို နောက်နေတာလား ဟင် "


" အဲလိုတော့ မနောက်နဲ့ကွာ "


" ကျွန်မ နောက်နေတာ မဟုတ်ဘူး ကိုမိုးတိမ် " " ကျွန်မ ရှင့်ကို ဘယ်လိုမှ ချစ်လို့မရတော့ဘူး "

" ဗျာ "


" ရှင့်ကိုမှ မဟုတ်ပါဘူးလေ။ ကျွန်မ ဘယ်သူ့ကိုမှ ချစ်လို့မရတော့တာပါ " " ကျွန်မ တစ်ယောက်တည်းဘဲ နေချင်တော့တယ်။ ကျွန်မကို လွတ်လပ်ခွင့် ပေးပါတော့ ကိုမိုးတိမ် "

" မြတ်နိုး ဘယ်လိုပြောလိုက်တာလဲ မြတ်နိုးရယ်။ မောင် မြတ်နိုးကို ဘယ်လောက်ချစ်တယ် ဆိုတာ မြတ်နိုး အသိဆုံးလေ။ မောင် မြတ်နိုးမကြိုက်တာ ဘာများလုပ်မိလို့လဲ မြတ်နိုးရယ်။ မောင့်ကို ပြောပါ။ မြတ်နိုးမကြိုက်တာရှိရင် မောင် ပြင်ပါ့မယ်။ မောင်နဲ့ မြတ်နိုးတို့စိတ်ကူးစီစဉ်ထားတာလေးတွေ မြတ်နိုးမေ့ကုန်ပြီလားကွာ။ မောင်တို့ သိပ်ကို ချစ်ခဲ့ကြတာလေ။ "

" ရှင် ဘာမှမလုပ်ခဲ့ပါဘူး ကိုမိုးတိမ်။ ကျွန်မ ကိုက ရှင့်ကို မချစ်တော့တာ "

" ဘာကြောင့်များလဲ မြတ်နိုးရယ်။ ဘယ်လိုအကြောင်းအရာမျိုးတွေက မောင့်ကို မချစ်စေတော့တာလဲကွာ "

" ဘာကြောင့်မှ မဟုတ်ပါဘူး။ ကျွန်မကိုက တစ်ယောက်တည်းနေချင်တော့လို့ပါ။ ပြီးတော့ ရှင့်ကို မညာချင်ဘူး။ ကျွန်မ ရှင့်ကို ချစ်လို့မရတော့ဘူး။ ဒါဟာ အမှန်တရားတစ်ခုပါ။ အခုအမှန်တရားကို ကျွန်မ ရှင့်ကို ပြောပြနေတာ။ ကျေးဇူးပြုပြီး ရှင်လက်ခံပေးပါ။ "

" မဟုတ်သေးပါဘူး မြတ်နိုးရယ်။ ဘာအကြောင်းပြချက်မှမရှိဘဲ မြတ်နိုးမောင့်ကို မချစ်နိုင်တော့ဘူးဆိုတော့။ မဟုတ်သေးပါဘူးကွာ။ "

" ကျွန်မ အများကြီးထပ်မပြောချင်တော့ဘူး ကိုမိုးတိမ်။ ကျေးဇူးပြုပြီး ရှင်လက်ခံပေးပါ "

" မြတ်နိုးကို မောင်တစ်ခုမေးမယ်။ မြတ်နိုးဘယ်တုန်းကမှ မောင့်ကို မချစ်ခဲ့တာလား "


" ကျွန်မရှင့်ကို ချစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာဟိုအရင်တုန်းကပါ။ အခုရှင့်ကို ကျွန်မ မချစ်တော့ဘူး။ "
" လုံးဝကိုသေချာတယ် ကျွန်မ ရှင့်ကို မချစ်တော့ဘူး "

နေကိုလှည့်ပတ်နေသော စကြာဝဋ္ဌာအဖွဲ့အစည်းတွေလည်း ဓါတ်ခဲကုန်သွားတဲ့ နာရီတစ်လုံးလိုရပ်တန့်။ အရှေ့ဘက်ကထွက်လို့ အနောက်ဘက်ကိုဝင်တဲ့ အမြဲတမ်းမှန်ကန်နေခဲ့တဲ့ နေတို့ရဲ့နိယာမတရားတွေကကော။ ရာသီကိုလိုက်လို့ ပေါ်တတ်တဲ့ ရာသီစာလို ကိုယ့်ဘ၀င်ကိုယ် ပြန်ပြန်မျိချနေရတာက အမှန်တကယ်မနှစ်မြို့စရာ ကောင်းနေပြီလေ။ ပြောစရာစကားလုံးတွေ အာစေးထည့်ခံလိုက်ရပြီလားမသိ။ ယူကြုံးမရခြင်း မယုံကြည်နိုင်ခြင်းတို့ မဟာမိတ်ဖွဲ့တွန်းချလိုက်တဲ့ အဟောသိကံဇာတ်မှာ မျက်ရည်တွေကဘဲ လက်နက်အဖြစ်။ ယောကျာ်းတစ်ယောက် မျက်ရည်ကျတာဟာ ပျော့ညံ့လွန်းနေတာတဲ့လား ။ ရင်နှင့်အမျှရင်းခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ မျက်ရည်ထက်တောင် ရင်နာစရာကောင်းလွန်းနေတယ်ဆိုတာ....။

