Thursday, December 4, 2008

ဖယောင်းတိုင်လိုလူ


ကိစ္စရပ်တွေများမြောင်
လူတို့နေထိုင်တဲ့ လောကလူ့ဘောင်မှာ
အမှောင်ကိုဖယ်ခွင်း အလင်းပေးနိုင်တာ
နေရောင်တစ်မျိုးတည်းလဲမဟုတ်
လမင်းအလင်းနဲ့လည်း မလုံလောက်တဲ့အခါ
လျှပ်စစ်မီးဆိုတာလည်း ကူတဲ့အပြင်
အလင်းဝင် အမှောင်ပျောက်စေဘို့
ဆောင်ကြထွန်းကြ နောက်တစ်မျိုးက
ဖယောင်းတိုင် ဆိုတာတဲ့လေ...

အပေါ်ယံကြည့်ရင်တော့ မာကျောပေမယ့်
ပျော့ပြောင်းတဲ့ ခန္ဓာပိုင်ရှင်
တကယ်သာ လိုအပ်ပြီဆိုရင်
ကိုယ့်ကိုယ်ကို မီးရှို့
ခန္ဓာကို အရည်ပျော်ကျခံလို့
ပတ်ဝန်းကျင်ကို အလင်းဓါတ်ပေးတယ်
အဆင်းပျက်လို့ ငွေ့ငွေ့လေးကျန်စေတော့
ဖယောင်းတိုင်ဆိုတာလေ
လင်းလျက်နဲ့ဘဲ သေကြတယ်...

ကောင်မလေးရေ..
မင်းအတွက် အဆင်ပြေမယ်ဆိုရင်
ငါ့အသည်းကို မညှာမတာခွဲ
သဲသဲမဲမဲလည်း ရက်စက်နိုင်တယ်
လှည့်ကြည့်ပြီးလဲ မငိုင်နဲ့...

ငါ့နှလုံးအိမ်ကို မီးစာအဖြစ်ရှို့လို့
ငါ့ခန္ဓာ ကိုလိုသလိုသုံး
မင်းအတွက် အရှုံးဆိုတာမရှိရင်
ပြုံးပြုံးကြီးလည်း မင်းပျော်နိုင်တယ်...

မင်းရင်ခွင်က ၀မ်းမြောက်တယ်ဆိုရင်
ငါ့ကိုယ်ငါ အရည်ဖျော်ချ
နှလုံးသားကို မီးစာအဖြစ်သုံးလို့
ငါ့ခန္ဓာမှာ ငါကိုယ်တိုင်ထွန်းညှိဦးမယ်
မိန်းကလေး..
မင်းအတွက်ဆိုရင် ငါဟာ
ဖယောင်းတိုင်လို လူပါ...



စိတ်၏စေရာနာခံလေသော



(အထက်၌ ဖော်ပြထားသောပုံကို www.flickr.com မှ ကူးယူအသုံးပြုထားပါသည်။)

14 comments:

ရွှန်းမီ said...

ဖယောင်းတိုင်မီးရောင်က ကျန်တာတွေလောက် အများကြီး မလင်းပေမယ့် အထီးကျန် မှောင်မိုက်နေချိန်မှာ နွေးထွေးစေပါတယ်။

Eaindra said...

ကိုယ့်ကိုကိုယ်..........
အရည်ဖျော်ချပြီး.......
ညှိခဲ့ရတဲ့.....မီးပေါ့...
အချစ်ဆိုတာ....
သိပ်ကို..ကျေနပ်..နေပျော်...ဖွယ်..ရာ
လောင်ကျွမ်းခြင်းတစ်ခုမို့
ငါတို့တွေက...
အလွမ်းကို..မီးစာအဖြစ်ကျစ်ပေးနေခဲ့ရ..။

အိန္ဒြာ

ညီအကိုများ said...

လန်းပြီးရင်းလန်းနေတော့တာပဲ..
လေးစားတယ်ဗျာ..

ဖယောင်းတိုင်လိုလူ.. ကောင်း၏

မိုးကြယ်

ကိုရင်နော်ခင်လေးငယ် said...

နှလုံးသားကို မီးစာအဖြစ်...
သုံးရက်တဲ့ ကောင်မလေးကို တွေ့ရင်..
လာပြောပြပါဦး...!!
ရက်စက်မာကျောတတ်တဲ့ ပညာလေး
သင်ယူချင်လို့ပါ...

