Sunday, March 29, 2009

ကဗျာမဟုတ်ပါ

မင်းမှတ်မိသေးလား
အမေဆူတိုင်း မင်းအတွက်ကူပြောတတ်ခဲ့တာတွေ
တစ်ဆိုင်တည်း အတူထိုင်ခဲ့တဲ့ နေ့ရက်တွေ
အတူသောက်ခဲ့တဲ့ အရက်တွေ
ဆေးလိပ်တစ်လိပ်ကို နှစ်ယောက်သောက်တဲ့အဖြစ်တွေ
ပြီးတော့ နေ့တိုင်းသော့ဖွင့်ပေးရတဲ့ ငါ့ရဲ့ညတွေ ။

မင်းမှတ်မိသေးလား
ခုနစ်စင်ကြယ်တို့ အမြီးထောင်တုန်း
အမေတစ်ယောက်နဲ့ ညီတစ်ယောက်
ရတက်ပွေရင်း ရှင်းခဲ့ရတဲ့
မင်းရှာခဲ့တဲ့ ပြသနာလေ ။

မင်းမှတ်မိသေးလား
မင်းတာဝန်ကျတဲ့ မြို့လေးမှာ
ငါတို့နွေးထွေးစွာ အတူထိုင်ဖြစ်ကြတုန်း
ညီအကိုချစ်ခြင်းကို သက်သေထူခဲ့တာ
ငါမမေ့ရက်ဘူး ။

မင်းမှတ်မိသေးလား
ခေတ္တပြန်လာတဲ့ ငါ့ကိုကြည့်တဲ့
မင်းရဲ့မျှော်လင့်ချက် မျက်ဝန်းတွေ
ငါ့ရှေ့မှာ အားတင်းရင်း
မျက်ရည်ကျတဲ့ အဖြစ်တွေ
ငါနဲ့နေချင်တယ်လို့ မင်းပြောခဲ့တာတွေ ။

မင်းသိရဲ့လား
မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့
မိခင်တစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးမှု
ကွဲကြေတဲ့မျက်ဝန်းနဲ့ မျက်ရည်ဝဲနေတဲ့ဖခင်
မေးကြောတွေထောင်လောက်အောင်
အံတင်းတင်းကြိတ်ထားတဲ့ အကိုကြီးရဲ့သောက
မောင်လေးရယ်လို့ဖက်ငိုတဲ့ တစ်ဦးတည်းသောအမရဲ့ ဝေဒနာ
ဒီအပူတွေ ကြားထဲမှာ ငါ့မျက်နှာဟာ
မချိတင်ကဲ ဒဏ်ရာတွေအပြည့်နဲ့ ။

လွန်ခဲ့တဲ့ ခုနစ်လကပေါ့
ငါ့ရင်ဘတ်ကို မိုးကြိုးပစ်ခဲ့တာ...။

လာကတည်းက သွားဘို့အတွက်ဘဲ
တရားဆိုတာလည်း ရင်ထဲမှာတော့ ရှိခဲ့ကြတယ်
လက်တွေ့မှာတရားကို သောကတွေစားတဲ့အခါ
အကိုရေ....
ဒါဟာ မင်းအတွက်တော့
ကဗျာတစ်ပုဒ် မဟုတ်ခဲ့ဘူး ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အကိုဆုံးခဲ့တာ ခုနစ်လပြည့်တဲ့ နေ့လေးမှာ ကဗျာမဟုတ်စာ မဟုတ်တဲ့ ခံစားချက်လေးတွေကို ပိုစ့်လေးတစ်ပုဒ် အနေနဲ့ တင်မိလိုက်တယ်။ ကြေကွဲမှုကို ဖောက်ထုတ်ခြင်းဖြစ်လို့ ဖတ်လို့မကောင်းခဲ့ရင် အားလုံးဘဲ နားလည်ပေးကြပါဗျာ။

အထက်တွင်အသုံးပြုထားသောပုံကို www.ncac.org မှ ကူးယူဖော်ပြပါသည်။

10 comments:

ရွာသားလေးဝိုင်တီယူ said...

ထပ်တူထပ်မျှ ကြေကွဲသွားအောင်ခံစားစေနိုင်စွမ်းတဲ့ ကဗျာလေးပါဗျာ

အောင်သာငယ် said...