" မြတ်နိုး ရုတ်တရက်ကြီး ပြောင်းလဲသွားတာ မောင် ဘယ်လိုမှ မယုံနိုင်ဘူး မြတ်နိုး "

" ရည်မှန်းချက်တွေ ရည်ရွယ်ချက်လေးတွေ အခု ဘယ်ရောက်ကုန်ပြီလဲ မြတ်နိုး "

" မြတ်နိုး လုပ်ရက်တယ်နော်။ မောင် မြတ်နိုးအပေါ်ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာ မြတ်နိုး မသိတာလား။ မသိချင်ယောင်ဆောင်လိုက်တာလား။ ဒါမှမဟုတ် အဖြစ်အပျက်တွေအားလုံးကို ဥပေက္ခာပြုလိုက်တာလား မြတ်နိုး။ မောင်ဟာ ဘာကြောင့်များ မြတ်နိုးလိုစိတ်ဓါတ်မျိုးကို မပိုင်ဆိုင်ခဲ့ရတာလဲ။ မောင်ဟာ ဘာလို့များအစွဲအလမ်းတွေ ကြီးခဲ့ရတာလဲ။ မောင်ဟာ ဘာလို့များ မြတ်နိုးကိုမှ အသည်းနင့်အောင် ချစ်ခဲ့မိတာလဲ။ မောင် အတိတ်ဘ၀က ဘယ်လိုဝဋ်ကြွေးတွေများ မြတ်နိုးအပေါ်တင်ခဲ့တာလဲ မြတ်နိုးရယ် "

" မောင့်ဘက်ကို နည်းနည်းလေးမှ ထည့်မတွက်တော့ဘူးလားကွာ။ "

" ကျွန်မကို ကြိုက်သလိုပြောနိုင် စွပ်စွဲနိုင်ပါတယ် မိုးတိမ်။ ပြီးရင်တော့ ကျွန်မကို သွားခွင့်ပြုပါ။ ကျွန်မ လွတ်လပ်စွာ ပျံသန်းချင်ပြီ။ အဲဒီ့ အတွက် ရှင့်ကို ခံစားစေခဲ့ရတယ်ဆိုရင် ကျွန်မကို နာကျည်းလိုက်ပါ။ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ နာကျည်းမှုမျိုးတွေနဲ့ နာကျည်းလိုက်ပါ။ အရာအားလုံးအတွက် ကျွန်မ ကျေနပ်ပါတယ်။ "

" ကျွန်မမှာ ပြောစရာစကားကုန်ပြီ မိုးတိမ်။ ကျွန်မကို သွားခွင့်ပြုပါ။ "


ဘယ်သောအခါမှ ပြန်မလာနိုင်တော့ပြီဆိုတဲ့ အသိတစ်ခုက ရင်ဝကို အင်အားကြီးလှိုင်းလုံးတစ်လုံးလို တဟုန်ထိုးဝင်ဆောင့်ခဲ့ချိန်။ ကျွန်တော့်ရင်တွေ ကြေမွနေပြီဆိုတာ ချစ်သူ မသိနိုင်တော့တာလား။ အနှစ်နှစ်အလလက မျှော်လင့်တောင့်တနေခဲ့တဲ့ အလင်းရောင်လေးတစ်ခုဟာ ရုတ်တရက် မမြင်နိုင်တော့လောက်အောင် ကွယ်ပျောက်သွားခဲ့တာ။ ဒါသံသရာလား?? ဒါဝဋ်ကြွေးလား??? ဒါမှ မဟုတ် သိပ်ချစ်တတ်လွန်းတဲ့ ကျွန်တော့်အတွက် ချစ်သူကပေးတဲ့ အမှတ်တရလက်ဆောင်လား????? ဘယ်လိုဘဲဖြစ်ဖြစ် မောင် မင်းကို ရင်နင့်အောင်ချစ်ခဲ့တဲ့ အဖြစ်တွေကို ချစ်သူရယ် မင်းမမေ့ပါစေနဲ့ ။

" ရှင်ကျွန်မကို ဘာပြောစရာကျန်သေးလဲ။ မကျန်တော့ဘူးဆိုရင် ကျွန်မသွားတော့မယ်။ "

