Wednesday, March 4, 2009

ဆည်းဆာအလွန်

ဖြီးသင်ပြီးစဆံနွယ်လို ကျော့ရှင်းမှုမျိုး
အလင်းစက်ကို မိတ်ကပ်လိုချယ်သ
သာယာလှပခြင်း ချိတ်ဆွဲဘို့
နေမင်းရဲ့ လေးညှို့တင်သံမှာ
ငှက်ကျေးတို့ ရင်ခတ်ဂီတနဲ့
သဘာဝတရားရဲ့ အမှန်အမှားတေးကို သီကြူးရင်း

တစ်ချို့ ဦးညွှတ်ကြ
တစ်ချို့ နိုးထကြ
တစ်ချို့ မသိချင်ယောင်ဆောင်လိုက်ကြ ။

ငွေကြေးနဲ့ အလဲထပ်ရိုက်လိုက်တဲ့ဂုဏ်သိက္ခာ
သကာလောင်း နှုတ်ခမ်းပါးပါးတွေ
ပုံမှန်ထက်ပိုတဲ့ ဟန်ဆောင်မှုမျက်နှာဖုံး
မာန်မာန အိတ်တစ်လုံးဆွဲ
တပ်မက်ခြင်း ဘယက်ကိုယ်စီနဲ့
အရောင်လွင့် ရိုးသားမှုတွေကြား
ပုထုဇဉ်တွေ ခရီးသွားနေကြ ။

လူယောင်ဆောင် ဘီလူး
သိုးယောင်ဆောင် ၀ံပုလွေ
ကျီးယောင်ဆောင် ဒေါင်းနဲ့
လက်ခမောင်းခတ်ကြွေးကြော်တဲ့ ကျင့်ဝတ်တွေကြား
သမင်တစ်ကောင် နာခဲ့တဲ့တရားဟာလည်း
အတ္တမြဲ ၀ါဒီတွေအလယ်မှာ
ပေါင်မုန့်တစ်လုံး ၀ိုင်တစ်ခွက်ထက်ပိုလို့
အဖိုးမတန်ခဲ့ ။

အရောင်ပြောင်း သီအိုရီဟာ
ပုတ်သင်ညို အတွက်သာမဟုတ်ခဲ့ ။

မာယာပြည့် ကောင်းကင်ထက်
ကြယ်စင်တို့ ဥပဒေသဟာလည်း
ညကို လိုက်လို့ ပြောင်းလဲတတ်ခဲ့ ။

လမင်းရဲ့ စွန့်ပစ်ခံကုမုဒြာရဲ့ဇီဝ
အနိစ္စလမ်းဆုံမှာ ကြဲချရင်း
ရိက္ခာအတွက် ထုပ်ပိုးခြင်းမှာ
ဝမ်းနည်းမှု ရာသီစာတွေကြီးစိုးခဲ့ ။

တကယ်တော့ တိမ်တွေမညို့ခဲ့ပါဘူး
ဘ၀ကိုက မိုးချုပ်သွားခဲ့တာ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.xanga.com မှ ကူးယူဖော်ပြပါသည်။

13 comments:

Anonymous said...

ဆည်းဆာအလွန်မှာ....
ကြူးတဲ့သံစဉ် မှန်ချင်မှန် မှားချင်မှား
တရားတစ်ခုခုတော့ ထားခဲ့မှာပါ..။

စစ်မှန်တဲ့ တရားလား
ဟန်ဆောင်ခြင်း တရားလား
မာန်တွေနဲ့ မာနတရားလား
တပ်မက်မှု တရားလား
ရိုးသားခြင်း တရားလား
ရင်နဲ့ရင်းတဲ့ ချစ်ခြင်းတရားလား..။

အယောင်ဆောင်အချိန်တွေနဲ့
လမ်းသလားနေကျ လောကရဲ့
နေအဝင်မှာ ဘယ်လိုဝါဒီသမားတွေ
မြူးပျော်ကျက်စားတတ်ပါလဲ...!!

အဖိုးတန်မတန်ဆိုတာ
ဆုံးဖြတ်သူရဲ့ ငြိတွယ်မှုအာရုံမှာ
အများကြီး ခိုနားနေတတ်တာမျိုးပါ..။

ဘယ်လိုဘဲဖြစ်ဖြစ်
အရောင်ပြောင်းသီအိုရီဟာ
အရာအတော်များများနဲ့ တိုက်ဆိုင်လို့
ခေါင်းခါခွင့် မရှိတာအမှန်.....။

ကောင်းကင်ဟာ မာယာပြည့်သလို
ကြယ်စင်ဟာလည်း ကလူတူတူ မြူတူတူ
ညဟာ ကောင်းကင်နဲ့ ကြယ်စင်ရဲ့
စိတ်တိမ်းညွတ်မှုကို ဖန်တီးသူ တရားခံ...

သနားစရာ ကုမုဒြာဟာ
ဖတ်တတ်မယ်ဆို ကဗျာတစ်ပုဒ်
ဆိုတတ်မယ်ဆို သံစဉ်ပျို
ကတတ်မယ်ဆို စည်းနဲ့ဝါး
ရီဝေမယ်ဆို ဝိုင်ချိုချိုပေါ့...။

တကယ်တော့ မညို့တဲ့ တိမ်တွေ
နေမပြိုခင် ခေါင်းများညိမ့်သွားခဲ့လေလား..!!

