Thursday, March 19, 2009

နှောင်

တစ်ကြိုးတည်းပါဘဲ
ရစ်ပတ်တင်းလွန်းခဲ့
လှုပ်မရအောင်လည်း တုတ်ခဲ့
ရုန်းမရအောင်လည်း မြုပ်ခဲ့
ရင်သစ်ပင်မှ ပေါက်ဖွား
မမြင်နိုင်ခြင်း စွမ်းအားကြီးမားခဲ့ ။

ရင်ဘတ်နဲ့ချစ်တတ်သူတို့လည်း နှောင်
ဦးနှောက်နဲ့ကစားတတ်သူတို့လည်း နှောင်
ဘောင်ခတ်သူတို့လည်း နှောင်
ဖောင်ဖျက်သူတို့လည်း နှောင်

ဘ၀အသက်ချင်းလည်း နှောင်
မြကလပ်ချင်းလည်း နှောင်
ဇနပုဒ်နဲ့ မြို့လည်း နှောင်
သူကြွယ်သဘက်နဲ့ ကချေသည်ပုခက်လည်း နှောင်

သံသရာမှာလည်း နှောင်
အပြန်တရာမကလည်း နှောင်
ပတ်သက်သူတို့လည်း နှောင်
တပ်မက်သူတို့လည်း နှောင်

ပင်အိုနဲ့ ရွက်နုတို့လည်း နှောင်
ယဉ်သလိုနဲ့ရိုင်းတဲ့ အဟိတ်တိရိစ္ဆာန်တို့လည်း နှောင်
ကမ္ဘာမြေလည်း လနဲ့ နှောင်
ကြယ်တာရာလည်း ညနဲ့ နှောင်

ပင်လယ်လည်း မြစ်နဲ့ နှောင်
ကဗျာဆရာလည်း အချစ်နဲ့ နှောင်
ရင်မှာရူးသွပ်ရင်းလည်း နှောင်
အစဉ်သာ ဦးညွှတ်ရင်းလည်း နှောင်

တစ်ကြိုးတည်းပါဘဲ
ရစ်ပတ်တင်းလွန်းခဲ့
ရင်လှိုက်လို့လည်း နင့်တယ်
အစဉ်တစိုက်မို့လည်း လွင့်တယ်
ပတ်ခြုံရစ်သိုင်း ဒီဘဒ္ဒအသိုင်းအ၀ိုင်းထဲ
ဘုံသုံးဆယ့်တစ် ဖြစ်တည်သရွေ့
နှောင်ကြိုးတို့ လွန်းတင်ရစ်
ခန္ဓာချွတ်ယွင်းနေ့အထိ နှောင် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.thehathorlegacy.com မှကူးယူဖော်ပြပါသည်။

14 comments:

ကိုရင်နော်ခင်လေးငယ် said...

(((ကဗျာဆရာလည်း အချစ်နဲ့ နှောင်
ရင်မှာရူးသွပ်ရင်းလည်း နှောင်
အစဉ်သာ ဦးညွှတ်ရင်းလည်း နှောင်...)))

အနှောင်မလွန်နဲ့ ကဗျာဆရာရေ...

(((အနိစ္စသဘောကို နမ်းရှိုက်
ကဲ........... မင်း
မမြဲခြင်းတရားကို သက်သေပြလိုက်...။)))

ကဗျာဆရာ့ကဗျာကို... ကဗျာမပီတဲ့
ကျွန်မ ကဗျာလေးထဲက တစ်ပိုဒ်ကို
ဆွဲထုတ်ယူရင်း မန့်သွားမိတယ်....

ခင်မင်လေးစားချစ်ခြင်းများစွာဖြင့်....

အမရာ said...

ကဗျာလေးအရမ်းကောင်းတယ်....
နှုးနှုးညံ့ညံ့အရေးအသားလေးတွေနဲ့
ကြည်နှုးစွာခံစားသွားပါတယ်......။

may16 said...

ကဗျာအသစ်တွေ့လို့လာဖတ်သွားပါတယ် ကိုမိုးမြင့်တိမ်.

လင်းဒီပ said...

ကဲ ပြောပါပကော..
ဒီနှောင်ကြိုးတွေ မပြတ်ရင် ဘယ်လိုလုပ် တရားအားထုတ်မလဲ ဒကာကြီး..
မမြဲတဲ့ အပျက်တွေဆိုတာ
ပေါ်အောင်မှတ် ပေါ်အောင်မှတ်
ဟုတ်ပြီလား..
ကိုယ်လည်း ငယ်တော့တာမှ မဟုတ်တာ..။
ဟီး။။။

အိန္ဒြာ said...

ဆရာ....တပည့်ခံပါရစေ...

စက်နဲ့လှည့်ထုတ်သမားမသ်တဲ့..ကဗျာတွေ.....

ဘယ်လိုများစဉ်းစားသလဲ..ဟယ်

Anonymous said...