မေးနေခဲ့ပြီ။ အတည်ငြိမ်ဆုံး လေသံနဲ့ အရင့်ကျက်ဆုံးမျက်နှာထား။ ပြုံးချင်း မဲ့ချင်းအလျင်းမရှိတော့တဲ့ ချစ်သူ။ ကျွန်တော် ဘာပြောရမလဲ။ သူ့ကို သွားခွင့်ပေးလိုက်ရမှာလား။ ကျွန်တော်တားဆီးထားရင်ကော သူက နေမှာတဲ့လား။ သိပ်ကိုပြတ်သားလွန်းတဲ့ချစ်သူရဲ့စိတ်ဓါတ်ကို နားလည်နေတတ်ခဲ့တဲ့ ကျွန်တော်။ ရင်ကိုခင်းပေးရုံဘဲ ရှိတော့မပေါ့။ မင်းနင်းသွားလိုက်ပါတော့ ချစ်သူ။ ငါ့ရင်တွေကို မင်းနင်းသွားလိုက်ပါတော့။ ရည်ရွယ်ခဲ့သည်ဘဲဖြစ်ဖြစ် မရည်ရွယ်ခဲ့သည်ဘဲ ဖြစ်ဖြစ် ငါ့ရာသီမှာ နေမသာနိုင်တော့တာ အမှန်ကန်ဆုံး နိယာမတရားတွေထက် ပိုမှန်ကန်နေခဲ့ပြီလေ။

" မောင် တောင်းပန်ပါရစေ မြတ်နိုးရယ် " " မောင့်ကို ခွဲမသွားပါနဲ့ကွာ "

" ၀မ်းနည်းပါတယ် မိုးတိမ်။ ကျွန်မ ဆုံးဖြတ်ပြီးပြီ။ ကျွန်မသွားတော့မယ်။ "

" မြတ်နိုးခဏ"

" ဒါ မောင်စပ်ထားတဲ့ မြတ်နိုးကိုလက်ဆောင်ပေးမယ်ဆိုတဲ့ ကဗျာ "


မြဲမြံအောင်ဆုပ်ကိုင်ထားနိုင်စွမ်းမရှိတော့တဲ့ လက်ထဲမှာ စက္ကူလေးတစ်ရွက်ဟာ ပိသာချိန်ပေါင်းများစွာလေးလံ နေသလို။ ဆောက်တည်ရာမဲ့တဲ့ စိတ်အစဉ်မှာ ဖြတ်သန်းပြေးလွှားနေကြတဲ့ ခံစားမှုအရိပ်တွေကို ဒီကဗျာလေးက ဖော်ပြနိုင်စွမ်းမရှိတော့တာ ချစ်သူရယ်မောင့်ညံ့ဖျင်းမှုတွေဘဲလား ။ ပန်းနုရောင်နှင်းဆီပန်းလေးနှစ်ပွင့် အောက်ခံပါတဲ့ ဒီကဗျာစာရွက်လေးနဲ့ ကဗျာလေးဟာ ချစ်သူရဲ့စိတ်တွေကို ပြန်လည်ညွှတ်နူးလာအောင် စွမ်းဆောင်နိုင်စွမ်းတော့ ရှိမည်မထင်။ ကမ်းပေးလာတဲ့ ကဗျာစာရွက်လေးကို အိနြေ္ဒရရလှမ်းယူရင်းက ဖွင့်ဖတ်နေတဲ့ ချစ်သူ။ သူ့မျက်ဝန်းမှာ ဘယ်လိုသံယောဇဉ်အရိပ်အယောင်ကိုမှ မမြင်ရတော့ပြီဘဲ။

လမင်းနှစ်စင်းသာခဲ့သည်

ကမ္ဘာမှာ အမည်တွင်သွားတဲ့ ရိုမီယိုနဲ့ ဂျူလီယက်
တိုင်းတန်းနစ်ဇာတ်ကားထဲက ဂျက်နဲ့ရိုစ့်
ရာဇ၀င်ထဲက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ
ကမ္ဘာဦးအစက အာဒမ်နဲ့ အေဝ
အချစ်ဟာ ဘ၀လို့ ခံယူခဲ့ကြတဲ့
သူရဲကောင်းတွေ
အားလုံးကို ပေါင်းစုလို့
မင်းတို့ဝိညဉ်တွေနဲ့ငါ့ကမ္ဘာကိုခြုံလွှမ်းကြည့်လိုက်

မြတ်နိုးနဲ့ မောင်ဆိုတဲ့ သမုဒယနှစ်သွယ်က ထွန်းတဲ့အလင်းမှာ

သေချာပါတယ်...မင်းတို့ဝပ်ဆင်းခယ ရလိမ့်မယ်။

နူးညံ့အဆင်းနဲ့ ယုယခြင်းတွေထုံမွှမ်းထားတဲ့ရာသီမှာ
စိတ်ကူးဓါတ်နဲ့ ဆောက်တဲ့ကမ္ဘာထဲ
ချစ်သူလက်ကိုတွဲယူတော့

