Monday, March 30, 2009

ယနေ့မှစ၍

နှုတ်ဆက်သူတွေ နှုတ်ဆက်ကြပြီ
ထွက်ခွာသူတွေ ထွက်ခွာကြပြီ

ပြုံးကျန်ရစ်သူတွေ ရှိတယ်
မုန်းကျန်ရစ်သူတွေ ရှိတယ်
လက်ပြနှုတ်ဆက်သူတွေ ရှိတယ်
ဆွေးမြေ့ငိုကြွေးသူတွေ ရှိတယ်
ဝမ်းသာကြည်နူး ပျော်မြုးတဲ့အပြုံးတွေရှိတယ်
ရင်နှလုံးညှိုးချုံး ရှုံးသူရဲ့ အလွမ်းတွေရှိတယ်
နေခြည်ဖြာလင်းလက် အချစ်ရဲ့ရက်တွေရှိတယ်
ရင်နင့်တိုက်စား မိုက်မှားတဲ့ညတွေရှိတယ် ။

ကမ္ဘာမြေက လမိုက်ညကိုနှုတ်ဆက်
ကြယ်တာရာက ကုမုဒြာကိုနှုတ်ဆက်
နေခြည်နုနုက မနက်ခင်းကိုနှုတ်ဆက်
အုံ့မှိုင်းနေတဲ့ အလွမ်းတိုင်းပြည်ကို
လျစ်လျူရှု ချစ်သူက နှုတ်ဆက်
စာနာမှုတွေကို စွန့်လွှတ်ခြင်းကနှုတ်ဆက်
ခင်မင်သူတွေကို ခွဲခွာခြင်းကနှုတ်ဆက် ။

ကဲ...
ယိုင်နဲ့နဲ့ကမ်းပါးတွေတောင်
ပင်လယ်ဆီကို မျောပါနေကြပေါ့ ။

ဘ၀အခါးတဲ့
ရင်နင့်သွားစေလောက်ရဲ့
အမှားကို အရောင်ထပ်ရင်း
နက်သထက်နက်လာခဲ့လိုက်တာ
သန်းခေါင်တွေသာ များများလာခဲ့တယ် ။

မြစ်တို့ရဲ့ လှည့်စားခြင်းဟာ
ဗေဒါအတွက် ဆုလာဘ်ဖြစ်ခဲ့ရင်

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

12 comments:

ကိုရင်နော်ခင်လေးငယ် said...

သေသေချာချာဖတ်တယ်နော်..

အခေါက်ခေါက်ဖတ်တယ်နော်..

ဒါပေမယ့်..

နားမလည်ဘူး..

လှပတဲ့ ကဗျာလေးကို နားမလည်တာတော့ မဟုတ်ဘူးနော်..

ကဗျာရှင်ကို နားမလည်တာ...း(

MANORHARY said...

ဒါကြောင့် တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်က
မိုးမြင့်တိမ် ဖြစ်ကျန်ခဲ့တာလေလား တွေးသွားတယ်

Anonymous said...

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ။


အဆုံးသတ်ကိုဖတ်ပြီး ဘန်နာက စာသားကိုကြည့်လိုက်တော့........အော်...ဒီလိုကိုးဖြစ်သွားတယ်။
ယိုင်းနဲ့နဲ့ ပဲ ဆက်မျောလိုက်အုံးမယ် တစ်နေ့တော့ ကမ်းပါဆိုတာကြုံမယ်ထင်ရတာပဲလေ ။

အိန္ဒြာ said...

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ။

ကဗျာက exit တွေဖြစ်နေပါလား...

good

ကြယ်ပြာ said...

ဒီကဗျာက ဒီဘလော့ရဲ့ စာသားလေးကိုဖော်ကျူးပြထားတာလားဟင် ...

အောက်ဆုံး နှစ်ပိုဒ် အရမ်းကြိုက်တာပဲ ....

Anonymous said...

