Friday, March 6, 2009

အစားမထိုးနိုင်ပါ

သူ....

သူ့ကို ကျွန်တော် သိပ်ချစ်ခဲ့တယ်။ သိပ်မြတ်နိုးခဲ့တယ်။ သူ့ ပျော်နေတာလေးကို အမြဲဘဲ မျှော်လင့်နေခဲ့တယ်။ သူပျော်မယ်ဆို ကျွန်တော့်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံး ကျွန်တော် ပေးရဲတယ်။ ကျွန်တော့်ရဲ့ ရှင်သန်မှုကို ကျွန်တော် စတေးရဲတယ်။ သူ့အတွက်ဆို နေမင်းကို အနောက်ဂေါယောကျွန်းဆီက ထွက်ခိုင်းရမလား။ စကြာဝဋ္ဌာကို မီးတင်ရှို့ရမလား။ ဒါမှ မဟုတ် ကြယ်စင်တွေနဲ့ ပန်းပွင့်စေရမလား။

သူစိတ်ချမ်းသာဘို့ အတွက် ကျွန်တော် အကုန်လုပ်ပေးရဲတယ်။ ကျွန်တော့် ဘ၀ရဲ့ အရာရာဟာ သူပါဘဲလေ။ သူ့ကြောင့် ကျွန်တော် သွေးတို့ယိုစိမ့်ထွက်ရတဲ့အထိ ထိခိုက်ဒဏ်ရာရခဲ့ဘူးတယ်။ အကြိမ်ကြိမ်ပါဘဲ။ ဒါပေမယ့် တစ်ကြိမ်တစ်ခါမှ ကျွန်တော် သူ့ကို စိတ်မဆိုးခဲ့ဖူးဘူး။ စိတ်လည်းမနာခဲ့ဖူးဘူး။ သူ့ဘေးနားမှာ ရှိနေရရင်ကို ကျွန်တော်ဆိုတဲ့ ကောင်က ပျော်နေခဲ့မိတာ။ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတာကို ကျွန်တော် နှစ်သက်နေခဲ့တာ။

သူကကော...

သူကလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့တာပါ။ ကျွန်တော့်ဘေးနားမှာ အမြဲတမ်းနေရင်း ကျွန်တော်နဲ့ တက်ညီလက်ညီ အလုပ်တွေလည်း အတူတူလုပ်ဖူးတယ်။ ကျွန်တော် ပင်ပန်းချိန်မှာလည်း သူဖေးကူခဲ့ဘူးတယ်။ ကျွန်တော် စိတ်ဓါတ်ကျချိန်မှာလည်း သူအားပေးခဲ့ဖူးတယ်။ ကျွန်တော့်ကို အကျိုးအကြောင်းတွေလည်း သင်ပြပေးခဲ့ဘူးတယ်။ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေလည်း သွန်သင်ခဲ့ဘူးတယ်။

သူဟာ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ မိခင်ဖြစ်နေတတ်သလို တစ်ခါတစ်လေ ကျွန်တော့်ရဲ့ သမီးလေး။ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ ချစ်သူ။ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ ဆရာ။ သူဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ကို ကျွန်တော့်ကို ချစ်ခဲ့တာလေ။ ကျွန်တော်နဲ့သူ ရဲ့ချစ်ခြင်း သံယောဇဉ်က အနက်ရှိုင်းဆုံးမှာကို ထိုးဖောက်နေရာယူနေခဲ့တာ။ ကျွန်တော်တို့တွေ ဘယ်တော့မှ မခွဲကြဘူး။

သခင်....

သခင်က ကျွန်တော်တို့ကို သိပ်ချစ်တယ်။ သခင်ဘယ်သွားသွား ကျွန်တော်တို့ အမြဲပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေ စိတ်ကောက်ကျတိုင်းလည်း သခင်က အမြဲတမ်း ဖြန်ဖြေပေးတယ်။ ကျွန်တော်တို့ကလည်း သခင့်အလိုကျ အမြဲတမ်း လိုက်နာကြတယ်။ သခင်ကျွေးသမျှ စားကြတယ်။ သခင်ပြောသမျှ ချောမွေ့အောင် ကျွန်တော်တို့ ကြိုးစား စွမ်းဆောင်ပေးတယ်။ သခင်စေစားရာ စကားအတိုင်း ကျွန်တော်တို့ လိုက်နာကြတယ်။