မေတ္တာဓါတ်နဲ့ သစ္စာတရားတွေတည်တဲ့
တိုင်းပြည်ရဲ့ကောင်းကင်ထက်

လမင်း နှစ်စင်းသာခဲ့တယ် ။

မိုးတိမ်


" ကဲ ကျွန်မသွားတော့မယ်။ နှုတ်ဆက်ခဲ့ပါတယ်။ "

ဆူနာမီထက် အဆတစ်ရာမကပြင်းထန်တဲ့ မုန်တိုင်းလို နှုတ်ဆက်စကားက ကျွန်တော့်နားစည်ထဲမှာ အညှာအတာကင်းမဲ့စွာ။ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ချစ်သူကိုကြည့်ရင်း လျှံတက်လာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှတဆင့် မြေပြင်ပေါ်သို့ တစ်စက်ခြင်း တစ်လှိမ့်ခြင်း။

" ရက်စက်လိုက်တာ မြတ်နိုးရယ်...... "


( ၃ )


" လမင်းသား စားသောက်ဆိုင် "

အတန်အသင့်ခန့်ညားသပ်ရပ်သော စားသောက်ဆိုင်ရှေ့သို့ မာစီတီးတစ်စီးနှင့် ဆာ့ဖ်တစ်စီး အသီးသီး ထိုးဆိုက်လာကြသည်။ ကားနှစ်စီးပေါ်မှ အရောင်အသွေးစုံ ယောကျာ်း၊ မိန်းမများ ဆင်းသက်လာကြပြီး ဆိုင်အတွင်းရှိ စားပွဲလွတ်တစ်လုံးတွင် အတူတကွ ၀ိုင်းဖွဲ့ထိုင်လိုက်ကြရင်းက တစ်ယောက်တစ်ပေါက်ပြောဆို စနောက်သံများက အိပ်ငိုက်နေသော ဆိုင်လေးအား နိုးထလာစေတော့သည်။

" အကိုတို့ အမတို့ ဘာများသုံးဆောင်ပါမလဲ ခင်ဗျာ "

စားပွဲထိုးလေး၏ ယဉ်ကျေးပျူငှာစွာ မေးသံအဆုံး တစ်ယောက်တစ်ပေါက်မှာသံများက ပိုမိုဆူညံစွာထွက်ပေါ်လာ ပြန်သည်။

" ငါက ထမင်းကြော် ၀က်သားနဲ့ "


" ဟဲ့ ထမင်းစားမယ်လေ။ ဟင်းမှာပြီး အားလုံးစုစားမယ်လေ ဟာ "


" အာ ငါကတော့ ထမင်းပေါင်း ကြက်သားနဲ့ "


" ညီလေးရေ ကြက်ကုန်းဘောင်တစ်ပွဲ၊ ၀က်ချဉ်စပ် ၊ ဆယ့်နှစ်မျိုးဟင်းချို "


" အမက နန်းကြီးသုတ်ကြက်သားနဲ့ ပဲမှုန့်လျှော့ထည့်နော် "


" ခေါင်ဆွဲကြော်လုပ်ပါ ၀က်သားနဲ့ မြန်မြန်လေး "

တစ်ယောက်တစ်ပေါက်မှာကြားမှုတွေကြား စားပွဲထိုးလေးမှာလည်း လက်မလည်နိုင်တော့ပေ။ မမှားအောင်သာ ဂရုစိုက်မှတ်နေရတော့၏ ။

" ဟဲ့ ဟေမာန် နင်ဘာတွေလိုက်ကြည့်နေတာလဲ မမှာဘူးလား "

နှောင်း၏ မေးသံကြောင့် ဆိုင်အဆင်အပြင်ကို လိုက်ကြည့်နေသော ဟေမာန်တစ်ယောက် သတိဝင်လာသည်။

" ငါ က ရှမ်းခေါက်ဆွဲ "

နှောင်း၏ အမေးကြောင့် စားပွဲထိုးလေးအားမှာကြားရင်း တဆက်တည်းနှောင်းအား ဆက်ပြောဖြစ်လိုက်သည်။

" ဒီဆိုင်လေးက အရင်ကဒီလိုမဟုတ်ဘူးဟ။ ငါးနှစ်တာဆိုတဲ့ ကာလအတွင်းမှာ တော်တော်ပြောင်းလဲသွားတယ်"


" ဟယ် နင်က အရင်တုန်းက ဒီဆိုင်ကို ရောက်ဖူးလို့လား "


" အင်းရောက်ဖူးတယ်။ ရောက်ဖူးရုံတင်မကဘူး ဒီမြို့လေးမှာလည်း နှစ်အတော်ကြာကြာနေခဲ့ဖူးတယ် "

" ဟယ် နင်ငါတို့ကို ဘာမှလည်း မပြောဘူး။ အခုမှ ပေါ်တော့တယ် "


" ဟဲ့ ဟေမာန်က ဒီမြို့မှာနေခဲ့ဖူးတယ်တဲ့ "


