Sunday, March 1, 2009

ဖြတ်သန်းခဲ့သော

တစစ်စစ်ပါဘဲ
ရင်လှိုက်နာကျင်ရင်း
ငါ့ ၀င်ရိုးတို့ငိုညဉ်းသံ
ငါ ပြန်ကြားနေခဲ့ ။

သံသရာ လည်သရွေ့
ဝေဒနာ ကိုယ်မှာပျော်သရွေ့
ငါ့ခန္ဓာ မြေစာမဖြစ်သရွေ့
ငါနှင်မယ့် ခရီးကြမ်း
ပြုံးယောင်ဆောင်ရင်း လှမ်းရမယ် ။

အတိတ်ကမ်းပါးကို ဖက်တွယ်စဉ်က
အမေပေးတဲ့ လက်အစုံ
တက်ကုန်အောင် ဖွင့်ရင်း
ထက်မြတဲ့ စိတ်ဓါတ်မြှား
အရှိန်ပြင်းစွာ စွဲဝင်သလိုမျိုး
မြဲမြံခဲ့ဘူးတယ် ။
ခိုင်မာခဲ့ဘူးတယ် ။

လမ်းမှန်သမျှ ၀င်ထွက်သွားလာ
ငါ့ခြေ နှစ်ဖက်မှာ
မြွေ ကင်းရန် ကာကွယ်ဘို့
သုံးလက်မအထူ ခွာနဲ့
ဖုန်ထူထူမြုပ်တဲ့ မြေမှာ
မဆုတ်မနစ် ငါလျှောက်ဖူးခဲ့ ။

အဆင်းအရောင် ညိုမွဲ
မွှေးညှင်းတို့ မျက်ရည်ရွှဲလည်း
တစ်ခွဲသား မာနနဲ့
သူရိန်ကို အံတုရင်း
ငါ.....
အခြေခံဘ၀ကို စာနာခဲ့ ။

ခိုင်မြဲစွာ တွယ်ငင်တင်း
မြေကြီးနဲ့ ၀ါးရုံချစ်ခြင်း
လမ်းဖောက်ရင်းလဲ ရှင်းဖူးခဲ့ ။

သေမင်းနဲ့ စစ်ခင်း
ရင်တွင်းက ပူလောင်ရင်း
သစ်ရွက်ခြောက်နဲ့ မီးတိုက်ပွဲ
ကသိုက်ကရိုက်လဲ ပြေးဖူးခဲ့ ။

အသွေးအရောင် စုံသရွေ့
ဦးနှောက်အငွေ့ ပျံထွက်ရင်း
အဲဒီ့ ခန်းမှန်းခြေစာရင်းနဲ့
လည်ပင်းဖက်လဲ သတ်ဖူးခဲ့ ။

ဒီလိုပါဘဲ...

ရေစီးတစ်ခါ ရေသာတစ်လှည့်
ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်နဲ့
သစ်ငုတ်မြင့်တုံ့ မြက်မြင့်တုံ့မှာ
ဖြတ်သန်းခဲ့တဲ့ အတိတ်ခရီး
ရှုမငြီးအောင်တော့ မလှပခဲ့ ။

ဖြတ်သန်းနေဆဲ ပစ္စုပန်မှာ
လဲကျရင်း ထူမတ်ရင်း
အောင်မြင်ရင်း ရှုံးနိမ့်ရင်း
ပိုင်ဆိုင်ရင်း ဆုံးရှုံးရင်း
ရွှေမှန်ကင်းတွေ ထင်းဖြစ်တဲ့နောက်
ရှေ့ဆက်ရမယ့် အနာဂါတ်အတွက်
ကျွန်တော့်လက်တွေ မမြဲတော့ဘူး...အမေ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.fs.fed.us မှ ကူးယူဖော်ပြပါသည်။

10 comments:

ဆောင်းယွန်းလ said...

ကဗျာထဲမှာ ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိခြင်းတစ်ခုပေါ့

ဖြတ်သန်းနေဆဲ ပစ္စုပန်မှာ
လဲကျရင်း ထူမတ်ရင်း
အောင်မြင်ရင်း ရှုံးနိမ့်ရင်း
ပိုင်ဆိုင်ရင်း ဆုံးရှုံးရင်း....

ဒါဘဝပဲလေ ကိုယ့်ညီ..ဒီလိုဖြစ်မှလည်း ဘဝကိုဖြတ်သန်းနိုင်မယ့် ခွန်အားတွေပေါကိဖွားနိုင်မယ် မဟုတ်လား...

Anonymous said...

ကဗျာဆရာ...
တစ်ပိုဒ်စီချင်းကိုက အနှစ်တွေချည်းပါပဲ။ ရုန်းကန်နေရတဲ့ သရုပ်သဏ္ဍန်ကို ရသမြောက်အောင် ရေးဖွဲ့ထားတယ်။ တော်ပါပေတယ်....

တစ်ခုတော့ ပြောခဲ့ချင်တယ်.. ခင်ဗျားလက်တွေက ဘာလို့ မမြဲရမှာလဲ.. အမေရှိနေတယ်လေဗျာ။ ခင်ဗျားရဲ့ စိတ်ဓာတ်တွေကို အမြင့်ဆုံးကို မြှင့်ပေးနိုင်တဲ့ မဟာလူသားမိခင် ရှိသေးတယ်။

ကျုပ်တို့ ခင်ဗျားတို့ရဲ့ လက်တွေက ညောင်းတဲ့အခါလဲ ရှိမပေါ့ဗျာ။ ဒါပေမယ့် စိတ်ဓာတ်တွေက အမေတွေရဲ့ မေတ္တာတရားနဲ့ အမြဲတက်ကြွနေပါသေးတယ်ဗျာ။ တချက်သတိပြန်ထား..ကဗျာဆရာ။ ကျုပ်တို့မှာ “နေ့သစ်တွေ ရှိတယ်”.....