ညီရေ့ ထပ်တူ ခံစားသွားခဲ့ပါတယ်..
အကိုလည်း အဲလို ညီအကို ဘ၀ကို ထွေးပိုက်ခဲ့ဖူးတာပေါ့...
ဒါကဗျာပဲလေ...
သည့်ထက်ကောင်းတဲ့ ကဗျာတပုဒ် ဘယ်မှာ ရှိနိုင်ဦးမှာလဲ...

မောင်မျိုး said...

ထပ်တူ ခံစားသွားတယ် အစ်ကို.... ညီအစ်ကိုတွေရဲ့ မေတ္တာတွေကို ဒီကဗျာလေးမှာ တွေ့လိုက်ရတယ် စကားမပြောတာ ၃နှစ်လောက်ကြတဲ့ ကျနော့်အစ်ကို ဆီဖုန်းဆက်လိုက်အုံးမှပဲ အချိန်လွန်နောင်တတွေကြောက်လှပြီး...။

အိုင်လွယ်ပန် said...

ကဗျာ ပါပဲဗျာ .....

အဲဒါကဗျာပါ ....

ကိုရင်နော်ခင်လေးငယ် said...

ကိုမိုးမြင့်တိမ်ရေ....

ကဗျာရေးတဲ့ ကဗျာဆရာနဲ့..
ရင်မှာထပ်တူ ခံစားမိပါတယ်...

ချစ်ခင်စွာဖြင့်....

ကြယ်ပြာ said...

ကိုမိုးမြင့်တိမ် ....

ကဗျာမဟုတ် စာမဟုတ်တာကို ဖတ်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ် အစ်ကို ....

အိပ်မက်ရှင် said...

စိတ်ကို စိတ်နဲ့ ဖွင့်ချ၊ ဖောက်ချပစ်ဖို့ ...
ကဗျာကို စိတ်ထဲကို မောင်းသွင်းလိုက်တဲ့အခါ
ကဗျာက ၀ိညာဉ်တစ်ခုလို စိတ်နဲ့ ခန္ဓာကို ၀င်ပူးကပ်မယ် ...
အဲဒီ့ အချိန်နဲ့ အခါမှာ ... ပြော၊ ဆို၊ နေထိုင် လုပ်ကိုင်၊ တွေးတော၊ ရေးသား တာမှန်သမျှဟာ
ကဗျာပါပဲ ... ဆရာ ...
ကဗျာ မဟုတ်ဘူး ဆိုတဲ့သည့်တိုင်ပါ ....
(ဆုံးပါးသွားတဲ့ ဆရာ့အကိုအတွက် ဆရာ့ရင်နဲ့ ထပ်တူထပ်မျှ တစ်သားတည်းကျပြီး ၀မ်းနည်းကြေကွဲ၊ စိတ်မကောင်း ဖြစ်မိပါတယ် ဆရာ )

ရွှန်းမီ said...

ဆုံးရှုံးသွားတဲ့ အစ်ကိုတစ်ယောက် နေရာကို ခံစားကြည့်ရင်း စိတ်မကောင်းဖြစ်မိပါတယ်

GreenGirl said...

စဖတ်ကတည်းက သိလိုက်ပါတယ်။ ဘယ်နှလပြည့်ပြီလဲ မသိဘူးလို့။
စိတ်မကောင်းမဖြစ်ပါနဲ့လို့တော့ မဖျောင်းဖျလိုတော့ပါဘူး။
ကိုကြီးစိတ်မကောင်းဖြစ်နေတာကို သူသိရင် လိုက်ပြီး စိတ်မကောင်းဖြစ်နေပါဦးမယ်။ သူဖြစ်စေချင်တာတွေ၊ သူ့အတွက် ကုသိုလ်ကောင်းမှုလေးတွေ များများလုပ်ပေးပေါ့ ကိုကြီးရာ...သူလည်း ကျေနပ်မှာပါ။

Anonymous said...

စာလာဖတ်သွားပါတယ်
ကဗျာလေးကြိုက်တယ်ဗျ။

မင်းလွမ်းနောင်

Template by - Abdul Munir