" နှောင်း သူတို့ကို သွားပြောမနေနဲ့။ ဝေသာလီပြည်ဘီလူးကျတာတောင်မှ တော်ဦးမယ်။ ဒီအစားဘီလူးတွေ သောင်းကျန်းနေတာ နင့်စကားတိုးမှာ မဟုတ်ဘူး "

" အေးဟ။ ဒါနဲ့ ဟေမာန် နင်လူတစ်ယောက်ကို သတိထားမိလား "


" ဟမ် ဘယ်သူတုန်း "


" ဟိုမှာလေ ဆိုင်ထောင့်မှာ "

နှောင်းညွှန်ပြရာသို့ ကြည့်လိုက်မိတော့ ဆိုင်အပြင်ဘက်ထောင့်စွန်းတနေရာတွင် ဗုံလေးတစ်လုံးအား ပိုက်ကာ သူတို့ရှိရာသို့ မမှိတ်မသုန်ကြည့်နေသော ခပ်နွမ်းနွမ်းလူတစ်ယောက်။ သူ့ပုံစံကြည့်ရသည်က သူတောင်းစား ဆိုတာထက် အရူးတစ်ယောက်နှင့် ပိုတူလေသည်။ ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သူ့အကြည့်တွေက နည်းနည်းလေးမှ လွှဲဖယ်မသွား ။ ကျွန်မ မျက်ဝန်းထဲတွင်လည်း ထိုလူအား မြင်ဘူးသလိုလို။

" နှောင်း ငါကြောက်လာပြီ ဟာ။ ဒီအရူးက ငါ့ကို စိုက်ကြည့်နေတယ် "

" အေး ဟုတ်တယ်ဟ။ မကြောက်ပါနဲ့ ဟေမာန်ရယ်။ ငါတို့တွေ အများကြီးရှိနေတာကို "

" အမ ရှမ်းခေါက်ဆွဲ ရပါပြီ "

အသံနှင့်အတူ စားပွဲထိုးလေးမှ ရှမ်းခေါက်ဆွဲ ပန်းကန်အား စားပွဲပေါ်သို့ လာချပေးရင်း

" အမတို့ ဘာများ ထပ်မှာ ဦးမလဲ ခင်ဗျာ "

" ဟင့်အင်း မမှာတော့ပါဘူး "

" ဒါနဲ့ ဟိုအရူးက ဘာလို့ကျွန်မတို့ကို စိုက်ကြည့်နေလဲမသိဘူး ဒီမှာ ကျွန်မ သူငယ်ချင်းက ကြောက်နေပြီ "

နှောင်း၏ပြောစကားကြောင့် စားပွဲထိုးလေးက အရူးဘက်သို့ တစ်ချက်စောင်းငဲ့ကြည့်ရင်း

" အမလေးတို့ မကြောက်ပါနဲ့ခင်ဗျာ။ သူက ဘာအန္တရာယ်မှ မပေးပါဘူး။ တကယ်ဆို သူက အရမ်းသနားဖို့ ကောင်းတဲ့လူတစ်ယောက်ပါ "


" သူက အရင်က လူကောင်းတစ်ယောက်ပါ။ ပျော်ပျော်နေတတ် စတတ်နောက်တတ်တဲ့ လူတစ်ယောက်ပေါ့။ တစ်ခါတစ်ရံ ကဗျာတွေလည်း ရေးတတ်တယ်။ "

" သူက ဘယ်လိုဖြစ်လို့ရူးသွားတာလဲ "


" နှောင်းနင်ကလဲ တော်တော်စပ်စုတာဘဲ "

" ငါသိချင်လို့ပေါ့ ဟေမာန်ရ "


" သူ့မှာ သူအရမ်းချစ်ရတဲ့ ကောင်မလေးရှိတယ်။ အဲဒီ့ကောင်မလေးက သူ့ကို ပစ်သွားပြီးနောက်ပိုင်း သူလည်း ဒီလိုဖြစ်သွားတော့တာဘဲ အမ။ ယဉ်ယဉ်လေးရူးနေရှာတာ "

" သနားပါတယ်နော် "

" သူစိတ်ကူးပေါက်လာရင် သူ့လက်ထဲက ဗုံလေးတီးပြီး သီချင်းဆိုပြပြီး ပိုက်ဆံတောင်းတတ်တယ် အမ "
" တစ်ခါတစ်ခါကျရင် သူကဗျာတစ်ပုဒ်ကို ရွတ်ပြတတ်တယ်။ ကျွန်တော်တို့က ကြားရဖန်များတော့ အလွတ်နီးပါးလောက်တောင် ရနေပြီလေ။ ကဗျာနာမည်က လမင်းနှစ်စင်းသာခဲ့သည် တဲ့ "

