Saturday, March 28, 2009

မကျက်တော့မယ့်ဒဏ်ရာ

တက်ကျမ်းနဲ့ ဆန်းလဂ်ကို
အားကိုးလာကြတဲ့ ခေတ်ထဲ
မြစ်တွေလည်း ဒေါင်လိုက်ဖြတ်စီး
အချစ်တွေလည်း လောင်မြိုက်ပျက်ဆီး
ဘ၀တွေလည်း ဘောင်ကန့်သတ်ပြီးကြီးပြင်းနေလေရဲ့ ။

အမှန်အမှားဆိုတာ လူ့သတ်မှတ်ချက်
သုံးသပ်သူတို့ဘက်မှာ ရှုထောင့်ဆိုတာရပ်တည်တော့
ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်စိတ်ထားတွေ
ထွန်းကားလာလိုက်ကြတာများ
မိုးရာသီမှာတောင် နွေခေါင်တတ်လာပြီ ။

တောင်သူတို့ရဲ့ မျက်ရည်စက်လက်ညတွေ
ဂွင်ကျဂဏန်းတွေတွက်တဲ့ ကုန်သည်တို့ရဲ့လက်တွေ
အနင်းခံဘ၀တွေ ပြားသထက်ပြားလာကြ
ဒါဟာ....
လိုက်ဖက်ညီမျှမှုတစ်ခု မဟုတ်ခဲ့တာတော့
သေချာတယ် ။

ခေတ်ရေစီးကြောင်းတဲ့
မျောပါတတ်သူတွေအတွက်တော့ ကျေနပ်စရာ
မုသာဝါဒတံတိုင်းတွေ ကြားမှာ
ပျော်ပါးနေလိုက်ကျ ယဉ်ပါးနေလိုက်ကျ
ကုတ်ခြစ်တွယ်တက်သူတို့ရဲ့ ကမ်းပါးမှာတော့
လေပြင်းတိုက်တိုင်း ချဉ်ဆီခိုက်နေတုန်းဘဲ ။

ထိန်းချုပ်ထားတဲ့ ဆန္ဒတစ်စုံတစ်ရာကို
အရောင်တင်ဘို့ ကြိုးစားကြည့်တော့
ကိုယ်တိုင်ကိုက ဖွတ်ပုံဘ၀နဲ့
ချွတ်ခြုံကျဆဲ ။

ကဲ....
လုပ်ပိုင်ခွင့်နဲ့ အခွင့်အလမ်း
စွမ်းဆောင်ရည်နဲ့ မျှော်လင့်ချက်
ဒါတွေဟာ နေ့ဘက်မက်တဲ့ အိပ်မက်တွေပေါ့ ။

နိုးထချိန်မှာတော့
အရာရာဟာ မှေးမှိန်မှုန်ဝါးလို့ ။

တစ်ခါတစ်ခါ ဘ၀ကိုဖြတ်ရိုက်ခံရတာများ
နှလုံးသွေး ပွက်ပွက်အန်တယ် ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင် အသုံးပြုထားသောပုံကို www.artist-starving.livejournal.com မှကူးယူဖော်ပြပါသည်။

11 comments:

pandora said...

တက်ကျမ်းနဲ့ ဆန်းလဂ်ကို
အားကိုးလာကြတဲ့ ခေတ်.... ဟုတ်ပါရဲ့

နှလုံးသွေးပွက်ပွက်အံတဲ့ ကဗျာကို လာခံစားသွားပါတယ်.။

ကိုရင်နော်ခင်လေးငယ် said...

မုသာဝါဒတံတိုင်းတွေ ကြားမှာ
ပျော်ပါးနေလိုက်ကျ ယဉ်ပါးနေလိုက်ကျ..

အော်.. သူလည်း နှလုံးသွေးတွေ ပွက်ပွက် အန်နေပါလား..

ကဗျာလေး ကောင်းလွန်းတယ် ကဗျာဆရာရေ..

ခင်မင်လေးစာချစ်ခြင်းအားဖြင့်

လင်းဒီပ said...

“ခေတ်ရေစီးကြောင်းတဲ့
မျောပါတတ်သူတွေအတွက်တော့ ကျေနပ်စရာ
မုသာဝါဒတံတိုင်းတွေ ကြားမှာ
ပျော်ပါးနေလိုက်ကျ ယဉ်ပါးနေလိုက်ကျ
ကုတ်ခြစ်တွယ်တက်သူတို့ရဲ့ ကမ်းပါးမှာတော့
လေပြင်းတိုက်တိုင်း ချဉ်ဆီခိုက်နေတုန်းဘဲ ။”

ကျက်အောင်တော့ လုပ်ရမှာပေါ့ ကိုယ့်ဆရာရယ်..။
ခင်မင်လေးစားစွာ
လင်းဒီပ

MANORHARY said...

