Monday, April 6, 2009

လက်ဖွဲ့ ( သို့ ) ရာသက်ပန်

ရာဇ၀င်က ပေါက်ကျိုင်းရဲ့လှံ
မြဲမြံတဲ့ပင်စည်ကို ထုတ်ခြင်းဖောက်ဝင်သလိုမျိုး
ပိန်းပိတ်တဲ့ ညအမှောင်မှာ
လအရောင် ထိန်ဝါစွာထွန်းလင်းသလိုမျိုး
ဥဒေါင်းတို့ရဲ့ မျက်နှာစာ
လှပခြင်းတို့ခြံရံ အရောင်တင်သလိုမျိုး

ဖြစ်တည်ခံစား ရင်တွင်းထိုးဆင်းတဲ့မြှား
နူးညံ့သိမ်မွေ့မှုကို စားသုံးရင်း
လှပကျော့ရှင်းမှုကို ၀တ်ဆင်ရင်း
နက်ရှိုင်းထက်မြစွာ စွဲငင်ရစ်နှောင်
ဘ၀ဆိုတာကို ထုတ်ခြင်းဖောက်အောင် စူးနစ်ဝင်ခဲ့တယ် ။

သဲတစ်မှုန်ဟာ ကမ္ဘာရဲ့အစိတ်အပိုင်း
ကမ္ဘာတစ်ခုဟာ စကြာဝဠာရဲ့အစိတ်အပိုင်း
စကြာဝဠာဟာ အနန္တများစွာရဲ့အစိတ်အပိုင်း
ဘ၀ဆိုတာဟာလည်း သံသရာရဲ့အစိတ်အပိုင်း

မရေရာမှုတွေကဘဲ ခြုံသိုင်းလွှမ်းရစ်နေတာလား
တွယ်တာမှုတွေကဘဲ ထုံထိုင်းလွမ်းရစ်စေတာလား
တစ်ကြိမ်တစ်ခါ ပေါ်ပေါက်ဖူးတဲ့အရာများစွာထဲမှာ
အရာတစ်ခုဟာ မြဲမြံနေခဲ့တယ် ။

အတိတ် ပစ္စုပန် အနာဂတ်
ကာလသုံးပတ်စလုံးမှာ မဏ္ဍိုင်
မြတ်နိုးခြင်း အလံကိုင်တဲ့
နှလုံးသားတပ်ရဲ့ သံယောဇဉ်သူရဲကောင်း
တစ်ကြိမ်သာတိုက်တဲ့ပွဲမှာ မရှုမလှကျဆုံးသွားခဲ့တာ
နယူတန်ရဲ့နိယာမတွေ ရိုက်ချိုးခံခဲ့ရလို့ပေါ့ ။

တွယ်ငင်နှောင်ရစ် မှုတွေတင်းကြပ်ရင်း
သီတင်းတစ်ပတ်မှာ ချစ်သူမျက်နှာသာ
ရက်ရာဇာ ဖြစ်တတ်ခဲ့တဲ့...ငါ
ဥပက္ခာပြသဒါး အောက်
တစ်စခြင်းစီ လိုက်ကောက်ခဲ့ရတဲ့ရင်ဘတ်အတွက်
စီရင်ချက်ချ နေ့ရက်မှာ

သေချာပါတယ်..
ကောင်းကင်က လမသာဘူး ။

အပြစ်ကို မြူတစ်မှုန်မျှမတင်ခဲ့လေတော့
သစ္စာတရားကို တိုင်တည်ဦးညွှတ်ရင်း
ချစ်သူအတွက် ပူပန်ခြင်းမှာ
ရင်ကွဲခြင်းဝေဒနာနဲ့ ထွေးပွေ့နှုတ်ဆက်
ရင်ခုန်သံ အချက်တိုင်းကိုလက်ဖွဲ့ခဲ့တယ်

ငါ့ရင်ခွင် ကြွေကာနင့်လေသမျှ
မင်းကိုယ်မှာ ဝေဒနာလွင့်စေသား..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.awesomeclipartforeducators.com မှကူးယူဖော်ပြပါသည်။

11 comments:

Mhu Darye said...

အပြစ်ကို မြူတစ်မှုန်မျှမတင်ခဲ့လေတော့
သစ္စာတရားကို တိုင်တည်ဦးညွှတ်ရင်း
ချစ်သူအတွက် ပူပန်ခြင်းမှာ
ရင်ကွဲခြင်းဝေဒနာနဲ့ ထွေးပွေ့နှုတ်ဆက်
ရင်ခုန်သံ အချက်တိုင်းကိုလက်ဖွဲ့ခဲ့တယ်

ငါ့ရင်ခွင် ကြွေကာနင့်လေသမျှ
မင်းကိုယ်မှာ ဝေဒနာလွင့်စေသား..။

ပြင်းပြင်းထန်ထန် ခံစားပြီး ရေးထားတာဆိုရင်၊ ကောင်းတယ်လို့ ပြောရမှာ အားနာလို့...အနှစ်သက်ဆုံး အပိုဒ်လေးပဲ ပြန်ကူးချပြီး မန့်သွားတယ်။
ဒါနဲ့ အဲ့ဒီ ဆု မတောင်းကောင်းဘူး။း(

ကောင်းကင်ပြာ said...

