Saturday, March 21, 2009

ကဗျာလက်နဲ့ဆောက်တဲ့ရက်


ကဗျာတဲ့
အစာငတ်နေတဲ့ စိတ်ဓါတ်တွေကို
တပ်တပ်မက်မက်ဘဲ ချကျွေးလိုက်တော့
အနုပညာဟာ အသက်မဲ့တောင်
ခေါင်းမော့ ထားဆဲ ။

ပျောက်ရှသွားတဲ့ ဘ၀ကိုပြန်ရှာဘို့
သဘာဝကို သဘာဝနဲ့ပြန်မျှား
စိတ်ကို စိတ်နဲ့ဖွင့်ရင်း
လက်ကျန်ခွန်အားတစ်စုံနဲ့
ကုန်းထခဲ့လိုက်တဲ့ သောင်ပြင်
ပင်လယ်ရဲ့ ညဉ်းသံကိုဗဟိုပြု
မြောက်ပြန်လေကို စီးနှင်း
ခရီးပြင်း နှင်ခဲ့ခြင်းရဲ့ အဆုံး
ကဗျာဆရာတွေ ဆောက်တဲ့ရက်မှာ
လနှစ်စင်း သာခဲ့ ။

အဲဒီ့ရက်မှာ
ကဗျာဆရာတွေရဲ့ ဘ၀တွေ
ကဗျာဆရာတွေရဲ့ အစာအိမ်တွေ
ကဗျာဆရာတွေရဲ့ အတွေးအခေါ်တွေ
ကဗျာဆရာတွေရဲ့ စကားလုံးတွေ
ကဗျာဆရာတွေရဲ့ မျက်ဝန်းတွေ
ပြီးတော့ ကဗျာဆရာတွေရဲ့ ကလောင်တွေနဲ့
အလှပဆုံး ခင်းကျင်းပစ်ခဲ့ ။

အသွားတွေသွေးရင်း ရင်ဘတ်တွေရင်းရင်း
ဘ၀တွေဆွေးမြေ့ရင်း အူအချင်းချင်းပွတ်တိုက်ရင်း
လောကကိုခါးစောင်းတင်ရင်း ကောင်းကင်ကိုပုခုံးထမ်းရင်း
စီးမျောလှည့်ပတ်တဲ့သွေးကြောမှာ
ရသတွေပျော်ဝင်နေသရွေ့
ကဗျာနေ့ အသက်ဝင်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်ဖော်ပြထားသောပုံအား ယိမ်းနွဲ့ပါးမှ ကိုမိုးကြယ် မှရေးဆွဲပါသည်။

8 comments:

Anonymous said...

အမြင့်တင့်တင့်ရေ....

အမြင့်လေးက လူကသာ တစ်ခါတစ်လေ
တင့်တင့်တို့ အရွယ်လုပ်ချင်တာ...

ရေးလိုက်ရင်တော့ ရှယ်တကာ့ ရှယ်တွေချည်းဘဲနော်...

အားကျလိုက်တာ...

တစ်ပုဒ်လုံး ဖတ်လို့ အရမ်းကောင်းတယ်

နောက်ဆုံး ၂ကြောင်းလေးက အသက်ပဲ

တင့်တင့်ကို အစဉ်လေးစားလျှက်...

PS... နောက်တာကတော့ အရိုးစွဲနေလို့ စိတ်ဆိုးရဝူးနော်

Anonymous said...

စီးမျောလှည့်ပတ်တဲ့သွေးကြောမှာ
ရသတွေပျော်ဝင်နေသရွေ့
ကဗျာဆရာနေ့ အသက်ဝင်တယ်။

ဟုတ်တာပေါ့...
ကဗျာကို..
ကာရန်မဲ့ချင်မဲ့
အဘိဓမ္မာမမဲ့စေနဲ့လို့..
ဆရာကြီးဒဂုံတာရာကပြောခဲ့ဖူးတယ်...။

ကဗျာဆိုတာ..
ပေးချင်တဲ့..ရသတစ်ခုခု..
ပေးချင်တဲ့...အသိ...၊ အတွေးစ...တစ်ခုခု..
အနည်းဆုံး..
စကားလုံးပလှအပတွေနဲ့တော့..
စိတ်နှလုံးကို ညွှတ်နူးစေအောင်...
စွမ်းဆောင်နိုင်..ခဲ့တယ်...