တစ်ခါတစ်ရံ သခင်က သူ့ကို စိတ်လိုလက်ရ လှပအောင် ပြင်ဆင်ပေးတတ်တယ်။ ကျွန်တော့်ကိုလည်း သန့်ရှင်း ကျန်းမာအောင် အမြဲ ဂရုစိုက်တယ်။ ကျွန်တော်တို့ကို သခင်က ချစ်သလို သခင့်ကို လည်း ကျွန်တော်တို့က ချစ်တယ်။ သခင်ရယ် ကျွန်တော်ရယ် သူရယ် ဟာဘယ်တော့မှ မခွဲခွာကြတဲ့ အဆွေခင်ပွန်း၊ မိသားစု၊ ဆရာတပည့်တွေ။

ဒီလိုနဲ့....

သခင်ရယ်၊ ကျွန်တော်ရယ်၊ သူရယ် အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်လာကြရင်း တစ်ရက်သူနေမကောင်း စဖြစ်လာခဲ့တယ်။ သူအမြန်ဆုံးနေကောင်းဖို့ ကျွန်တော် ဆုတွေ အကြိမ်ကြိမ် ကြိတ်တောင်းနေတဲ့ကြားက သူ့ကျန်းမာရေးက တဖြည်းဖြည်း ပိုပိုဆိုးရွားလာခဲ့တယ်။ ရောက်ခဲ့ပါပြီ။ ကျွန်တော် သိပ်ကြောက်ရတဲ့ အကြောက်ဆုံးနေ့ကို ရောက်ခဲ့ပါပြီ။ နေထိုင်ဖြစ်တည်မှု ပျက်သုဉ်းကိန်း လက်မှတ် သူ့အတွက် ပေးတာ စောလွန်းလှတယ်။ ကံကြမ္မာရယ်...တကယ်ဆို သူဟာ ထွက်ခွာဘို့ သိပ်ကို စောလွန်းပါသေးတယ်။ ဒါပေမယ့် ဇာတ်ဆရာအလိုကျ ကပြနေရတဲ့ ဇာတ်ခုံမှာဘယ်သူကများလွန်ဆန်နိုင်မှာလဲ။

အဲဒီနေ့က ကျွန်တော့်ကောင်းကင် နေမထွက်ခဲ့ဘူး။ တိမ်တိုက်တွေ အငွေ့ပျံရင်း မျက်ရည်တွေ မိုးအဖြစ်ရွာသွန်းလို့။ ကန္တာရမှာ အိုအေစစ်ဆိုတာ မရှိတော့လောက်အောင် ကျွန်တော့်ရင်ခွင် နွေရာသီ ပူလောင်လွန်းနေတယ်။ သူ့ကို ကြည့်ရင်း မျက်ရည်တွေ တွင်တွင်သာစီးကျလို့။ သခင့်ကို ကြည့်မိတော့ သခင့်မျက်နှာမှာ စိတ်မကောင်းခြင်း ရာသီဖြစ်ထွန်းနေတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပူဆွေးဝမ်းနည်းမှုတွေ ကြားမှာဘဲ သူ့နောက်ဆုံးခရီးကို ကျွန်တော်နဲ့ သခင်အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်။

သူ့ကို ခရီးရှည်တစ်ခု ထွက်ခွာခွင့် ပေးလိုက်ရတဲ့ ကျွန်တော့်ရင်မှာတော့ နာကျင်လိုက်တာ။ အပြန်လမ်းမှာ ကျွန်တော်ရော သခင်ပါ တိတ်ဆိတ်လို့။ သခင့်အသက်ဇီဝိန် ဖြစ်တည်နေသရွေ့ သခင်နဲ့အတူ ကျန်ခဲ့တဲ့ကျွန်တော်ဟာ သခင့်အပေါ်ထာဝရဆက်ပြီး တာဝန်ကျေသွားမယ်ဆိုတာ ကတိပေးပါရစေ။ ကျွန်တော့်ကျောပေါ်က အရသာခံဖုတွေ ရှိနေသရွေ့ပေါ့ သခင်ရယ်...။