ကျွန်မခေါင်းကို နွေခေါင်ခေါင် ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရသလိုပါဘဲ ။ " လမင်းနှစ်စင်းသာခဲ့သည် " ဒီ....ဒီကဗျာက မောင် ကျွန်မကို ပေးခဲ့တဲ့ ကဗျာပေါ့ ။ ဒါဆို ဒီအရူးက....ဒီအရူးက ။ ကျွန်မခေါင်းထဲမှာ မေးခွန်းပေါင်းမြောက်များစွာ ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်အချိန်ကာလတွေက မျက်စိထဲကို ရုပ်ရှင်တကားနှယ် တကွက်ချင်း တကွက်ချင်း ။

" အို....မဖြစ်နိုင်ပါဘူး..မောင် ဒီလို မဖြစ်နိုင်ပါဘူး "

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ မောင် ဟာ သူမနဲ့ ပတ်သက်ပြီး ဒီလောက်အထိဖြစ်လိမ့်မည်ဟု သူမ မထင်။ အချိန်ကာလာကြာလာရင် အလိုလို မေ့ပျောက်သွားလိမ့်မည်ဟုပင် သူမမှတ်ထင်ခဲ့မိသည်။

" ဒါနဲ့ သူ့နာမည်က ဘယ်လိုခေါ်လဲဟင် သိလား "


ကျွန်မ အလောတကြီးပင် စားပွဲထိုးလေးအား မေးလိုက်မိသည်။

" ကျွန်တော်တို့ကတော့ သူ့ကို " ဗုံခတ်သူ " လို့ခေါ်ကြတယ်။ သူ့အရင်နာမည်က မိုးတိမ်တဲ့ ။ "

" ရှင် "

ထိုသို့ပြောဆိုနေဆဲမှာပင် ထိုသူရူး (သို့မဟုတ်) မောင်မှာ ဗုံလေးကို ပိုက်ရင်း နေရာမှ တရွေ့ရွေ့ထွက်ခွာသွားလေတော့သည်။ ထိုသို့ထွက်ခွာသွားရင်းမှ သီချင်းတစ်ပုဒ်ကိုလည်း သံနေသံထားဖြင့် သီဆိုသွားပြန်သေးသည်။

"....မြတ်နိုးလွန်းသူရယ်....ချစ်မိုးစွေခဲ့တယ်......တယ်.....
ဘုံကြိုးပြတ်တဲ့ ...ဒေ၀ီနတ်မျိုးနွယ်.....မျက်မာန်တော်မညှိုးလိုက်ပါနဲ့ .....xxxxxx "

နွေနေ့လယ်ခင်း၏ ပြယုဂ်အဖြစ် အပူရှိန်က ထင်ဟပ်နေဆဲ။ တရွေ့ရွေ့ထွက်ခွာသွားသည့် ခြေလှမ်းများ ဦးတည်ရာက.......။ ချစ်သူပျောက်ရှာပုံတော် အစခရီး။ သံသရာဆိုတာ ရှည်ကြာလွန်းလှတဲ့ ခရီးမှာ ဗုံတစ်လုံးနဲ့ ချစ်သူပျောက်ရှာပုံတော်ဖွင့် နေတဲ့ သူရူးတစ်ယောက်ရဲ့ ဗုံခတ်သံက......လွမ်းဆွတ်နေမည်လား???? ကြေကွဲနေမည်လား????? ဒါမှ မဟုတ် မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေမည်လား?????

ကမ္ဘာလောက ကတော့သာယာနေဆဲ။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်နေဆဲ။ ရာသီတွေကလည်း အလီလီပြောင်းလဲနေဆဲ ။ ထို့အတူ သူရူးတစ်ယောက်ဟာလည်း ချစ်သူကို ရှာဖွေရင်း ဗုံကိုတီးခတ်နေဆဲ.......။ လမင်းနှစ်စင်းသာခဲ့တဲ့ ကမ္ဘာလေးဟာလည်း.....တစ်စစီ တစ်စစီ တစ်ဖဲ့စီ တစ်ဖဲ့စီ လွင့်ပျက်ကြေမွရင်း ပဲ့ကြွေကျနေရင်း.......။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

21 comments:

BLACK DREAM said...

ဘာကြောင့်လဲ...။ ဘာ့အတွက်လဲ...။ ဒီလောက်ဖြစ်သွားဖို့ လိုလား..။ အရေးအသားကောင်း တယ်အစ်ကို...။ ဒါပေမယ့် ကျွန်တော် အကြောင်းအရာပိုင်းကိုမကြိုက်ဖူး..။ မခိုင်လုံ ဘူး..။ မတောင့်တင်းဘူးလို့ ခံစားရတယ်...။ ဒါက သာမန် အပြင် စာဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ့ပါ။ အစ်ကို့ရင်ထဲမှာ ဘယ်လိုခံစားချက်တွေရှိနေလို့ ရေးဖွဲ့ တယ်ဆို တာတော့ ကျွန်တော် မသိနိုင်ဘူးပေါ့အစ်ကိုရယ်..။

Anonymous said...