နားလည်လွယ်တယ်။ ဖတ်ရင်းတစ်ခုခု ဖြစ်သွားတယ်.. ဘယ်လိုလဲတော့ မပြောတတ်လို့ မပြောတော့ဘူးးးး :)


နှောင်ဖွဲ့ခြင်းမှ ကင်းဝေးချင်တဲ့
ကောင်မလေး

ညီအကိုများ said...

အားပါးပါး.. ကိုယ့်ဆရာ...ဘာပြောရမှန်းတောင်မသိတော့..
ရေးလည်းရေးနိုင်ပါရဲ့ဗျာ.. ရေးလိုက်တိုင်းလည်းအလန်းတွေကြီးပဲ..

ခင်မင်လေးစားလျက်
မိုးကြယ်

မိုးမောင်(HappyCloud) said...

(((ကတောက်)))
ကဗျာကရာ... (အဲလေ).. ကဗျာဆရာ....
ဒွတ်လှချည်လားဗျာ... အဲဒီ“နှောင်” နေတဲ့ကြိုးကို ဖြတ်နိုင်ခဲလှတယ်ဆိုတာ ကိုယ်တွေ့ကြီးဆိုတော့... ကျနော်တော့ ဆက်ပြီးတွယ်ပါစေလို့ လွှတ်ထားရအုံးမယ်ဗျာ။

သံယောဇဉ်ကြိုးတွေကို ဖြတ်တောက်နိုင်မယ့်နေ့ကတော့.. ကျနော်ထင်တယ် ကဗျာဆရာကြီးအနေနဲ့ ကလေးတစ်ဒါဇင်ကျော်ကျော် မွေးပြီးရင်တော့ ဖြတ်တောက်ဖို့ လွယ်မယ်ထင်တယ် နော... ဟဲ..ဟဲ..

ဒါနဲ့ စကားမစပ်...
“လူထဲက လူတစ်ယောက်ပါဘဲ မ.. ကို ကမ်းကုန်အောင် ချစ်တတ်တဲ့ နှလုံးသား တစ်ခုတော့ ပိုင်ဆိုင်ထားလေရဲ့” ဆိုတဲ့ စာသားလေး အမိုက်သားနော်... လကုန်ရက်လေးမှာ ရှင်တမ်းတော့ လုပ်ဖြစ်အုံးမလားဗျာ.. ဟမ်..ကဗျာကရာကြီး :D

အိုင်လွယ်ပန် said...

နှောင် သလားတော့မမေးနဲ့ဆရာရေ ...
နှောင် ဆို မှ နှောင်ပဲ ...

စာသားတွေလန်းတယ်ဗျာ ....

လွတ်ငြိမ်းလေပြေ said...

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်
သံယောဇဉ်ဆိုတာ သိပ်မထားတာ ကောင်းတယ်တဲ့
အဲဒီ နှောင်ကြိုးက ဖြတ်ရခက်တယ်

Mhu Darye said...

ဝေဖန်စရာ ဘာမှကို မရှိဘူးးးးး
အရမ်း ကြိုက်တယ်။

မသက်ဇင် said...

ပတ်ခြုံရစ်သိုင်း ဒီဘဒ္ဒအသိုင်းအ၀ိုင်းထဲ
ဘုံသုံးဆယ့်တစ် ဖြစ်တည်သရွေ့
နှောင်ကြိုးတို့ လွန်းတင်ရစ်
ခန္ဓာချွတ်ယွင်းနေ့အထိ နှောင် ။

ခံစားဖတ်ရှု သွားပါတယ်---

ဆောင်းယွန်းလ said...

ကဗျာလေးကကောင်းလိုက်တာညီလေးရာ...

တစ်ကြိုးတည်းပါဘဲ
ရစ်ပတ်တင်းလွန်းခဲ့
ရင်လှိုက်လို့လည်း နင့်တယ်
အစဉ်တစိုက်မို့လည်း လွင့်တယ်
ပတ်ခြုံရစ်သိုင်း ဒီဘဒ္ဒအသိုင်းအ၀ိုင်းထဲ
ဘုံသုံးဆယ့်တစ် ဖြစ်တည်သရွေ့
နှောင်ကြိုးတို့ လွန်းတင်ရစ်
ခန္ဓာချွတ်ယွင်းနေ့အထိ နှောင် ...
ဟုတ်တယ် တကြိုးတည်းပါပဲ ဒါပေမယ့်သိပ်ကိုမြဲတယ်လေ...

ရွှေပြည်သူ said...

ကဗျာဖတ်အပြီးမှာ ကိုယ့်ရဲ့ အ“နှောင်”ခံနေရတဲ့ အဖြစ်ကို ပြန်မြင်မိတယ်... သိပ်ကောင်းတဲ့ကဗျာပါ အစ်ကိုရေ...

Template by - Abdul Munir