လျှာတို့ရဲ့ သမိုင်းကြောင်းကို သခင့်အတွက် အလှပဆုံး ခြယ်မှုန်းသွားပါ့မယ်။ ဒါပေမယ့်လေ လစ်လပ်သွားတဲ့ သူ့နေရာမှာ ဘယ်အရာမျိုးနဲ့မှ အစားမထိုးဖို့ ကျွန်တော်တောင်းဆိုပါရစေ သခင်။ ဒါလေးတစ်ခုပါပဲ။ ဒါလေးတစ်ခုတော့ ကျွန်တော့်ကို ငဲ့ညှာပေးပါ။ သူ့နေရာမှာ ဘယ်လောက်ကောင်းမွန် အဖိုးတန်တဲ့ သွားအတုမျိုးကိုမှ ကျွန်တော်နဲ့မိတ်ဆက်မပေးပါနဲ့ သခင်ရယ်...။ ကျွန်တော့် အတွက် သူဟာ အစားထိုးမရနိုင်လို့ပါ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

11 comments:

အိုင်လွယ်ပန် said...

ကောင်းလိုက်တဲ့စိတ်ကူးလေး
လန်းတယ်ဗျာ ....

ကြယ်ပြာ said...

ဖတ်လို့ကောင်းလိုက်တာ ....
ဘာလဲ ဘာလဲ နဲ့ အဆုံးထိဆွဲခေါ်သွားနိုင်တယ် ...
အရေးအသားက ဆွဲဆောင်မှုရှိတယ် ....

လွတ်ငြိမ်းလေပြေ said...

သွားတစ်ချောင်းမှ မရှိတော့တဲ့ ဖိုးဖိုးကြီး ဖြစ်လာရင်ရော
း)

ကိုရင်နော်ခင်လေးငယ် said...

အမြင့်ရေ...
စာလေးကဖတ်ရတာ ချောနေတယ်..
သေသေချာချာ ဖတ်မိနေတယ်..
လိုက်ရွတ်နေမိတာ အမြင့် ကို သိစေချင်တယ်..

သူမရှိတော့ ဟာတာတာနဲ့း(

HAPPYCLOUD said...

အဟား...
ဒီတခါ တကယ်လန်ထွက်သွားပီ...
လူပါလန်ထွက်ရုံမကဘူး သွားပါလန်ထွက်သွားတယ်...
ဘယ်ကောင်မလေးများ ဘာသွားလုပ်လိုက်လည်းမသိ...
....
လက်သံပြောင်တဲ့သူနဲ့တိုးသွားတယ်ထင်ပါ့...
အင်း အရိုက်မတော် တစ်ချက်တဲ့ အဲဒါမှန်နေပီ...
ဖိုးမောင်

khin oo may said...

လက်သံပြောင်တယ်နော့

ဆောင်းယွန်းလ said...

ညီလေး....စကားလုံးတွေရော အရေးအသားပါ လှတယ်

ရွာသားလေးဝိုင်တီယူ said...

သွားနာနေတာနဲ့တိုက်ဆိုင်လိုက်တာဗျာ

အိန္ဒြာ said...

လျှာနဲ့သွား..ဆိုတာ...

မကြာခဏ...ရန်ဖြစ်တတ်တဲ့
အရင်းနီးဆုံး..မိတ်ဆွေတွေပေါ့...ဟုတ်..
ချစ်ခြင်းတရား..ပါးပါးလေး...ကိုပါမြင်သာတော့
ချစ်စရာကောင်းတဲ့
အက်ဆေးလေးတစ်ပုဒ်ဖြစ်သွားပါတယ်...

Minn said...

ညီလေး...မုန့်ဆီကြော် ရပြီလား?
.............
လျှာနဲ့သွား...ဆိုတော့
ဘင် နဲ့ ကုလား...ဟုတ်ပါဘူး (xxxxxxxxx)
အင်း...ဆေးတို့ဖတ်ကြီးနဲ့ အနှီး လက်ဖွဲ့မယ်၊၊

ကောင်းကင်ပြာ said...

ကောင်းကင်ပေါ်မှာ အမြဲနေထွက်နေပါစေလို့

Template by - Abdul Munir