Saturday, April 18, 2009

နဖူးစီးပတ်လိုက်တဲ့ ကောင်းကင်

ဖြတ်လျှောက်ခဲ့လိုက်တဲ့ တစ်နှစ်တာရဲ့အစွန်းထွက်ခရီးမှာ
အရေနှစ်ခါလဲတယ်
ရင်ကပေါက်ဖွားတဲ့ သွေးသားကို
သေမိန့်နှစ်ခါ ချခဲ့ဘူးတယ် ။

ပညာသည်လည်း မဟုတ်ခဲ့ဘူး
ပညာရှင်လည်း မဟုတ်ခဲ့ဘူး
ဝါသနာကို ရင်မှာပိုက်ရင်းကြဲချလိုက်တော့
နိစ္စဓူဝနဲ့ တည်တဲ့ဘုံမှာ
ငါ့ကဗျာတစ်ငုံစာလောက်တော့ သောက်ခွင့်ရချင်မပေါ့ ။

မရှိခြင်းနဲ့ စခဲ့တဲ့ကောင်းကင်မှာ
ပေါင်းစည်းလာတဲ့ မောင်နှမတွေလက်နဲ့
ငါ့ကောင်းကင်ဘုံက တဖြည်းဖြည်းရုပ်လုံးကြွလို့ ။

ကိုယ့်အလံ ကိုယ်ထူလိုက်စမ်းဘာ ။

လှေကားထစ်တိုင်းသာ တက်ခွင့်ရှိခဲ့ရင်
လူလူချင်းနင်းနိုင်တဲ့ အခွင့်ရှိခဲ့ရင်
ရင်ဘတ်မှာဖြစ်တဲ့ အမြုတေကို
အညုသပြေတွေက အလဲထိုးနိုင်ခဲ့ရင်
လူယဉ်ကျေးတို့နေတဲ့ တိုင်းပြည်မှာ
သေချာတယ်.....မုဒိတာဟာ ပန်းမဖြစ်နိုင်ဘူး ။

ကောက်ကျစ်ခြင်းက ရိုးသားခြင်းကိုအနိုင်ယူ
လိမ်လည်ခြင်းက ဖြောင့်မတ်ခြင်းကိုအလဲထိုး
ပုထုဇဉ်တို့ရဲ့ အရောင်ဆိုးခံစိတ်ဓါတ်တွေမှာ
အမှန်အမှားဟာ ရောထွေးလာမှတော့
ငါ့ကိုယ်ငါ ရိုက်ချိုးပစ်လိုက်ရင်းက
လောကပါလအတွက် ကဗျာတစ်ပုဒ်ထားခဲ့မယ် ။

ခရာသံတွေရဲ့ ခွာရှပ်သံတွေလည်း ညံခဲ့ပြီ
ပြေးလမ်းတို့ရဲ့ စိန်ခေါ်ပွဲတွေလည်း စခဲ့ပြီ
ဆိုင်ကလုန်းလည်း ရခိုင်ထဲကို ဖြတ်ဝင်ခဲ့ပြီ
လူသိရှင်ကြား ဘုရားရှိခိုးတတ်တဲ့လူတွေလည်းရှိခဲ့ပြီ
အမေ့အတွက်လို့ ပြောတဲ့ပါးစပ်ကလည်း
သေရည်အရက်ဆိုတာကို သောက်တတ်နေခဲ့ပြီ ။

လောကရေ.....
ငါ..ဟာလူပါ လူကျင့်လူကြံတော့ကြံဦးမပေါ့
လူတွေကြားမှာ လူပီသချင်သေးသပေါ့ ။

ကဲ...အခု
ရင်ဘတ်တူတစ်ယောက်ရဲ့ လက်နှစ်ဖက်က
အံချလိုက်တဲ့ အနုပညာနဲ့ ငါ့ကောင်းကင်မှေးစက်ဘို့
ထွေးဖက်တဲ့ခေါင်းစီးတစ်စုံ ဆင်မြန်းရင်း
ငါ့ ကဗျာပန်းတွေက ပွင့်လန်းနေမြဲဘဲ ။