ကဗျာတွေ ဘယ်ကထွက်..!!
ဗိုက်ဗိုက်ထဲကထွက်...!! :P :P :P

““လှည့်ကြည့်ပြီးလဲ မငိုင်နဲ့...””
ကောင်မလေးကို အမြင့်မှာတင်ပေးပြီး ..
ကိုယ့်ဖာသာ နှိမ့်ချပေးထားတာကို ရေးထားတာ.. လှတယ်...။

အိုင်လွယ်ပန် said...

အချစ်ကြီးလှချည်လားဗျ :P
ကဗျာကောင်းတယ်...အတွေးကောင်းတယ်...

thihanyein said...

ကိုယ့်ကိုယ်ကို တင်စားထားတာလေး ကောင်းတယ်ဗျာ...ဖယောင်းတိုင်က ကိုယ့် ကိုယ်ကို
မီးလောင်ခံပြီး သူများ ကို လမ်းပြပေးတဲ့အရာလေ...
ကဗျာကောင်းလေး ကိုဖတ်ရတာ ၀မ်းသာတယ်ဗျာ...

သီဟညိမ်း

ဖြိုးငယ် said...

အတွေးနဲ့ အရေးကိုတော့ လုံးဝကြိုက်တယ် .. ချီးကျုးတယ်အကိုရေ .. ကြွေစင်ပဲ ..

GreenGirl said...

ဒီလို အရေးအသားတွေကြောင့်လည်း အစ်မကြွေခဲ့တာ နေမယ် :P

HAPPY CLOUD said...

အတွေးလေး ကောင်းတယ်ညီရေ...
ဖိုးမောင်

လင်းဦး(စိတ်ပညာ) said...

အားပါး.. တယ်ကောင်းတဲ့ကဗျာပါလား... လာခံစားသွားပါတယ်။

ခေါင်ခေါင် said...

တစ်ကယ်ကြွေတဲ့ ကဗျာလေးပဲ.....
ကြိုက်တယ်....

Anonymous said...

အရောက်နောက်ကျတာ ခွင့်လွှတ်ပါ ကဗျာပေါင်း မိတ်ဆွေကြီး
ဖယောင်းတိုင် တစ်တိုင်ရဲ့ ရင်တွင်းကို ၀င်ကြည့်မိတယ် ...
ပူလောင်လို့ ပျော်ဝင်လို့ အရည်လဲ့နေပေမယ့် ပူသက်နေတဲ့ အခါးတွေနဲ့
ဟစ်ကြွေးသီဖွဲ့နေပေမယ့် ...
ပေးနေတာက အလင်းရောင် ... လင်းကျင်းစေတယ် ... ထွန်းလင်းစေတယ် ... အမှောင်ကို ပယ်ခွာစေတယ် ... ပီပြင်စေတယ် ပြတ်သားစေတယ် ... ထင်ရှားစေတယ် ... စိတ်ရဲ့လုံခြုံမှုကို ဖြစ်စေတယ် ...
ကျွမ်းရင်း ကျွမ်းရင်း လောင်ကျတိုပျောက်သွားတဲ့ ဖယောင်းတိုင်ရဲ့ အပူတွေတွေထဲက အေးမြတဲ့ မေတ္တာတရားကို မီးပြာတောက်ကလေးကို မြင်ရသလို သဲ့သဲ့လေး မြင်နေရတယ်၊ ရင်ထဲမှာ ဟပ်ကနဲ ဖြစ်သွားတဲ့ မီးတောက်သဲ့သဲ့လေးက .... အခုထိ စိတ်တွေကို ပြုစားနေတုန်းဆို ... ယုံမလား ... ။
နှစ်ခြိုက်မိတဲ့ကဗျာလေးတွေထဲက ထိပ်ဆုံးစာရင်းဝင်ပါတယ် ....။
ပျော်ရွှင်ပါစေဗျာ ... ။

ခင်မင်လေးစားစွာဖြင့်

Unknown said...

ငါ့နှလုံးအိမ်ကို မီးစာအဖြစ်ရှို့လို့
ငါ့ခန္ဓာ ကိုလိုသလိုသုံး
မင်းအတွက် အရှုံးဆိုတာမရှိရင်
ပြုံးပြုံးကြီးလည်း မင်းပျော်နိုင်တယ်...

ကိုမိုးမြင့်ကြီးလဲ ပျော်ပါစေ။ ..............

တင့်ထူးရွှေ said...

ဖယောင်းတိုင်လိုလူ အတွေးရော အရေးပါ တကယ်ကောင်းတဲ့ ကဗျာလေးပါပဲ အစ်ကိုရေ ၊ အားပေးလျှက်ပါ ခင်ဗျာ ။

Template by - Abdul Munir