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ... ။

ကြယ်စုတွေ ကြွေကျပျက်သုန်းတဲ့အခါ ... တွင်းနက်ရုပ်ကြွင်းတွေ ကျန်မယ် ...
စိမ်းလန်းသစ်တောတွေ ပျက်သုန်းတဲ့အခါ ... ကန္တာရတွေ ကျန်မယ် ...
တိမ်ညိုတွေ ပျက်သုန်းတဲ့အခါ ... မိုးစက်မွမွလေးတွေ ကျန်မယ်
ပန်းပွင့်တွေ ပျက်သုန်းတဲ့အခါ ... ငေါနေတဲ့ ရိုးတံတွေ ကျန်မယ် ...
ချစ်ခြင်းတရားတွေ ပျက်သုန်းတဲ့အခါ ... အမုန်းမီးလျှံတွေ ကျန်မယ် ...
ခံစားမှုတွေ ပျက်သုန်းတဲ့အခါ ... ဗလာနှလုံးသား တစ်စုံကျန်မယ် ...
မြဲခြင်းတရား ပျက်သုန်းတဲ့အခါ ... အစဉ်သဖြင့် မမြဲခြင်းတရား ကျန်မယ်...
မမြဲခြင်းတရားက ကဗျာဆရာရဲ့ နှလုံးသားကို တိုက်စားလည်း
စိန်လို မာခြင်း အဆင့်တွေထက်ပိုကဲပြီး
ပိုပြီးလည်း ရဲတဲ့ ကဗျာဆရာနှလုံးသားကတော့
ဘယ်တော့မှ မပျက်သုန်းဘူး ...
အပိတ်နောက်ဆုံး နိဂုံးမှာ ပျက်သုန်းခဲ့ရင်တောင် ...
က ဗျာေ တွ ကျ န် ရ စ် မ ယ် ... ။

( ကဗျာဆရာက ကဗျာတွေအတွက်ဆိုရင် ဘယ်တော့မှ အဆုံးမစီရင်ဘူး)

အိုင်လွယ်ပန် said...

နှုတ်ဆက်ခြင်းကို ခဏတာလို့ပဲမှတ်ယူပါရစေဗျာ ....

ခံစားချက်တို့ ထုံလွှမ်းနေတဲ့ နှလုံးသားဂီသသံတွေ

ထက်ကြားချင်သေးပါတယ် ......

အင်သစ်အားသစ်နဲ့ ပြန်လည် ပြိုဝင်လာအုံးမဲ့

ကောင်းကင်ဆီကပေါ့ .....

အဆင်ပြေပါစေဗျာ .......

minn thuka said...

ငါ့လမ်းအတိုင်းလိုက်ရင်
ငါ့လိုနောင်တပဲ တစ်ချိန်ချိန်မှာ ကျန်ခဲ့မယ်
အဲဒီ အချိန်ကျရင်
မွေးစာရင်းထဲကနာမည်နဲ့
မှတ်ပုံတင် နာမည်လွဲသလိုမျိုး
ပြည်ဝင်ခွင့် ဗီဇာလျောက်တဲ့အခါ
အထစ်အငေါ့တွေ ဖြစ်လာမှာ
လောကမှာ မှန်နေရက်နဲ့
သိမ်းထားလိုက်ရတာတွေအများကြီး
ကတိလို ဟာမျိုးပေါ့၊။

Mhu Darye said...

အရင်လို မမွန်းကျပ်တော့ဘူး။
သက်ပြင်းတွေလည်း ခဏ အနားယူလိုက်ပုံရတယ်။
အသက်ရှူဝတဲ့ ကဗျာကောင်းလေး တပုဒ်ပါ။

နွေးနွေးသဲမွန် said...

တွေးသွားတယ်...ထပ်တွေးသွားတယ်....

ဆောင်းယွန်းလ said...

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ....

ကောင်းကင်ငိုလို့ တိမ်ညိုတွေပြိုတာပေါ့..ဟုတ်လားညီလေး..ကောင်းကင်ကြီးလွတ်လပ်ပေါ့ပါးစွာပြုံးနိုင်တဲ့တနေ့မှာ တိမ်ညိုတွေမဖုံးပဲ တိမ်ပြာတွေလက်နေမှာပါညီလေးရေ..
ကဗျာကောင်းလေးတပုဒ်ကို တိုးတိတ်စွာခံစားသွားတယ်

မိုးမောင်(HappyCloud) said...

အမည်မသိက ဘယ်သူတုန်း.. အမြင့်.. နင်...နင်နော်....
ပြောတော့ ငါ့ကို အချစ်ဆုံးဆို..ဟမ်?? ဘယ်တော့မှ ယောင်္ကျားမယူဘူးဆို?? ကိုမိုးမောင်မှ ကိုမိုးမောင်ဆို ???
ဆို... ဆို... ဆို... ????

Template by - Abdul Munir