ရိုကျိုးမှုတွေအတွက်နဲ့ဘဲ ငါတို့ခါးတွေ
ကိုင်းမြဲကိုင်းဆဲ ညွှတ်မြဲညွှတ်နေရဆဲဘဲ ။

ခေတ်ကိုက နွဲ့နှောင်းမှုတွေအသာစီးရတဲ့အခါ
မင်းတို့ငါတို့ရဲ့ ကလောင်တွေအရောင်မထွက်တော့တာ
ငါ....သိပ်စိတ်နာတယ် သူငယ်ချင်း ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကျွန်ုပ်၏ ဘလော့ခ်ဘန်နာလေးအတွက် မအားလပ်သည့်ကြားမှ တကူးတက အချိန်ယူကာ အကောင်းဆုံး ဖြစ်အောင် ဒီဇိုင်းရေးဆွဲကူညီပေးသော ယိမ်းနွဲ့ပါးမှ ကိုမိုးကြယ်အား ဤကဗျာလေးနှင့်အတူ အထူးပင် လေးနက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း။

9 comments:

အိန္ဒြာ said...

သိပ်ကောင်းတဲ့ကဗျာပဲ....

ကောက်ကျစ်ခြင်းက ရိုးသားခြင်းကိုအနိုင်ယူ
လိမ်လည်ခြင်းက ဖြောင့်မတ်ခြင်းကိုအလဲထိုး
ပုထုဇဉ်တို့ရဲ့ အရောင်ဆိုးခံစိတ်ဓါတ်တွေမှာ
အမှန်အမှားဟာ ရောထွေးလာမှတော့
ငါ့ကိုယ်ငါ ရိုက်ချိုးပစ်လိုက်ရင်းက
လောကပါလအတွက် ကဗျာတစ်ပုဒ်ထားခဲ့မယ် ။

ခရာသံတွေရဲ့ ခွာရှပ်သံတွေလည်း ညံခဲ့ပြီ
ပြေးလမ်းတို့ရဲ့ စိန်ခေါ်ပွဲတွေလည်း စခဲ့ပြီ
ဆိုင်ကလုန်းလည်း ရခိုင်ထဲကို ဖြတ်ဝင်ခဲ့ပြီ
လူသိရှင်ကြား ဘုရားရှိခိုးတတ်တဲ့လူတွေလည်းရှိခဲ့ပြီ
အမေ့အတွက်လို့ ပြောတဲ့ပါးစပ်ကလည်း
သေရည်အရက်ဆိုတာကို သောက်တတ်နေခဲ့ပြီ ။

ဘန်နာအသစ်ဖွင့်ပွဲအတွက် ရေးတဲ့ကဗျာလေးကကောင်းလွန်းနေတယ်..

ကဲရီးအွန်မောင်လေး....

ကဗျာဆရာဆိုတာ..ခံစစ်ကောင်းတဲ့...တိုက်စစ်မှူးတွေပါကွာ..

မိုးမောင်(HappyCloud) said...

လမ်းကွေ့တဲ့အခါ အရှိန်လျော့...
လမ်းဖြောင့်တာကြုံရင် အရှိန်တင်...
လမ်းလုံးဝမကောင်းရင် ခဏရပ်ထားမယ်..
ဒါပေမယ့် လမ်းတွေကို ရှာဖွေရင်း လောကဇာတ်ရုပ်တွေကို မှတ်တမ်းပြုရတာ ရင်ခုန်စရာကောင်းပါတယ် ကိုယ့်လူရယ်။

လမ်းဆုံက ကျုပ်စောင့်နေမယ် ကဗျာဆရာ :)

ဆောင်းယွန်းလ said...

ကဗျာလေးကိုကြိုက်တယ်ညီရေ့..