ကဗျာဆရာ့ရဲ့ ကဗျာကို.......
သယ်ဆောင်သွားပါကြောင်း

Anonymous said...

ကဗျာတွေကို တော်ရုံနားမလည်တတ်ပေမယ့် ကဗျာဆရာတွေကိုတော့ လေးစားပါတယ်။ ကဗျာနေ့အတွက် ကဗျာဆရာရေးတဲ့ ကဗျာကို လေးလေးစားစား လာဖတ်သွားပါတယ်။

ခပ်ပြင်းပြင်းကဗျာတွေဆိုရင် နားဝေးတဲ့
ကောင်မလေး

Anonymous said...

ကဗျာဆိုကတည်းက ဒီရင်ထဲက ပွက်ပွက်ထနေတဲ့ ရင်ခုန်သံတွေနဲ့ အတူ ... လောကအရာအားလုံးက လိုက်ပါယိမ်းကလို့ ...
ကဗျာ့ရဲ့ ခြုံလွှာဇာခပ်ပါးပါးကို ဘယ်အချိန်ပဲ ဖြန့်ကျဲ ဖြန့်ကျဲ ... မိုးသားထဲမှာ တစ်ခုပဲ ၀ဲနေမယ် ...
အဲဒါက ကဗျာကို ချစ်တဲ့စိတ် ... ။
ကမ္ဘာ့ကဗျာများနေ့ကို အသက်သွင်းလိုက်တဲ့ ခံစားမှုလက်တွေနဲ့ အနုပညာအသက်ဓါတ်တွေ ဒီနေ့ကစပြီး ရှင်သန်မှုအပြည့်နဲ့ ခေါင်းမော့စေ ... ။

ကောင်းကင်ပြာ said...

အသွားတွေသွေးရင်း ရင်ဘတ်တွေရင်းရင်း
ဘ၀တွေဆွေးမြေ့ရင်း အူအချင်းချင်းပွတ်တိုက်ရင်း
လောကကိုခါးစောင်းတင် ကောင်းကင်ကိုပုခုံးထမ်းရင်း
စီးမျောလှည့်ပတ်တဲ့သွေးကြောမှာ
ရသတွေပျော်ဝင်နေသရွေ့
ကဗျာဆရာနေ့ အသက်ဝင်တယ်။

တပုဒ်လုံးကိုကြိုက်တာ ဒီအပိုဒ်ကို ပိုကြိုက်တယ်ရှင့်၊ကဗျာဆရာနေ့ ကို လာဂုဏ်ပြုပါတယ်

အိုင်လွယ်ပန် said...

အသက်ဝင်ပါပေတယ်ဗျာ ........

ဆောင်းယွန်းလ said...

ကဗျာဆရာတွေရဲ့ ရင်ဘတ်ထဲက တူညီတဲ့ခံစားချက်တွေကို ဖော်ကျူးထားတဲ့ ကဗျာတပုဒ်လုံးက ရုပ်လုံးကြွပြီး အသက်ပါနေလိုက်တာ..
ဟုတ်တယ်...ကဗျာဆရာတွေရဲ့ အစဉ်မပျက် စီးမျောလှည့်ပတ်နေတဲ့ သွေးကြောထဲမှာ ရသတွေက ဘယ်တော့မှ ပျောက်ပျက်ရပ်တန့်သွားမှာမဟုတ်လေဘူး
ဒါကြောင့် ကဗျာဆရာတွေနှလုံးသွေးနဲ့ ပေးဆပ်ရေးဖွဲ့ရင်း ဖြစ်တည်နေတဲ့ ကဗျာနေ့ဟာ အမြဲအသက်ဝင်နေမှာပေါ့ ညီလေးရေ...

မေ့သမီး said...

အစ်ကို့လိုမရေးတတ်တော့ လာပဲသွားရည်ကျသွားတယ်။ :D

Template by - Abdul Munir