ကောင်းကင် က လမသာပေမဲ့ ရင်ခုန်သံတွေကို လက်ဖွဲ့ခဲ့တဲ့ အတွက် ဝေဒနာတွေ ပျောက်ပါစေနော်

ကြယ်ပြာ said...

ကဗျာဆရာရေ ... ကဗျာတစ်ပုဒ်လုံး နှစ်သက်မိပါတယ် ..
“အတိတ် ပစ္စုပန် အနာဂတ်
ကာလသုံးပတ်စလုံးမှာ မဏ္ဍိုင်
မြတ်နိုးခြင်း အလံကိုင်တဲ့
နှလုံးသားတပ်ရဲ့ သံယောဇဉ်သူရဲကောင်း
တစ်ကြိမ်သာတိုက်တဲ့ပွဲမှာ မရှုမလှကျဆုံးသွားခဲ့တာ
နယူတန်ရဲ့နိယာမတွေ ရိုက်ချိုးခံခဲ့ရလို့ပေါ့ ။”

ဒီအပိုဒ်ကစလို့ အောက်ဆုံးထိ က အကြိုက်ဆုံးအပိုဒ်တွေပါ ...
ခံစားချက်ပြင်းလွန်းတယ် ... ဒါပေမယ့် အရမ်းကောင်းတယ် ....

ဆောင်းယွန်းလ said...

စာသားတွေထိမိလိုက်တာ ညီလေးရာ...
ကဗျာကောင်းတပုဒ်ပါပဲ..

ငါ့ရင်ခွင် ကြွေကာနင့်လေသမျှ
မင်းကိုယ်မှာ ဝေဒနာလွင့်စေသား..။

အတိုင်းအဆမဲ့တဲ့ စွန့်လွှတ်အနစ်နာခံခြင်းတွေကိုလည်း ကဗျာလေးမှာထဲမှာ တွေ့လိုက်ရတယ်

အိုင်လွယ်ပန် said...

ကဗျာ ကောင်းတယ်ဗျာ ..........

လွမ်းသုရင် said...

လက်ဖွဲ့က သိပ်တန်ဖိုးကြီးနေတယ်...

အိန္ဒြာ said...

သဲတစ်မှုန်ဟာ ကမ္ဘာရဲ့အစိတ်အပိုင်း
ကမ္ဘာတစ်ခုဟာ စကြာဝဠာရဲ့အစိတ်အပိုင်း
စကြာဝဠာဟာ အနန္တများစွာရဲ့အစိတ်အပိုင်း
ဘ၀ဆိုတာဟာလည်း သံသရာရဲ့အစိတ်အပိုင်း

နေ့တွေရက်တွေက..ဘ၀ရဲ့ အစတ်အပိုင်းတွေပေါ့...
ခံစားချက်ဆိုတာ...
ဘ၀တွေကို...လေးပင်အောင် ခတ်ဖို့လိုနေတဲ့ ဆား...
သိပ်များလွန်းရင်..စားမရ..
မပါလို့ကလဲ..မဖြစ်ပြန်ဘူးလေ...

ခံစားချက်မျှမျှတတနဲ့ကဗျာမို့...
ဖတ်ရတာ..အရသာသိပ်ရှိပေါ့

Anonymous said...

ဂန္ဓ၀င်တွင်မယ့် ကဗျာနဲ့ ထိရှမှု ပြင်းပြင်းပေးမယ့် စာသား ...
အဖွဲ့အနွဲ့တွေက တအားကိုလှနေတော့တယ် ကိုယ့်ဆရာ
အပိုဒ်တိုင်းလှတယ် ....

သဲတစ်မှုန်ဟာ ကမ္ဘာရဲ့အစိတ်အပိုင်း
ကမ္ဘာတစ်ခုဟာ စကြာဝဠာရဲ့အစိတ်အပိုင်း
စကြာဝဠာဟာ အနန္တများစွာရဲ့အစိတ်အပိုင်း
ဘ၀ဆိုတာဟာလည်း သံသရာရဲ့အစိတ်အပိုင်း

အဲအပိုဒ်ကို အခိုက်ဆုံးပဲ ...

ဆရာ့ရဲ့ ကဗျာပေါင်းမိတ်ဆွေ ...

ကိုရင်နော်ခင်လေးငယ် said...

ငါ့ရင်ခွင် ကြွေကာနင့်လေသမျှ
မင်းကိုယ်မှာ ဝေဒနာလွင့်စေသား..။ တဲ့

ကဗျာ ဆရာရေ.. ကဗျာလေး လှလိုက်တာ..

မေ့သမီး said...

အကို ခံစားပြီးရေးထားတာထင်တယ်နော်။ ဒါပေမယ့် ဖတ်ရင်းနဲ့သီချင်းတပုဒ်ကိုသတိရတယ်။ အိပ်မက်ချင်း လက်ထပ်ခဲ့ဖူးတယ် တခြားတယောက်ရဲ့ သတို့သမီးကို ဆိုတာလေ။ စိတ်မဆိုးနဲ့နော်။

အရုပ်ကလေး said...

လေးစားထိုက်တဲ့ သူတွေရဲ့ ကဗျာကို
မန့်ဖို့ စကားလုံးတွေ မလုံလောက်ဘူး ဖြစ်နေတယ် ..။
ကဗျာကောင်းခြင်းတွေကိုတော့ နားလည်လို့ တန်ဘိုးထားတယ် .. အစ်ကို ..။

Template by - Abdul Munir