ခင်မင်တဲ့...

အိုင်လွယ်ပန် said...

ကဗျာတွေ ကောင်းတယ်ဗျာ ....

Anonymous said...

ဘ၀ဆန်လာတဲ့ ကဗျာတွေဟာ..
လေးလေးနစ်နစ်ခံစားစေနိုင်တာပေါ့...

""လူယောင်ဆောင် ဘီလူး
သိုးယောင်ဆောင် ၀ံပုလွေ
ကျီးယောင်ဆောင် ဒေါင်းနဲ့
လက်ခမောင်းခတ်ကြွေးကြော်တဲ့ ကျင့်ဝတ်တွေကြား
သမင်တစ်ကောင် နာခဲ့တဲ့တရားဟာလည်း
အတ္တမြဲ ၀ါဒီတွေအလယ်မှာ
ပေါင်မုန့်တစ်လုံး ၀ိုင်တစ်ခွက်ထက်ပိုလို့
အဖိုးမတန်ခဲ့ ။""

ဟုတ်တယ်.
ပေါက်မုန့်အတွက်ကမ္ဘာပျက်နေကြသူတွေရှိနေသလို
ပေါက်မုန့်မရှိရင်ကိတ်မုန့်စားဆိုတဲ့
မာရီအင်တွိုင်းနက်တွေလဲ၇ှိနေဆဲပဲ...

ဂုဏ်သိက္ခာဆိုတာ...အစာအိမ်ရဲ့ အပိုပစ္စည်းပေါ့..
အူအတက်လို အလိုမရှိရင်ဖြတ်ထုတ်လို့ရတယ်လေ...။

Anonymous said...

ကဗျာတွေ ပိုပိုကောင်းလာပီညီရေ... ရေးချက်တွေ လန်ထွက်နေပီ...
လူပဲလန်ထွက်ဖို့ကျန်တော့တယ်...
တကယ်တကယ်..

Anonymous said...

ကဲ.. ကိုဖိုးမောင်ကတော့ လူပဲ လန်ထွက်ဖို့ လိုတော့တယ်လို့ ပြောသွားပြီ ကဗျာဆရာရေ...လန်ထွက်အောင် ကြိုးစားလိုက်ဦးနော် လူပါ :P
နေမကောင်းမှ လက်တွေက ပိုသွက်လာသလိုပဲ...
စိတ်ပေါက်ပေါက်နဲ့ ရင်ထဲရှိတာတွေ ပုံးဖာမှောက်ဆင် လုပ်နေပြီထင်တယ် :)

minn thuka said...

ညီလေး မှန်ရှေ့က ထွက် ပြုတင်းပေါက်ဖွင့် ပြီးလောကကြီးကို အဲဒီလို ကြည့်တတ်လာတာ
လောကကြီးကို မြင်ရတယ်လေ
ဂုဏ်ယူစွာနဲ့ ကြိုဆိုလိုက်တယ်
နေမကောင်းလို့ မမန့်နိုင်တာ နားလည်ပေးပါ

Anonymous said...

ကောင်းလိုက်တဲ့ကဗျာ.. ဦးတိမ်။

emayarKhin said...

အကိုရေ..ရင်ဘတ်ထဲကလွတ်ကျ
လာတယ်မဟုတ်လား...စကားလုံးတွေတော်တော်လှတယ်
တကယ်တော့တိမ်တွေမညို့ခဲ့ပါဘူး
ဘဝကိုကမိုးချုပ်သွားခဲ့တာ............

ရွှန်းမီ said...

ကဗျာဖတ်ရင်း တရားသဘောတွေ ဆင်ခြင်မိပါတယ်..

ညီအကိုများ said...

ဆရာရေ ကဗျာတွေလန်းလာတယ်ဗျာ..
လန်းပြီးရင်းလန်းနေအောင် ခံစားချက်တွေကို ချက်ပြုတ်နိုင်ပါစေ
ကိုယ့်ဆရာ..

ခင်မင်လေးစားလျက်
မိုးကြယ်

Unknown said...

အံ အံနိုင်လွန်းတယ် ဒီကဗျာတွေ...။

Anonymous said...

(((ကိုဖိုးမောင်)))
ကဗျာလေးဖတ်ပြီး ခံစားလို့ ကောင်းတုန်းရှိသေး သူ့ကွန့်မန့်ဖတ်မိမှ.. ဖီးလ်ပျက်သွားတယ်။ အမြင့်.. သူပြောသလို လူတော့မလန်စေနဲ့ဟဲ့ သိလားဟဲ့..သိလား.. :D

ကျုပ်တော့ လောလောဆယ် မိုးချုပ်နေတဲ့ ဘ၀တွေထဲ ကန့်လန့်ကြီးမျောနေရတယ် ကဗျာဆရာရေ... သူ့ကဗျာတွေ လာဖတ်တိုင်း တချက်မဟုတ် တချက်တော့ ထိသွားတာချည်းပဲ။ လွန်တယ်.. ကောင်းချက်...

ဆောင်းယွန်းလ said...

တပိုဒ်ချင်းကို သေသေချာချာဖတ်ပြီး တွေးခေါ်ခံစားသွားပါတယ် ညီလေးရေ့

Template by - Abdul Munir