Thursday, April 9, 2009

လေးဆယ့်သုံးကို ဖြတ်သန်းခြင်း

သမုဒယတွေ ပါးလျားလာတဲ့ခေတ်ထဲ
အထင်ကရနဲ့ ဂုဏ်ဓနတွေကြီးစိုး
ကိုယ့်အကျိုး ကိုယ်ကြည့်ရင်း
ရင်းနှီးခဲ့ကြတဲ့ ဘ၀ရဲ့ကဝေတွေကြား
ဝင်္က၀ုတ္တိတွေလည်း ကြောက်ခမန်းလိလိပါဘဲ
ထွန်းကားတိုးတက်နေလိုက်ကြ ။

ဘ၀ကိုတောင်းလိုရက်ရင်း ကိုယ့်ဝါသနာနဲ့ချခင်း
ပေးဆပ်လိုက်ရခြင်းအတွက် တရှိုက်မတ်မတ်သောက်သုံးတော့
ရရှိခဲ့တဲ့အဖြေ ပိုင်ဆိုင်လိုက်တဲ့ရလာဒ်
အထီးကျန်မှုတဲ့လား..။

ဖြတ်သန်းခဲ့တဲ့ လေးဆယ့်သုံးနှစ်တာမှာ
အကြင်နာတွေပိုင်ဆိုင်ရင်း နာကျင်မှုတွေထွေးပွေ့ရင်း
ရင်နှီးကျွမ်းဝင်ခဲ့တဲ့ အတိတ်ရဲ့ရုပ်ကြွင်းမှာ
သူဟာ အဓိပတိတစ်ပါးလည်း ဖြစ်လိမ့်မယ်
သူဖုန်းစားအသွင်လည်း ယူခဲ့တယ်
ခြင်္သေ့နဲ့လည်း တစ်ဂူထဲအိပ်ခဲ့တယ်
ကဗျာတွေနဲ့လည်း ပျော်ပါးခဲ့ဘူးတယ် ။

ပြောင်းလဲလာတဲ့ ကံတရားကို
ဖြစ်ဖြစ်မြည်အောင် ကျစ်ရင်းက
တက်ခဲ့လိုက်တဲ့ ဘ၀ရဲ့တိုက်စားခံကမ်းပါးမှာ
သူဟာ မားမားရပ်နေတယ်
သူမြတ်နိုးတဲ့ ၀ါသနာကိုထွေးပွေ့ရင်း
သူ့ရင်နှလုံးကို သူကိုယ်တိုင်ဆုပ်ကိုင်ရင်း
တပ်မက်မှုမဏ္ဍိုင်မှာ ကဗျာပန်းတွေလှိုင်လှိုင်ပွင့်တယ် ။

အရာရာကို ပြင်ဆင်လိုက်တဲ့ မိုင်တိုင်လေးဆယ်ကျော်မှာ
ဘ၀ကို ရင့်ကျက်မှုနဲ့ မောင်းနှင်ရင်း
နေ့သစ်တွေကို ကျော်လွန်ဖြတ်သန်းမယ့် "သူ"
ကမ်းပေးလာတဲ့ ချစ်သူလက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း
ဖြတ်သန်းမယ့်ဘ၀သက်တမ်း အပြုံးပန်းတွေလှိုင်စေ..။

ကျွန်တော့်ရဲ့အကိုအရင်းလိုလည်းဖြစ် ဆရာဆိုလည်း မမှားတဲ့ အကိုမင်းသုခရဲ့ မွေးနေ့မှာ ဒီကဗျာလေးကို မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ တင်လိုက်ပါတယ် ခင်ဗျာ။ အကိုရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများ
စွာအထိ ပျော်ရွင်ချမ်းမြေ့မှု အပေါင်းခညောင်းပါစေလို့ မွေးနေ့ဆုမွန်တောင်းလိုက်ပါတယ် အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

အိုင်လွယ်ပန် said...

မွေးနေ့ကဗျာလေးကောင်းတယ်ဗျာ ....

flowerpoem said...

ကိုမိုးမြင့်တိမ် ကဗျာလေးကောင်းတယ် နောက်နှစ်မွေးနေ့ကျရင် ရေးပေးပါနော် :)

minn thuka said...

ကျေးဇူး အများကြီး ညီလေးရေ၊
ဘာပြောရမှန်းမသိဘူး...
သေချာတာက အစ်ကိုက ဘာမှမတတ်လို့
ဆရာတော့မဖြစ်ပါရစေနဲ့၊ ရှက်ဖို့ကောင်းလို့၊၊

အိန္ဒြာ said...

ဟာ...............

ဦးသွားတယ်...တောက်!!!!!

မိုးမောင်(HappyCloud) said...

အေးဗျာ.. မထူးပါဘူး ရိုက်ဗျာ. အမ.. ဒီကောင့်ကို :D ဒါမှမဟုတ်.. တူစာကျွေးပြစ်..

ကိုရင်နော်ခင်လေးငယ် said...

ကဗျာဆရာရေ..
ဖွဲ့နွဲ့ထားတာလေး ကောင်းမှကောင်း..
အကိုမင်းသုခကိုလည်း ဒီကနေပဲ နှုတ်ဆက်လိုက်ပါတယ်..

ကဗျာနောက်ဆုံး ပိုဒ်လေးလို အပြုံးပန်းတွေ လှိုင်ရင်း ချစ်သူ ခင်သူများနဲ့ နေ့သစ်တွေကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေလို့..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

Template by - Abdul Munir