စိတ်၏စေရာနာခံလေသော
မိုးတိမ်များ၏မျက်ရည်များလား......
ကိုယ်ကတော့အဲဒီတိမ်တိုက်လေးမိုးတွေရွာချပြီး
ကြည်စင်သွားတာမျိုးလိုချင်တာ
ဒါပေမယ့် .. စာရေးသူရဲ့ခံစားချက်ကရှိသေးတယ်လေ
ပျော်ရွှင်ပါစေ
မနော်

KPZ said...

ဒီ့ထက်ပိုခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခုတော့ ရှိသင့်တယ်လို့ ထင်မိတယ်အကို...

အိပ်မက်ရှင် said...

အသည်းမကွဲဖူးရင်တော့ အကြောင်းပြချက် မခိုင်လုံဘူးလို့ ထင်နိုင်ပါတယ် ... တကယ်တော့ အသည်းကွဲဖူးသူတွေ ဘယ်လို ခံစားရတယ်ဆိုတာ အသည်းကွဲဖူးသူတွေပဲ သိနိုင်တာလေ ... ကြယ်လေးတစ်စင်းက ဒီကမ္ဘာ ဒီစကြာဝဠာအတွက်သာ သေးသိမ်မှေးမှိန်ချင် မှိန်နေမှာ သူ့ကမ္ဘာ သူ့ စကြာဝဠာအတွက်ကတော့ နေမင်းပဲ ...
ရင်ထဲ ထိတယ် ဆရာ ... အားပေးတယ် အရေးအသားနဲ့ ဖမ်းစားမှုကောင်းတယ် ... ဆက်ချ ...

ခင်မင်လေးစားစွာဖြင့်

အိန္ဒြာ said...

ပြောရရင် ရူးလုအောင်ဖြစ်သွားတယ်ဆိုတဲ့
နမိတ်ပုံလေးလောက် ပါးပါးချပြလိုက်ရင်
ပိုလှတာပေါ့...
အပေါ်ကလူတွေပြောသလို..
မိန်းကလေးတစ်ယောက် မုန်းတယ်ပြောတာနဲ့
ရူးသွားတယ်ဆိုတာမျိုးဖြစ်နေတာတစ်ခု အားနည်းနေတယ်..။
အချစ်ဝတ္ထု ချိုချို လေးတွေရေးရင်လှမယ့်လက်ကလေးပါ..။

ကိုရင်နော်ခင်လေးငယ် said...

အမြင့်ရေ... အမြင့်ရဲ့

လုပ်ချလိုက်ပြန်ပြီ...
စိတ်တွေကို လွှတ်ချလိုက်တာပေါ့..
ပြန်ကောက်လိုက် ဆရာ..
နှမျောစရာ.. :P

လေးစားခင်မင် ချစ်ခြင်းအားဖြင့်

ဆောင်းယွန်းလ said...

သူရူးလက်နဲ့ခတ်တဲ့ ဗုံသံကို လာနားထောင်ပါတယ်ညီလေး...
ဘဝမှာ အချစ်ကိုလိုတာထက်ပိုပြီး ဦးစားပေးမိရင် လူဟာ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ အတူတူပဲပေါ့ညီလေးရာ....
ညီလေးရဲ့ အရေးအသားတွေသိပ်ကောင်းပါတယ်

အားပေးလျက်ပါညီလေးရေ

ဖိုးမောင်(happycloud) said...

အဲ... သူများတွေ ပြောသွားကြတယ်...
ဆက်ကစ်ဆက်ကစ်...
မရူးသေးရင် ပဒိုင်းသီးဝယ်ပေးမယ်....
အဲဒါမှ တကယ်ရူးမယ်...
ဒူတွေဘာပဲပြောပြော ကောင်း၏...

မိုးမောင်(HappyCloud) said...

ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့ခ်အကုန် အားရတယ်။ ခံစားချက်ပိုင်းတော့ လွန်တယ်လို့ မပြောချင်ဘူး။ ကိုယ်တိုင်ကြုံမှ သိမယ့် အကြောင်းအရာဖြစ်နေလို့။ တခါတလေ အချစ်ကြောင့် အရုပ်ကြိုးပြတ်တာတွေ မြင်ဖူးထားတော့.. ခံစားပေးလို့ရတယ် ကဗျာဆရာ။

ကဗျာလှည်းလေး said...

ဘာပဲ ဖြစ်ဖြစ်ဗျာ... ဗုံခတ်သူ ခံစားချက်ကို နားလည်လို့ရပါတယ်...။ ကဲ... ဆက်ခတ်လိုက်ကြဦးစို့ဗျာ...။ :) :D

flowerpoem said...

ကောင်မလေးကရက်စက်လိုက်တာ ကောင်လေးက ရူးလောက်အောင်ခံစားသွားရတာပေါ့နော်..