ဒါဏ်ရာတွေကျက်ဖို့ဆေးနည်းပဲလိုတာနော်..အဲဒီဇီဝက
ကလဲ..ဘယ်ရောက်နေပါလိမ့်..း(

ainlwaepan said...

နိမိတ်ပုံတွေ

အရမ်းမိုက်တယ် .....

minn thuka said...

ပြောချင်တာတွေ မြင်နေရတယ်၊
နာ နေတဲ့ဘဝတွေ၊
ကြာ နေတဲ့ ညတွေ( မိုးမလင်ခဲ့တာကြာပေါ့)
ဆာ နေတဲ့ ဗိုက်တွေ(မဝခဲ့တာကြာပေါ့)
ကာ နေတဲ့ လမ်းတွေ(ပိတ်ဆို့နေတာကြာပေါ့)
ညာ နေတဲ့ နုတ်ခမ်းတွေ(လင်္ကာချောရုံ သက်သက်မဟုတ်တာတာ ကြာပေါ့)
နာ နေတဲ့ စိတ်တွေ(ချုံးချုံးကျခဲ့တာကြာပေါ့ံ)
မာ နေတဲ့ ခါးတွေ( ညွတ်ချနေနေရတာကြာပေါ့)
ဟာ နေတဲ့ အိပ်ကပ်တွေ (ထပ်မဖြည့်ရတာကြာပေါ့)
........
တစ်ခါတစ်ခါ ဘဝကိုဖြတ်ရိုက်ခံရတာများ
အထပ်ထပ် အရှိုးရာတွေ အစင်းစင်းထလို့
မြင်းကျားတစ်ကောင်လို
ကျား ဆိုတဲ့ စကားလုံးပါရက်နဲ့
အစားခံ ဖို့ ကျား လိုက်ခံနေရတယ်၊။

အိန္ဒြာ said...

ကဗျာဆရာရဲ့...

ကရားရေလွှတ်ရင်ဖွင့်သံဟာ....
နှလုံးသားတွေအထိ တိုင်ရိုက်စီးဝင်လာပါတယ်....

အမှန်အမှားဆိုတာ လူ့သတ်မှတ်ချက်
သုံးသပ်သူတို့ဘက်မှာ ရှုထောင့်ဆိုတာရပ်တည်တော့
ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်စိတ်ထားတွေ
ထွန်းကားလာလိုက်ကြတာများ
မိုးရာသီမှာတောင် နွေခေါင်တတ်လာပြီ ။

မိုးရာသီမှာနွေခေါင်တတ်သလိုမျိုး...
နွေခေါင်ခေါင်လဲ..မိုြးိကိုးအပစ်ခံနေကြရတယ်...


ပြောချင်တာတွေကို...
လှလှပပပြောချသွားတဲ့ကဗျာကောင်းလေးတစ်ပုဒ်အတွက်
ဂုဏ်ယူလေးစားလျှက်

khin oo may said...

အဲလိုတွေ မပြောတတ်ပါဘူး။ ရိုးရိုးဘဲလာဖတ်သွားပါတယ်။

မိုးမောင်(HappyCloud) said...

မခင်ဦးမေကတော့ ရိုးရိုးဖတ်တယ်... ဒို့ကတော့ ဇွန်းတပ်ပြီး ဖတ်သွားတယ် အမြင့်.. ကဗျာတွေလာဖတ်တိုင်း လောကအစိတ်အပိုင်းတွေကို ပုံစံတကျထင်ဟပ်စေတဲ့ “လက်” ပါလားဗျာ။ လေးစားပါတယ် ကဗျာဆရာ(လေးချင်းတူတူ အဆင်သာလို့ ၀ါးသွားတယ်ဗျာ ဟဲ..ဟဲ)

Anonymous said...

နှလုံးသွေးတွေ တူတူလာအန်တယ် အစ်ကို အဖော်ရှိသေးတယ်ဗျ ။

GreenGirl said...

ထိန်းချုပ်ထားတဲ့ ဆန္ဒတစ်စုံတစ်ရာကို
အရောင်တင်ဘို့ ကြိုးစားကြည့်တော့
ကိုယ်တိုင်ကိုက ဖွတ်ပုံဘ၀နဲ့
ချွတ်ခြုံကျဆဲ ။

း(

Template by - Abdul Munir