Monday, December 8, 2008

ဒီဇင်ဘာ

ပေါ့ပေါ့ပါးပါး မင်းနှလုံးသားက
ရက်စက်တဲ့ ဇာတ်လမ်းတွေအတွက်ရဲရင့်ခဲ့
ရုတ်တရက် မှောင်မိုက်သွားတဲ့
ဒီဇင်ဘာရဲ့ စူးစူးရဲရဲနှင်းဖွဲဖွဲတွေအောက်မှာ
ငါက အလွမ်းတွေနဲ့သာ
ကျွမ်းမြိုက်လှောင်လှိုက်လို့ ...

ပန်းနုရောင် လက်သည်းဆိုးဆေးလောက်တောင်
မင်းကိုငါက အလှမပေးနိုင်ဘူးလားကွာ
ကြေကွဲခြင်းပြ မျက်ရည်စတွေက
ငါ့ မြင်ကွင်းတွေကိုေ၀၀ါး ငါ့နှလုံးသားဟာ
ထားရာနေစေရာသွားခဲ့ရတဲ့ ငယ်ကျွန်လို
မင်းလက်ညှိုးညွှန်ရာမှာ ၀ပ်ဆင်းခဲ့...

မင်းစိတ်ကလေးကို တစ်ချက်
ငဲ့ကွက်ကြည့်လိုက် အချစ်ရေ
ဒီဇင်ဘာမှာ
နှလုံးသားတစ်ခုလုံး ဖျတ်ဖျတ်ခါ
အရာရာမှာ ကြေကွဲရောင်တွေသာ
ငါ့အတွက် စွန်းထင်းပေကျန်နေရစ်ခဲ့...

အထီးကျန် တမ်းတမှုတွေစုစည်းတဲ့
အသည်း(သဲ)ကွဲတဲ့ ဒီဇင်ဘာပေါ့
မင်းထားရစ်ခဲ့တဲ့ ရာသီမှာ
နှင်းတွေကလည်း အပြာ
အလင်းဆိုတာလည်း မလာတော့တဲ့အခါ
ငါဟာ ဘယ်ရင်ငွေ့နဲ့မှမနွေးနိုင်တော့တဲ့
သင်းကွဲငှက် တစ်ကောင်ပါ...

ဒီဇင်ဘာကပေးတဲ့ ကဗျာတွေလေ
ငါ့ကောင်းကင် တစ်ခုလုံးဝေလို့
တမ်းတမှုတို့ ခြုံသိုင်းတဲ့
ဒီကဗျာတိုင်း တံတိုင်းလေးမှာဘဲ
မင်းပေးခဲ့တဲ့ အသည်းကွဲဒဏ်ရာတွေထဲမှာ
ငါဟာ အနေခက်စွာပျော်ဝင်စီးမြောရင်း
ခရစ်စမတ်ဆိုတဲ့ ပွဲတော်လ
နှစ်သစ်ကိုကြိုဆိုဘို့ ပြင်ဆင်နေကြတဲ့
လူတွေကြားမှာ ငါဆိုတဲ့ကောင်က
အလွမ်းတွေနဲ့ ပြာချပစ်လိုက်တယ်...



စိတ်၏စေရာနာခံလေသော



(အထက်တွင်ဖော်ပြထားသောပုံအား poemsbyraslater.blogspot.com မှ ကူးယူအသုံးပြုပါသည်)

9 comments:

GreenGirl said...

ပြာတော့ မချလိုက်ပါနဲ့။ ဖွေးနေတဲ့ နှင်းတွေကြားမှာ ပြာမှုန်တွေ ရောသွားမှာစိုးလို့ပါ။

ဒီဇင်ဘာကတော့ ချမ်းချမ်းနဲ့ အလွမ်းတွေပဲ ပေးတယ်နဲ့ တူပါရဲ့

ခေါင်ခေါင် said...

ဒီရာသီကိုက လွမ်းစရာ ကောင်းနေတာ...

လင်းဒီပ said...

အလွမ်းတော့ အလွမ်းပဲ နှင်းနဲ့မချမ်းတဲ့ ဒီဇင်ဘာဖြစ်နေလို့..
ခရစ်စမတ်လမ်းတွေကလည်း မိုးရေစိုလို့..
ဆောင်းနဲ့ချမ်းတဲ့ ဒီဇင်ဘာညလေးတွေ..
အနွေးထည်လှလှလေးတွေနဲ့ ပဲများနေတတ်တဲ့ ကောင်မလေးတွေ..
ပြန်သတိရတယ်ဗျာ..

thihanyein said...

လူတွေထဲမှာ ငါဆိုတဲ့ကောင်က အလွမ်းတွေကို
ပြာချပစ်ခဲ့တယ်****ကောင်းလိုက်တာ

ရွှန်းမီ said...

ကဗျာကောင်းလွန်းလို့ ဘယ်လိုကော်မန့်ရေးရမယ်တောင် မသိဘူး။
မီးကျွမ်းသွားတဲ့ ပြာတွေကရော ပေါ့ပေါ့ပါးပါးပဲလား.. နှင်းနဲ့ ပြာတွေနဲ့ ရောပြီး အေးခဲမနေပါစေနဲ့ .. လို့ ဆုတောင်းပေးပါတယ်..

ကိုရင်နော်ခင်လေးငယ် said...

ဒီဇင်ဘာကို အလွမ်းတွေနဲ့
ဖြတ်ကျော်နေမိကြတာ တူနေတယ်..။
ရင်မှာ ထိတဲ့ ကဗျာလေးမို့ နှစ်ခြိုက်မိတယ်..။

“အေးတဲ့လမှာ ဘလောင်ဆူတဲ့ရင်နဲ့
နှစ်သစ်ကိုကြိုဖို့ အလွမ်းကိုဖြိုလို့
ပုလဲလမ်းလေး ခင်းပေးမယ်..
နှင်းတွေပြိုဝေ ပုလဲတွေကြွေစေ...”

ခင်မင်တဲ့....

emayarKhin said...

ပက်ပက်စက်စက်ကို
လွမ်းနေတယ်ပေါ့လေ.....
ကူရဦးမလား.....လွမ်းချင်လို့.....

Unknown said...

ဒီဇင်ဘာ အလွမ်းလေး ဖတ်ပြီး လွမ်းသွားတယ်ဗျာ။

တင့်ထူးရွှေ said...

အစ်ကိုလဲ ဒီဇင်ဘာမှာ အလွမ်းဓါတ်ခံ ဇမ်းလမ်းလေးတွေ ရှိခဲ့ဘူးတယ် ထင်ပ

Template by - Abdul Munir