မောင်မျိုး said...

သိပ်မတရားဘူးထင်တယ် အချစ်က လူကိုသေစေနိုင်တာထပ်ဆိုးတဲ့ တိတ်တိတ်ပုန်းလက်နက်တစ်မျိုးပဲ ဒီင်္ဇတ်လမ်းမှာ မိုးတိမ် ကိုပဲ ပျော့ညံ့လွန်းသူလို့ အပြစ်တင်ရမလား မြတ်နိုးကိုပဲ ဗီလိန်လို့ သတ်မှတ်ရမလားမသိတော့ ။ ဇတ်လမ်းကတော့ အပြင်းစားနဲ့ဖတ်လို့တော်တော်ကောင်းတယ် .။

မေ့သမီး said...

တယောက်နဲ့တယောက်တော့ အမြင်မတူကြဘူးပေါ့လေ။ တယောက်တည်းကိုချစ်ပြီး ဒီတယောက်နဲ့ပဲ တသက်လုံးလက်တွဲချင်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အချစ်အတွက် ရူးလောက်အောင်ခံစားတာ တော့မဖြစ်သင့်ဘူးထင်တာပဲ။ ရေးထားတာလေးကလှတယ်။

Phyo Maw said...

ဇတ်အိမ်ကလွဲရင် အရေးအသား သဘောကျမိသည်။

ရွှေပြည်သူ said...

အရေးအသား သိပ်ကောင်းပါတယ် အစ်ကို။ ဒါပေမယ့် ကိုမိုးတိမ်တစ်ယောက် အချစ်အတွက်နဲ့ ဒီလောက်အထိ ဖြစ်သွားရတာတော့ မတန်သလိုပါပဲ... အင်း ဒါက လူတစ်ယောက်ချင်းစီရဲ့ ခံစားချက်နဲ့ ခံနိုင်ရည်ရှိမှုတွေပေါ်မှာလည်း မူတည်တယ် ထင်ပါရဲ့...

ညီအကိုများ said...

ကိုယ့်ဆရာ ကဗျာတင်မဟုတ်ဘူး ၀တ္ထုကပါလိုက်ကွဲနေပြီ..
ပိုးဇာ၊ မောင်လှမျိုး(ချင်းချောင်းခြံ) ပြီးရင် ကိုယ့်ဆရာပဲထင်တယ်..

:)

ကွဲနိုင်လွန်းတဲ့အသည်း.... ပြန်ဆက်ဖို့အက်ကြောင်းတွေတောင်
ကျူစီနေရတယ်... :)


အရေးအသားကတော့ လန်တယ်..မကြီးပြောသလို အချစ်ဝတ္တုလေးတွေရေးနိုင်ပါစေဗျာ..


ခင်မင်လေးစားလျက်
မိုးကြယ်

အမရာ said...

အကိုရေ....ဖတ်ရင်းဖတ်ရင်းနဲ့
ရင်ထဲမှာမကောင်းတော့ဘူး.....
ငိုချင်လာပြီ.....အမရာ ကတော့
ပျော့တယ်ပဲပြောပြောညံ့တယ်ပဲ
ပြောပြော..အချစ်နဲ့ပါတ်သတ်ရင်တော့
တော်တော်တော့စိတ်မခိုင်နိုင်ဘူး.......
ကြာရင်...အမရာ...လဲရူးနိုင်တယ်.....။။။

Anonymous said...

ရူးလောက်ပါတယ်.. သတ်သေသွားတဲ့သူတောင်ရှိတာ.. ရူးတာမဆန်းပါဘူး..
ဝဋ်ကြွေးရှိသမျှ ကြေပါစေ..

ကောင်းကင်ပြာ said...

ပျောညံ့လွန်းတဲ့ တိမ် အကြောင်း အမကြီး လာဖတ်တယ်၊ အရေးအသားက အဆုံးထိ ဆွဲဆောင်နိုင်တယ်၊ ချစ်သူကို ရှာဖွေရင်း ဟိုးအမြင့် ကောင်းကင်ကို ရောက်ရမယ့်  ဇာတ်သိမ်းလေးပါ ခုတော့...

သင်္ကေတ said...

အဲလိုအသည်းကွဲဇာတ်လမ်းတွေဖတ်ရတာအရမ်းကောင်း
တယ်။မကွဲကွဲအောင်ကို လျှောက်တွေးပြီးကိုကွဲတာ။အ
သည်းကွဲတဲ့ အရသာဟာအရမ်းခံစားလို့ကောင်းတယ်။
ဒါပေမယ့် စိတ်ကူးယဉ်ထဲမှာသာ ကွဲသွားတာ၊ခံစားလို့
ကောင်းတာ။အပြင်မှာကျတော့ကွဲကိုမကွဲဘူးဖြစ်နေတယ်။

pipi said...

ရင်နင့်စွာ ခံစားရပါတယ်

Template by - Abdul Munir