ဝါသနာကို ရင်မှာပိုက်ရင်းကြဲချလိုက်တော့
နိစ္စဓူဝနဲ့ တည်တဲ့ဘုံမှာ
ငါ့ကဗျာတစ်ငုံစာလောက်တော့ သောက်ခွင့်ရချင်မပေါ့
ကဲ...အခု
ရင်ဘတ်တူတစ်ယောက်ရဲ့ လက်နှစ်ဖက်က
အံချလိုက်တဲ့ အနုပညာနဲ့ ငါ့ကောင်းကင်မှေးစက်ဘို့
ထွေးဖက်တဲ့ခေါင်းစီးတစ်စုံ ဆင်မြန်းရင်း
ငါ့ ကဗျာပန်းတွေက ပွင့်လန်းနေမြဲဘဲ

နဖူးစည်းရောကဗျာပါသိပ်ကောင်းနေတယ်

မီးငယ် said...

ကောင်းကင်ဘုံရုပ်လုံးကြွအောင်... ညီမလေးတို့ မောင်နှမတွေကြိုးစားမယ်နော်...

KPZ said...

အကိုရေးသမျှ ကဗျာတွေအားလုံးမှာ ဒီကဗျာကို အကြိုက်ဆုံးပဲ။ အားတွေပါတယ်။ မာန်တွေပါတယ်။ ယုံကြည်ချက်တွေ ခံယူချက်တွေ ပိုခိုင်မာသလို ခံစားမိတယ်။
အကို..
ရင်ကပေါက်ဖွားတဲ့ သွေးသားကို
သေမိန့်နှစ်ခါ ချခဲ့ဘူးတယ်... တဲ့လား...
ကိုယ့်သားသမီးပြန်သတ်တဲ့ မိဘ မမြင်ဖူးဘူးနော်...
လောကဓံမုန်တိုင်း ဘယ်လောက်ထန်ထန်.. ကိုယ့်သားသမီးကို ကောင်းသထက်ကောင်းစေတဲ့ မိဘပဲရှိမယ်ထင်တယ်...ဒီတော့ ................

အမရာ said...

အကိုရေ...အားမာန်အပြည့်
ယုံကြည်ချက်အပြည့်....မျှော်လင့်ချက်အပြည့်
နဲ့ကဗျာလေးကိုတဝကြီးခံစားသွားတယ်......

ကိုရင်နော်ခင်လေးငယ် said...

အမြင့်ရေ..
ကဗျာလေး အရမ်းကောင်းတယ်..
ကဗျာချိုလေးကို တဝကြီး သောက်သုံးသွားတယ်နော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ဖိုးမောင်(happycloud) said...

ညီရေ... အတော့ကိုကောင်းတယ်ညီရေ... သေမိန့်ချတာတော့ထပ်မလုပ်နဲ့တော့ညီရေ...
လူတွေကြားမှာ လူပီသချင်တာလဲ မဆန်းပါဘူး..
ရင်ဘက်တူမတူတော့ မသိဘူး... ကဗျာကတော့ ထိသွားတယ်ဟေ့...
ကလောင်တွေ အရောင်မထွက်တာတော့ စိတ်မနာပါနဲ့ညီရာ... တခါတလေ... အဆင်မသင့်ရင် နေတွေ၊ လတွေတောင် တိမ်ကွယ်တတ်တယ်ကွာ...
အဲဒီတော့ ညွှတ်နေတဲ့ခါးတွေ အသာပြန်မတ်ပီး လုပ်စရာလေးတွေ ဆက်လုပ်ကြတာပေါ့...
သေမိန့်တွေထပ်မချဖို့ အကိုထပ်ပြောမယ်နော်...

တကယ်ခင်တဲ့
ဖိုးမောင်

Minn said...

အမှန်အမှားဟာ ရောထွေးလာမှတော့
ငါ့ကိုယ်ငါ ရိုက်ချိုးပစ်လိုက်ရင်းက
လောကပါလအတွက် ကဗျာတစ်ပုဒ်ထားခဲ့မယ် ။

ကမ္ဘာကျော်မဲ့ ကဗျာတစ်ပုဒ် ထားခဲ့နိုင်ရင်တော့
သွားလေ။
အဲဒီကဗျာ ကိုစောင့်နေမယ်။

Template by - Abdul Munir