ကိုရင်နော်ခင်လေးငယ် said...

((( အတိတ်ကမ်းပါးကို ဖက်တွယ်စဉ်က
အမေပေးတဲ့ လက်အစုံ
တက်ကုန်အောင် ဖွင့်ရင်း
ထက်မြတဲ့ စိတ်ဓါတ်မြှား
အရှိန်ပြင်းစွာ စွဲဝင်သလိုမျိုး
မြဲမြံခဲ့ဘူးတယ် ။
ခိုင်မာခဲ့ဘူးတယ် ။ )))

ဘဝမှာ မနှစ်သက်ဖွယ် တစုံတရာနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်... ခဏခဏ ပြန်ဖတ်ချင်မိတဲ့ အပိုဒ်လေးကို ရွေးထုတ် ကူးယူသွားမိတယ်..

ကဗျာဆရာကြီး ကိုယ်တိုင် စိတ်ညစ်လာရင်လည်း ပြန်ဖတ်နိုင်ပါစေ....
ဖတ်ဖို့ ထပ်ပြီး copy paste ပေးခဲ့ရဦးမလားဟင်..!!
:P

Anonymous said...

ကဗျာကောင်းလေးဖတ်သွားပါတယ် ...

အိုင်လွယ်ပန် said...

ဒီလိုပဲ ကိုယ့်ဆီကကိုယ် ပြန်နှိုက်ထုတ်ရတာပေါ့ဗျာ ...
ကဗျာလေးကောင်းပါ့ဗျာ ....

MANORHARY said...

ဖြတ်သန်းရာလမ်းတွေဟာ..ဒီလိုပါပဲ..တစ်ခါတစ်ရံ
အားနဲ့အင်နဲ့ တစ်ခါတစ်ခါ အားအင်ကုန်ခမ်းလို့
အခြေတောင်မခိုင်ချင်တော့...

GreenGirl said...

ဖြတ်သန်းနေဆဲ ပစ္စုပန်မှာ
လဲကျရင်း ထူမတ်ရင်း
အောင်မြင်ရင်း ရှုံးနိမ့်ရင်း
ပိုင်ဆိုင်ရင်း ဆုံးရှုံးရင်း
ရွှေမှန်ကင်းတွေ ထင်းဖြစ်တဲ့နောက်
ရှေ့ဆက်ရမယ့် အနာဂါတ်အတွက်
ကျွန်တော့်လက်တွေ မမြဲတော့ဘူး...အမေ ။

ဒီလိုပဲလေ
လဲကျလိုက် ပြန်ထလိုက်
ဘယ်တော့မှတော့ ပြန်မထနိုင်ဖူးဆိုတာ မရှိပါဘူး

Anonymous said...

တစစ်စစ်ပါဘဲ
ရင်လှိုက်နာကျင်ရင်း
ငါ့ ၀င်ရိုးတို့ငိုညဉ်းသံ
ငါ ပြန်ကြားနေခဲ့ ။

ခံစားချက်တွေပြင်းထန်နေတုန်းပေါ့ ..ဟုတ်လား
ကဗျာကထက်ရှနေတဲ့ ဓါးသွားတစ်လက်လိုပါပဲ

minn thuka said...

ညီ ရေ...တစ်ခါတစ်ခါ ဘဝဆိုတာ
တစ္ဆေတစ်ကောင်ရဲ့ မျက်နှာလို အေးစက်စက်
နေပြစ်လိုက်..အဖူး အလက် အခက် ဘာမှမရှိတဲ့
နေရောင်ခပ်ရှရှအောက်က ချယ်ရီပင်က သေဆုံးနေတဲ့
သစ်ချောက်ပင်မှ မဟုတ်တာ အချိန်တန်တော့ ဇန်နဝါရီ နှင်းတွေနဲ့အတူ...ပွင့်လာတာပဲလေ...
ဒီလိုပါပဲ...
ဥမ္မာဒန္တီဟာ....သီဝိဘုရင်နဲ့ ပုဏ္ဏား ၆ ယောက်အတွက် ရူးသွပ်စေနိုင်ခဲ့ပေမယ့် အဘိဘာသက အတွက်တော့ ??
ထိမ်းချုပ် သည်းခံနိုင်ခြင်းက....ပိုင်ဆိုင်ခြင်းရဲ့ တာထွက်မဟုတ်လား
လှံ နဲ့ အထိုးခံရတော့လည်း ကံကိုပဲ အလိုက်သင့် ယိုးမယ်ဖွဲ့လိုက်....
ဘယ် တုန်းကမှ မပြည့် ဝ လို့ ဘဝ လို့ခေါ်တာ
အားတင်းထားညီ ရေ....
အကိုလဲ..ရေအကျမှာတင်ကျန်ရစ်တဲ့ ငါးတစ်ကောင်လို
ဖုတ်လှိုက်ဖုတ်လှိုက်ပဲ...

ညီအကိုများ said...

ကိုယ့်ဆရာ ခံစားချက်တွေပြင်းထန်နေတယ်..
တစ်လွှာခြင်းခာံးသွားတယ်..

ခင်မင်လေစားလျက်
မိုးကြယ်

Template by - Abdul Munir